ပျင်းရိငြီးငွေ့စရာကောင်းသည့် ကျောင်းတက်ရက် နောက်တစ်ရက်က ကုန်ဆုံးခဲ့ပြန်လေပြီ။ ဒီညနေတွင်တော့ မနေ့ကကဲ့သို့ မိုးရွာမနေပါပေ။ သန့်ရှင်းရေးတာဝန်လည်းမရှိသည်မို့ မက်သျူး၏စိတ်များက ခန္တာကိုယ်နှင့်အတူ ပေါ့ပါးနေသည်။ စားပွဲပေါ်ရှိစာအုပ်များအား လွယ်အိတ်ထဲ စီရီကာထည့်ပြီး အခန်းထဲမှထွက်တော့ တော်တော်များများပင် အပြင်သို့ရောက်နေကြလေပြီ။
မက်သျူးသည် အခန်းထဲမှ သွက်လက်စွာဖြင့်ထွက်လာခဲ့ပြီး ကျောင်းလှေကားထစ်များကိုဆင်းရန် ခြေထောက်များအသင့်ပြင်နေခဲ့၏။ သူက နည်းနည်းလေးနောက်ကျပြီးမှ အခန်းထဲကထွက်လာခဲ့တာဖြစ်၍ ကျောင်းသားများ မျက်စိရှုပ်လောက်အောင်ရှိမနေခဲ့ပါပေ။ အခန်း ၂ ကိုဖြတ်ကျော်ပြီးနောက်တွင် အရှေ့တည့်တည့်သို့ ကြည့်နေသည့် မက်သျူး၏မျက်ဝန်းအိမ်ထဲသို့ ထင်ရှားနေသည့် တစ်စုံတစ်ဦးက လာရောက်နေရာယူလေ၏။
ကျောင်းသားသစ်သည် အရပ်အတော်ရှည်သည်မို့ လူကြားထဲထင်းနေသည်။ ထို့အပြင် သူ့ရုပ်ရည်ကလည်း အခြားကျောင်းသားများထက် အများကြီးပိုပြီးတော့ကို ချောမောလွန်းနေသည်လေ။ ကျောင်းသားသစ်က သူ့ကို ကျိန်းသေပေါက်မြင်ပေလိမ့်မည်။ ခပ်ဝေးဝေးမှ လှမ်းကြည့်ရုံနှင့်တင် သူ့အကြည့်များက မက်သျူးရှိရာဆီသို့ ဖျတ်ခနဲ တစ်ချက်ရောက်လာခဲ့သည်ကို သူ တွေ့လိုက်ရ၏။
ကျောင်းသားသစ်က အခန်း ၃ တွင် နေရာကျပုံရ၏။ မက်သျူးကား ကျွန်းလှေကားထစ်များကို တစ်ဆင့်ပြီးတစ်ဆင့် ခပ်သုတ်သုတ်နှင့်ဆင်းလာခဲ့ကာ များပြားလွန်းမနေသော ကျောင်းသားများအား ကွေ့ဝိုက်ပြီး ရှောင်ဖယ်လာခဲ့သည်။ သူ အဆောင်သို့ မြန်မြန်ပြန်ရောက်ပြီး နားချင်နေပြီဖြစ်၏။ စီးထားသောရှူးဖိနပ်မှကြိုးက ပြေလျော့လျော့ဖြစ်ချင်နေသည်ကိုပင် သူ ထိုင်ပြီးချည်မနေတော့ပေ။
'ရဲဘော်'
အသံနှင့်အတူ လေးလံသည့်လက်မောင်းတစ်ဖက်က မက်သျူး၏ပခုံးထက်သို့ ရောက်လာခဲ့သည်။ မက်သျူးသည် အရှေ့သို့အနည်းငယ်ယိုင်သွားကာ ဖုန်းအိုက်အား မျက်မှောက်ကြုတ်လျက် ကြည့်လိုက်သည်။ ဖုန်းအိုက်သည် မက်သျူးအား သွားတန်းများပေါ်အောင်ပြုံးပြလို့နေခဲ့၏။
YOU ARE READING
a thousand strawberry secrets
Fanfictionplease gently press the strawberry button to see my heart.