နေ့လယ်ခင်း၏အပူချိန်က သုံးဆယ့်ငါးဒီဂရီအောက်တွင် ပူလောင်အိုက်စပ်နေလေသည်။ နေရောင်ခြည်များဖြာကျနေသော လမ်းမတန်းကပင် မျက်စိကျိန်းစက်စရာကောင်းနေ၏။ တစ်ချက်လှုပ်လိုက်တိုင်း ချွေးသီးချွေးပေါက်များ ခါကျတော့မလားထင်မှတ်ရအောင် အိုက်စပ်စပ်ဖြစ်နေသည့် ရာသီဥတုကြောင့် ဖြတ်သန်းသွားလာနေသော လူများအားလုံး၏မျက်နှာများက ရှုံ့တွနေကြသည်။
မက်သျူးသည် လက်ကိုင်ပဝါစဖြင့် နဖူးမှချွေးစက်များကို သုတ်လိုက်ပြီး အရှေ့မှ ဖုန်းအိုက်တို့နှစ်ယောက်ကို ကြည့်လိုက်သည်။ ဖုန်းအိုက်၏အင်္ကျီကျောပြင်တွင် ချွေးကွက်များက အကွက်လိုက်ရှိနေလေ၏။ နေကပူပူ၊ ဗိုက်ကဆာဆာနှင့် သူတို့၏ ခြေလှမ်းများက ခပ်သွက်သွက်ရှိနေသည်။
နေ့လယ်စာတစ်ခေါက်စားဖို့အရေး ဂျေဆင်ညွှန်းပေးလိုက်သည်ဆိုသည့် ခေါက်ဆွဲဆိုင်ကို ဖုန်းအိုက်အဆွယ်ကောင်း၍ လိုက်လာခဲ့သော်ငြား ယခုတော့ဖြင့် နောင်တပင်ရချင်လာလေပြီ။ စျေးဝယ်ကုန်တိုက်ထဲ ရှိနေစဉ်ကတည်းက စားခဲ့ရင်ကောင်းသားဟုသာ တွေးနေမိတော့၏။
မက်သျူးသည် မောလည်းမော၊ အိုက်လည်းအိုက်နှင့် အနောက်မှ ခြေတစ်လှမ်း ကုဋေတစ်သန်းစာကဲ့သို့ နှေးကွေးစွာလျှောက်နေသော ချွမ်ရွေ့ကို လှည့်ကြည့်လိုက်သည်။ လိပ်ထက်ပင် ပိုပြီးနှေးကွေးသယောင်ထင်ရသော ချွမ်ရွေ့၏ခြေထောက်များအား မက်သျူး ရံဖန်ရံခါ စိတ်မရှည်ချင်ပေ။ စက်တစ်ခုခုသာ တပ်ပေးလို့ရလျှင် သူ တပ်ပေးပစ်လိုက်ပြီဖြစ်၏။
'ပူရတဲ့အထဲ ဘာလို့ လမ်းကို လိပ်လိုလျှောက်နေတာလဲ။ မြန်မြန်လာ။ မင်းကိုစောင့်ရတာနဲ့တင် ဒီတစ်နေ့ကုန်တော့မလိုပဲ'
မက်သျူး ခပ်ဆောင့်ဆောင့်အသံဖြင့် လှမ်းပြောလိုက်သည့်အခါ ချွမ်ရွေ့က သက်ပြင်းတစ်ချက်ချသည်။ နေပူပူအောက်တွင်ပင် ချွေးစို့နေပုံမပေါ်သော ချွမ်ရွေ့၏ခန္တာကိုယ်က ဘာအသားနှင့်များ ထုဆစ်ထားသလဲ သူ တွေးမိ၏။ မဖြစ်စလောက်လေပြည်တချို့က အသာလေးတိုက်ခတ်နေသော်ငြား အေးမြစေလောက်သည်အထိတော့ မဟုတ်ပါပေ။
YOU ARE READING
a thousand strawberry secrets
Fanfictionplease gently press the strawberry button to see my heart.