လတ်တလော ညစာစားချိန်က ခါတိုင်းနှင့်မတူပဲ အနည်းငယ် အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ် ရှိနေတတ်သည်။ အကြောင်းအရင်းမှာတော့ သိသာစွာပင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲနီးလာ၍ ကျောင်းသားများ၏ အာရုံပေါင်းစုံက စာအုပ်များပေါ်တွင် ရှိနေ၍ဖြစ်သည်။တစ်နှစ်ပတ်လုံး စာလုံးလုံး မလုပ်ခဲ့သည့် ဖုန်းအိုက်သည်ပင် သမိုင်းဖတ်စာအုပ်အား ထမင်းစား စားပွဲရှည်ပေါ်တွင် တင်လျက် သည်းကြီးမည်းကြီး ဖတ်နေလေ၏။
မက်သျူးနှင့် ချွမ်ရွေ့ကား ထမင်းစားရင်း စာမကြည့်တတ်သည်မို့ အေးချမ်းနေသော ထမင်းစားခန်းအခြေအနေကို မရင်းနှီးစွာဖြင့် စားစရာရှိတာကိုသာ စားနေကြသည််။ ချွမ်ရွေ့နှင့် သိတာ အချိန်ကြာလာလေ၊ ချွမ်ရွေ့ အစားဘယ်လောက်နည်းမှန်း သိလာရလေဖြစ်သည်။
မက်သျူး၏ ထမင်းဗန်းနှင့်မတူပဲ ဘာမှမပါသလောက် ဖြစ်နေသည့် ချွမ်ရွေ့၏ဗန်းထဲမှ တစ်နေရာတွင် အမဲသားကြော်ဖတ်များက ရှိနေသည်။ မက်သျူးသည် ထိုထဲမှ အမဲသားတစ်ဖတ်အား အသားတကျပင် ကောက်ယူစားလိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ ချွမ်ရွေ့ ယူလာပေးတတ်သည့် အသားဟင်းများကို ယူစားလိုက်ရခြင်းအား မက်သျူး စနိုးစနောင့် မဖြစ်တော့ပါပေ။
ညစာစားပြီးလျှင် စာခဏလုပ်ဦးမည်ဟု တွေးထား၍ မက်သျူး ညစာကို ခပ်မြန်မြန်စားနေသည်။ ဗန်းထဲမှ ထမင်းနှင့်ဟင်းများက ကုန်ခါနီးနီးတော့ ဖြစ်နေလေပြီ။
(ညောင်)
ရုတ်တရက် ထွက်ပေါ်လာသော ကြောင်သံက ထမင်းလုတ်အား ပါးစပ်ထဲ ထည့်ဖို့ပြင်နေသည့် မက်သျူးကို ဟန့်တားလိုက်သည်။ မက်သျူးသည် ကြောင်သံပေါ်ထွက်လာရာ ဘက်သို့ ထမင်းလုတ်ကြောင့် ပါးဖောင်းဖောင်းဖြစ်နေရင်းက လှည့်ကြည့်လိုက်သည်။ ဂယူးလ်သည် သူ့အား မြင်တိုင်းလိုလို အစာကျွေးတတ်သည့် မက်သျူးကို သခင်အဖြစ် မြင်နေပုံရသည်။
'ဂယူးလ်..ဒီမှာ ဘာလုပ်နေတာလဲ'
ထိုင်ခုံမှထပြီး ခပ်နီးနီးတွင် ကြောင်တောင်တောင်လေး ထိုင်နေသည့် ဂယူးလ်အား သွားပွေ့မလိုက်သည်။ ဂယူးလ်၏ နူးညံ့သော အမွှေးများက မက်သျူးအား စိတ်ကြည်လင်သွားစေသည်။ မက်သျူးသည် ဂယူးလ်အား ရင်ခွင်ထဲပိုက်ကာ ထမင်းစား ထိုင်ခုံဆီသို့ ပြန်သွားထိုင်လိုက်၏။
YOU ARE READING
A Thousand Strawberry Secrets
Fanfictionplease gently press the strawberry button to see my heart.