five

513 75 7
                                    

လပတ်စာမေးပွဲအပြီးမှ အဆောင်ပြန်ညနေခင်းသည် ကျောင်းသားများအား ငှက်မွှေးလေးများကဲ့သို့ လေပြည်အဟုန်တွင် ပင့်သယ်သွားတော့မယောင်ထင်ရသည်။ လပတ်စာမေးပွဲများပြီးတိုင်း ကျရောက်လာမည့် အပြင်ထွက်ခွင့်အတွက် သူတို့အားလုံး စိတ်လှုပ်ရှားနေကြပြီဖြစ်၏။

အပြန်လမ်းမှ ဆည်းဆာဖျော့ဖျော့က မြေပြင်ပေါ်သို့ အားငယ်စွာသက်ဆင်းနေခဲ့၏။ မက်သျူးသည် လက်နှစ်ဖက်အား ဘောင်းဘီအိတ်ကပ်ထဲထည့်ရင်း စိတ်ပေါ့ပါးစွာပင် လမ်းကိုဖြည်းဖြည်းလျှောက်နေမိသည်။ နေခြည်ဖြာကျနေသော မက်သျူး၏ဆံစနက်နက်များက အညိုရောင်သမ်းချင်နေသကဲ့သို့ထင်ရ၏။

'ချွမ်ရွေ့..စာမေးပွဲဖြေနိုင်တယ်မလား။ မင်းက ငါတို့ကိုတောင်မစောင့်ဘူး'

အနောက်ဘက်မှ အင်မတန့် အင်မတန်ကို ရင်းနှီးကျွမ်းဝင်နေပြီးသား ဖုန်းအိုက်၏အသံကျယ်ကျယ်ကထွက်ပေါ်လာသည်။ ပြီးခဲ့သည့်အပတ်များကထက် ပိုရင်းနှီးလာခဲ့သော သူတို့အဆောင်အခန်းဖော်များ၏ဆက်ဆံရေးက အနည်းငယ်တော့ဖြင့် တင်းမာမှုများ အရည်စတင်ပျော်လာခဲ့သည်။ မက်သျူး အသံကိုကြားလိုက်သော်လည်း တကူးတက လှည့်မကြည့်လိုက်ပေ။ သို့ဖြင့် တော်ရုံ စကားကို တိုးတိုးအေးအေးသာပြောတတ်သည့် ချွမ်ရွေ့တစ်ယောက် ဖုန်းအိုက်၏ စာမေးပွဲဖြေနိုင်လား ဆိုသည့် မေးခွန်းအား မည်သို့ပြန်ဖြေလိုက်သည်လဲ သူ မသိရ။ သို့သော် သူခန့်မှန်းမိသလောက်ကတော့ အင်း ဟူသည့် အဖြေပင်ဖြစ်ရပေမည်။

'ပဲကိုများတယ် ရှီးမာရှိုး'

မက်သျူး၏လက်မောင်းအား ဆတ်ခနဲ ထိုးသွားပြီး ခုန်ပေါက်ပြေးသွားသော ဖုန်းအိုက်နှင့် သူ့နောက်ပြေးမလိုက်ခင် စပ်ကြားလေးတွင် ရအောင်ပြုံးပြသွားသေးသည့် ဟွမ်ဟောက်တို့အားကြည့်ရင်း မက်သျူး အောက်နှုတ်ခမ်းကိုကိုက်၍ ရန်ထောင်ဟန်ပြလိုက်သည်။ နာရူတိုဇာတ်လမ်းထဲမှ ဇာတ်ကောင်လိုပြေးသွားသည့် ဖုန်းအိုက်တို့က ဆယ်ကျော်သက်များ၏ပကတိအမူအကျင့်အတိုင်း။

မက်သျူး ခေါင်းကိုဖြည်းဖြည်းခါကာ ခုနကအရှိန်အတိုင်း လမ်းကိုပြန်လျှောက်နေလိုက်သည်။ ချွမ်ရွေ့သည် သူများအနောက်ရောက်နေရသည်ကိုပဲ စိတ်သက်သာရာရ၍လားမပြောတတ်။ အတန်းထဲထိုင်လျှင်လည်းနောက်ဆုံး၊ လမ်းလျှောက်ရင်လည်း နောက်ကောက်အကျဆုံးဖြစ်၏။ မက်သျူးကဲ့သို့ လမ်းလျှောက်ရင်း ဘေးဘီဝဲယာသို့ အာရုံမရှိပဲ နှေးကွေးစွာပင် လျှောက်တတ်သည့် ချွမ်ရွေ့၏ပုံစံက တစ်ခါတစ်ရံတော့ လိပ်သားပေါက်ကလေးတစ်ကောင်သဖွယ်။

a thousand strawberry secretsWhere stories live. Discover now