'ရော့'
ညစာကြည့်ချိန်ပြီး၍ အလင်းရောင်မှိန်မှိန်အောက် အဆောင်ပြန်ဖို့ ခြေမြန်နေချိန် ချွမ်ရွေ့အသံကြောင့် မက်သျူး ရပ်တန့်လိုက်သည်။ ထို့နောက် သူ့ထက် အနည်းငယ် အနောက်ရောက်နေသည့် ချွမ်ရွေ့အား လှည့်ကြည့်လိုက်သည့်အခါ ချွမ်ရွေ့၏လက်ထဲမှ စက္ကူအိတ်သေးသေးလေးက သူ့ကို အရင် ဆီးကြိုလာ၏။
မက်သျူး ရုတ်တရက် နားမလည်စွာ ချွမ်ရွေ့အား မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။ မီးရောင်ကြောင့် အရောင်ပြန်နေလောက်မည့် စာကြည့်မျက်မှန်အောက်မှ မက်သျူး၏ မျက်ဝန်းများကို ချွမ်ရွေ့ ဖတ်တတ်ပါ့မလား မသေချာ။
'ဒီနေ့က မင်းမွေးနေ့လေ။ အဲ့တာကြောင့် လက်ဆောင်'
စာမေးပွဲနားနီးလာ၍ ပြီးခဲ့သည့် တစ်ပတ်က ကျရောက်လာခဲ့သည့် ချွမ်ရွေ့၏မွေးနေ့ကိုရော၊ ယနေ့ မက်သျူး၏မွေးနေ့ကိုရော ကောင်းမွန်စွာ ကျင်းပဖို့ အာရုံပင် မရှိကြပါပေ။ အဆောင်နေကျောင်းသားများအဖို့ တကူးတက မွေးနေ့လက်ဆောင် ဘာညာလည်း အပြင်ထွက်ပြီး ဝယ်မပေးနိုင်သည်မို့ ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ ဆိုသည့် ဆုတောင်းစကားနှင့်တင် ပြီးဆုံးခဲ့ရသည်။
ချွမ်ရွေ့မွေးနေ့တုန်းကတော့ မက်သျူး ချွမ်ရွေ့အား ပိန်းဥပေါင်မုန့်ထုပ် နှစ်ထုပ်တိတိကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့ပါသေးသည်။ သို့သော် ထိုသည်မှာ မဖြစ်ပလောက်သည့် လက်ဆောင်လောက်သာဖြစ်၍ ယခု ချွမ်ရွေ့မှ အိတ်လှလှလေးနှင့် သူ့အား မွေးနေ့လက်ဆောင်ပါဟု ထိုးပေးလာခဲ့သည့်အခါ သူ ဝန်ထုပ်ဝန်ပိုးဖြစ်ကာ အားနာ တုံ့ဆိုင်းနေမိသည်။
'မယူဘူးလား'
ချွမ်ရွေ့က စိတ်မရှည်တော့သည့်ဟန် ပြောလာခဲ့သည်။ ထို့နောက် ဆက်လက် တုံ့ဆိုင်းနေသော မက်သျူး၏ လက်များကို လှမ်းကိုင်၍ အိတ်အား ထည့်ပေးလိုက်သည်။
'ဘာစိတ်ကူးပေါက်လို့ လက်ဆောင်ပေးနေရတာလဲ။ အဲ့လိုတွေ မလိုပါဘူး'
အမှန်တော့ သူ ချွမ်ရွေ့အား အားနာနေမိခြင်းဖြစ်သည်။ ချွမ်ရွေ့၏ မွေးနေ့တွင် သူသည်လည်း လက်ဆောင် ကောင်းကောင်းလေး မပေးမိခဲ့ခြင်းအတွက် ယူကြုံးမရ ဖြစ်လာမိ၏။
YOU ARE READING
a thousand strawberry secrets
Fanfictionplease gently press the strawberry button to see my heart.