four

422 71 8
                                    

ကျောင်းသားသစ် ရှန်ချွမ်ရွေ့သည် အဆောင်သို့ပြောင်းလာပြီး ရက်သတ္တပတ် နှစ်ပတ်စွန်းစွန်းတွင်တော့ အဆောင်နှင့်နေသားကျလာဟန်တူသည်။ ဖုန်းအိုက်တို့စတိုင်းလည်း ဘုဘုဘောက်ဘောက်ပြန်မပြောတော့သလို အစတုန်းကကဲ့သို့ စကားနည်းသည်ထက်ပို၍နည်းအောင်ပြောခြင်းမျိုးကိုလည်း မပြုမူတော့ပါပေ။ သို့သော် လိုတာထက်ပိုပြီး၊ မေးတာထက်ပိုပြီးမပြောတတ်သည်ကတော့ အရင်အတိုင်းသာဖြစ်ပါ၏။

ရူပဗေဒအခန်း(၆)အား အကြောင်းပြု၍ အတည်တကျစကားပြောဖြစ်သွားသော မက်သျူးတို့၏ဆက်ဆံရေးကတော့ တိုးတက်သည်လည်းမဟုတ်၊ ပိုပြီးဝေးကွာသွားသည်လည်းမဟုတ်ပေ။ မက်သျူးကိုယ်တိုင်သည်လည်း အနေအေးပြီး စကားနည်းသူဖြစ်သည်ကြောင့် သူတို့ကြားတွင် ပြောစရာအကြောင်းအရာက ကျောင်းစာကလွဲပြီးမရှိ၍ ထိုအကြောင်းနှင့်ဆက်စပ်မှသာ စကားပြောကြ၏။

မက်သျူးတို့နှစ်ဦး၏မနက်ခင်းတိုင်းက ဖုန်းအိုက်နှင့်ဟွမ်ဟောက်တို့၏ဆူညံပွက်လောရိုက်သံများနှင့် နိုးထလာရတာဖြစ်ပြီး ညတာသည်လည်း ထိုအသံများကို စိတ်ရှည်သည်းခံတန်သည်းခံ၊ သည်းမခံချင်တော့သည့်အခါ ဝင်ငေါက်ရင်း ကုန်ဆုံးရတာဖြစ်လေသည်။ ဖုန်းအိုက်တို့နှစ်ယောက်ကတော့ မက်သျူးတို့အား လူ့ဂွစာအမြွှာများဟု ရွှတ်နောက်နောက်စလေ့ရှိသည်။

ကျောင်းတက်ရက်များက ပုံမှန်အတိုင်း လည်ပတ်နေသလို အဆောင်နေကျောင်းသားများ၏ဘဝကလည်း ပုံမှန်အတိုင်း ထူးမခြားနားပါပေ။ လပတ်စာမေးပွဲနီးလာပြီဖြစ်၍ သူတို့အားလုံး ပုံမှန်ထက်စာလျှင် နည်းနည်းလေးခြေငြိမ်နေကြတာတော့ရှိသည်။ မက်သျူးတို့၏အခန်းထဲသို့လာ၍ မက်သျူးထံမှ မှတ်စုစာအုပ်ကို ငှါးရမ်းကူးသူများကလည်း တစ်နေ့ တစ်နေ့ မကုန်နိုင် မဆုံးနိုင်။ မက်သျူး နေ့လယ်စာစားချိန်ကပင် စုန့်လန်က မက်သျူးဆီမှ သင်္ချာမှတ်စုများအား ကူးပါရစေဟု လာတောင်းဆို၍ မှတ်စုစာအုပ်ငှါးပေးလိုက်ရသေးသည်။

သမိုင်းဆရာ၏ပျင်းစရာ ကမ္ဘာ့သမိုင်းသင်ခန်းစာများအပြီးတွင် တစ်နေ့တာ၏အတန်းတက်ခြင်းကဏ္ဍကပြီးဆုံးခဲ့လေပြီ။ မက်သျူးသည် အဆောင်သို့မြန်မြန်ပြန်၍ စာလုပ်ရန် စိတ်လောနေမိသည်။ ဘေးလွယ်အိတ်ထဲ စာအုပ်များကိုပင် ခါတိုင်းလို စီစီရီရီမထည့်ဖြစ်ပေ။

A Thousand Strawberry SecretsWhere stories live. Discover now