အိပ်ချင်မူးတူးဖြစ်နေသည့် ဦးနှောက်နှင့် ဆန့်ကျင်စွာ မက်သျူး၏ နားရွက်ဖျားများက ယားကျိကျိ ဖြစ်နေသည်။ အလုံးစုံ မပွင့်သေးသော သူ့မျက်လုံးများ၏ ဝေဝါးဝါး အမြင်အာရုံထဲတွင် ခပ်ရေးရေး ပေါ်နေသည်က ချွမ်ရွေ့၏ ရင်ဘတ်ပင် ဖြစ်သည်။ ထို့အပြင် ချွမ်ရွေ့ထံမှ ယခု လတ်တလော မကြာခဏ အနံ့ရလေ့ရှိသည့် သစ်ရွက်စိမ်း ရေမွှေးနံ့ကိုလည်း သူ နီးနီးကပ်ကပ် ရှူရှိုက်လို့ရနေ၏။
'အခု ဘယ်နှနာရီရှိနေပြီလဲ သိရဲ့လား'
ချွမ်ရွေ့၏ အသံက မက်သျူး၏နားစည်ထဲ တိုးညင်းစွာ တုန်ခါသွားသည်။ သို့သော် သူ့အာရုံအလုံးစုံကို အပြည့်အဝ လှုပ်နှိုးနိုင်လောက်သည့်အထိတော့ အင်အားမပြင်းခဲ့ပါပေ။
'နည်းနည်း ထပ်အိပ်လိုက်ဦးမယ်'
မက်သျူးသည် ထူထဲသော အဖြူရောင်စောင်အား ခေါင်းအထိရောက်အောင် ဆွဲတင်လိုက်ရင်း ဆယ့်ငါးမိနစ်စာဖြစ်ဖြစ် ထပ်ပြီး အိပ်ရဖို့ ချွမ်ရွေ့ကို ပြောလိုက်သည်။ သို့သော် ယနေ့မနက်မှ ခါတိုင်းထက် တက်ကြွနေပုံပေါ်သော ချွမ်ရွေ့၏လက်များက ထိုစောင်ထူထူအား ဆွဲဖယ်လိုက်၏။
'ဖုန်းအိုက်တို့တောင် ထနေကြပြီ။ မင်းပဲ ကျန်တော့တာ။ နေအရမ်းမပူခင် လျှောက်လည်ထားမှ။ မဟုတ်ရင် ဒီအပူချိန်နဲ့ ဟိုတယ်မှာပဲ အောင်းနေရလိမ့်မယ်'
မက်သျူးသည် အိပ်ချင်မူးတူး လက်များမှ ဖျော့တော့တော့ အားအင်နှင့် ချွမ်ရွေ့ကို လွန်ဆန်ဖို့ မဖြစ်နိုင်ပါပေ။ သို့နှင့် မဖွင့်ချင် ဖွင့်ချင် မျက်လုံးများအား ဖွင့်ပြီး ချွမ်ရွေ့ကို မျက်မှောင်ကုတ်လျက် ကြည့်လိုက်သည်။ ချွမ်ရွေ့မျက်နှာက မက်သျူး စိတ်အခြေအနေနှင့်တော့ ဆန့်ကျင်ဘက်ပင် ဖြစ်၏။ ထိုင်းနိုင်ငံထွက် သရက်သီးထက်ပင် ပိုပြီး ချိုသော အပြုံးတစ်ပွင့်က မနက်ခင်း၏ အလင်းရောင်ထက်ပင် ပိုတောက်ပမည်ထင်ရသည်။
'ငါ ညက နောက်ကျမှ အိပ်ပျော်ခဲ့တာ။ ခဏလေးပဲ ဆက်အိပ်ပါမယ်ဆို'
'မင်း အခုမထရင် ငါ မင်းကို နမ်းလိုက်တော့မှာနော်'
မျက်လုံးများအား တစ်ဖန်မှိတ်လျက် စောင်အား ပြန်ဆွဲယူ၍ ခြုံမည် ကြံနေတုန်း အနားတိုးကပ်ကာ လာပြောသော ချွမ်ရွေ့ကြောင့် မက်သျူး စိတ်မရှည်စွာ မျက်လုံးပြန်ဖွင့်လိုက်ပြန်သည်။ ချွမ်ရွေ့၏မျက်နှာသည် မက်သျူးနှင့် စင်တီမီတာအကွာအဝေးလောက်သာ ရှိနေသည်ကို ရုတ်တရက် မြင်လိုက်ရသည့်အခါ အိပ်ချင်စိတ်တချို့ကပင် ထွက်ပြေးသွားသယောင်။
YOU ARE READING
a thousand strawberry secrets
Fanfictionplease gently press the strawberry button to see my heart.