three

443 71 3
                                    

'ချွမ်ရွေ့..ဗိုက်အောင့်သက်သာရဲ့လား'

အမှိုက်ထုပ်ပစ်ပြီးပြန်လာသော ကျောင်းသားသစ်အား ဖုန်းအိုက်က မုန့်ထုပ်ကိုကိုင်ရင်း မေးလိုက်သည်။ ယနေ့မနက် ဖုန်းအိုက် အိပ်ရာထနောက်ကျ၍ သူနိုးသည့်အချိန်တွင် အဆောင်သန့်ရှင်းရေးက စတင်နေခဲ့ပြီဖြစ်သည်။ ပုံမှန်ဆိုလျှင် သန့်ရှင်းရေးနေ့ အိပ်ရာစောစောမထသူများအား နားရွက်ဆွဲ၍ နှိုးလေ့ရှိသော်လည်း ယနေ့ မက်သျူး ဖုန်းအိုက်အား အကြောင်းအရင်းမရှိပဲ အမြင်ကြည်နေ၏။ ဟွမ်ဟောက်ကပင် မက်သျူးက ဖုန်းအိုက်ဆက်အိပ်ပါစေဟု ပြောသည့်အခါ အံ့ဩခြင်းကြီးစွာဖြင့် မျက်လုံးများပြူးကျယ်သွားသေးသည်။

'အင်း'

အသက်မပါသည့်အသံပင်ဖြစ်သော်ငြား အဆောင်သို့စရောက်သည့်ရက်ကတည်းက ကျောင်းသားသစ်၏နည်းပါးသောစကားများထဲတွင် ဤစကားကတော့ဖြင့် စိတ်ပါလက်ပါသံ နည်းနည်းပါသည်။ မက်သျူးသည် စာကြည့်စားပွဲအနောက်ဘက်မှအမှိုက်စများအား ဂေါ်ပြားထဲသို့ လှည်းကျင်းထုတ်လိုက်သည်။

'ရဲဘော်တို့။ အဆောင်မှူးလာနေပြီ'

ဘေးအခန်းမှ ကျောင်းသားတစ်ဦးသည် လှစ်ခနဲ ပြောသွားပြီးနောက် ချက်ချင်းပျောက်သွားလေတော့၏။ ထိုခါကျမှ ဖုန်းအိုက်သည် မုန့်ထုတ်အား ဇစ်ပွင့်နေသောကျောပိုးအိတ်ထဲသို့ထည့်ကာ ဇစ်ကိုမြန်မြန်ပိတ်လိုက်သည်။ ပြီးသည်နှင့် အဆောင်မှူးရှေ့ ဟန်ပြလုပ်ရန် ဖိနပ်စင်ရှေ့သွားထိုင်ကာ ဖိနပ်စင်ဘေးမှချိတ်ပုလေးတွင် ချိတ်ထားသော အဝတ်စကိုယူကာ ဖိနပ်များကို တိုက်ချွတ်နေတော့၏။

မက်သျူးကား စာကြည့်စားပွဲကို နံရံတွင်ပြန်ကပ်ပြီး လှည်းပြီးသားကြမ်းပြင်ကို တံမြက်စည်းဖြင့် နောက်ထပ်လှည်းနေလိုက်သည်။ ဟွမ်ဟောက်မှာတော့ ယောင်လည်လည်ဖြင့် ခေါက်ပြီးသားစောင်များအား ပြန်ဖြေကာ ပြန်ခေါက်နေလေ၏။ ကျောင်းသားသစ်သည်သာ ကုတင်ပေါ်တွင် ငုတ်တုတ်ကြီးထိုင်၍ မက်သျူးတို့သုံးယောက်ကို မျက်နှာသေဖြင့်ကြည့်နေတာဖြစ်သည်။

'ချွမ်ရွေ့..ဘာလုပ်နေတာလဲ။ တစ်ခုခုလုပ်နေယောင်ဆောင်ထားလေ။ အဆောင်မှူးခေါက်တာခံချင်လို့လား'

a thousand strawberry secretsWhere stories live. Discover now