Episode 10 [Unicode/Zawgyi]

921 42 2
                                    

Unicode

စာမေးပွဲပြီး ကျောင်းပြန်တက်ရသည့်နေ့များမှစ၍ လှိုင်းခတ်သံ၏ စားပွဲပေါ်တွင် မုန့်အချို့နှင့် လက်ဆောင်ပစ္စည်းအချို့က နေရာယူလာသည်။ ထမင်းစားကျောင်းဆင်းချိန်တွင်ပင် မုန့်ကို ကိုယ်တိုင်လာပို့သည့် လူများက ရှိလာသည်။ ထမင်းစားနေရင်း ဝင်လာမစဲတသဲသဲမုန့်များကိုကြည့်ကာ မိုးဦးကြွေ ပြောတော့သည်။

"လှိုင်းခတ်သံ နင့်ကိုလေ ဆရာ ဆံပင်မညှပ်ပေးခဲ့သင့်ဘူး"

ရောင်မင်းခန့်ကလည်း ခေါင်းညိတ်ကာပြောသည်။
"ငါလည်း ထောက်ခံတယ်"

စိုင်းကတော့ မုန့်များကို ပျင်းတိပျင်းရွှဲ ကြည့်နေရင်း လှိုင်းခတ်သံကို ပြောလိုက်သည်။

"ဒီလိုပုံစံနဲ့ဆို အနှေးနဲ့အမြန်ပဲ ကိုကြီး ရည်းစားရတော့မယ်နဲ့တူတယ်"

သူ့စကားကြောင့် ရောင်မင်းခန့်က ထမင်းစားနေရင်းနဲ့ပင် သူ့ကို ထူးထူးဆန်းဆန်းကြည့်ကာ ပြောလာသည်။

"ဘာဖြစ်နေတာလဲ ဒီအရွယ်ဆို အကုန်လုံးနီးပါး ရည်းစားနဲ့ပဲကို"

"အာ... ဘာပဲဖြစ်ဖြစ် ဆယ့်ခြောက်နှစ် မပြည့်မချင်း ရည်းစားထားတာ မကောင်းဘူး"

"အေးပါ မင်းအလှည့်ကျမှ ကြည့်ဦးမယ်"

"ကြည့်ပေါ့ ငါက အရွယ်ရောက်မှ ထားမှာ"

"အေးပါ အေးပါ"
ရောင်မင်းခန့်ကလည်း မဲ့ရွဲ့ကာ ပြန်ဖြေသည်။

"ငါလည်း အသက်မပြည့်မချင်း ရည်းစားထားဖို့ အစီအစဉ်မရှိပါဘူး"
လှိုင်းခတ်သံကလည်း ရုတ်တရက်ကြီး ဝင်ပြောလာသည်။

"‌‌တွေ့တယ်နော် ရောင်မင်းခန့် မင်းလိုမဟုတ်ဘူး"

"ငါလည်း ရည်းစားထားနေလို့လား ဒီတိုင်းမျက်စိအစာကျွေးနေတာကို"

"ဘာပဲဖြစ်ဖြစ် ဟိုတစ်ယောက်က ပြန်ကြိုက်ရင် မင်းတွဲမှာပဲ မဟုတ်လား"

"အဲ့ဒါကတော့ အဲ့ဒါပေါ့"

ရောင်မင်းခန့်၏ ပြန်ဖြေပုံကြောင့် စိုင်းက မဲ့ရွဲ့ပြလိုက်သည်။ ရောင်မင်းခန့် ကောင်မလေးတစ်‌ယောက်ကို ကြိုက်နေသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ တစ်ခန်းလုံးနီးပါးပင် သိသည်။ ရောင်မင်းခန့်ကြိုက်နေသည့် ကောင်မလေးကလည်း တစ်ကျောင်းလုံး မသိသူမရှိအောင် စာတော်သည့် လူရည်ချွန်ကျောင်းသူ ဖြစ်သည်။ နာမည်ကတော့ ဝသုန်မိုးဝေ ဆိုလားပင်။ ရောင်မင်းခန့်ထက်တော့ တစ်နှစ်ကြီးသည်။ ရောင်မင်းခန့် ထိုအစ်မကြီးအား လိုက်သည်မှာတော့ ‌တစ်နှစ်ကျော်ပြီဖြစ်သည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now