Unicode
#ဒဏ်ရာရှိသော နေ့စွဲလေး
#အပိုင်း(၉)"မစေ့စပ်ခင်နှစ်ယောက်တည်းခရီးထွက်ချင်တယ်"ဟု သတိုးရဲ့ တောင်းဆိုချက်ကို နှစ်ဘက်မိဘက သဘောတူ ထောက်ခံကြသည်။
အမေကတော့သမီးရှင်မို့ထိန်းထိန်းသိမ်းသိမ်းနေဟု လက်ကြိတ်တိုးမှာရုံမှတပါး သူလည်း စိတ်ချလက်ချ လွှတ်ချင်သည့်ပုံပါ။
ခရီးသွားခါနီး အမေ့ကို ထိုင်ကန်တော့ရင်း တိတ်တိတ်လေးမျက်ရည်ကျမိသေးသည်။မေမေသာ သူ့အကြံအစည်ကို သိခဲ့လျှင်
ဘယ်လောက်ယူကြုံးမရဖြစ်လိမ့်မလဲ…
နင့်လောက်မိုက်တဲ့လူရှိပါအုန်းမလားဆိုပြီး
သူ့ကို ထုရိုက်လိုက်မဲ့ဖြစ်ခြင်း။ဟုတ်ပါတယ်…သူမ မိုက်မဲလွန်းနေတာလည်း ဖြစ်နိုင်ပါသည်။သို့သော်…
ဇော်ရှိတဲ့နေရာက မီးပုံဖြစ်နေရင်လည်း သူမက ပိုးဖလံတစ်ကောင်လို မိုက်မိုက်ကန်းကန်း ခုန်ချချင်မိသည်။ဒါကိုသိရင် ဇော်လည်းပျော်မှာပါလေ…
အကျိုးအကြောင်းကို မျိုးကို ကို စာပေးပြီး
ပြောထားပြီးပြီမို့ ဇော်သိနေလောက်ပြီဖြစ်သည်။"ဘာလို့ ဇော်ကို အဲ့လောက်ချစ်ရတာလဲ"
သတိုးက ကားမောင်းနေရင်း ချယ်ရီကို
တွေတွေငေးငေးလေးကြည့်ကာ မေး၏။
ချယ်ရီ…သူမလက်သူကြွယ်မှာ ဝတ်ဆင်ထားသော လက်စွပ်လေးကို ခပ်ပြုံးပြုံးလေးငုံ့ကြည့်ရင်း…"ဘာကြောင့် အဲ့လောက်ချစ်မိသွားလဲ ငါလည်းသေချာမသိပါဘူး သတိုးရယ်…
သေချာတာတော့ သူရောငါရော တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတယ်…
နှစ်ယောက်လုံးချစ်ရက်နဲ့ ဘာလို့ဝေးရမှာလဲ…နီးစပ်ဖို့ပဲ ကြိုးစားသင့်တာ မဟုတ်ဘူးလား…""အင်း…"
ဘာမှထပ်ပြောစရာ မရှိသည့်အခါ အင်း တစ်လုံးနဲ့ ကြိတ်မှိတ်မျိုချလိုက်ရသည်။
သူမ ပြောတာ မှန်ပါသည်။
တစ်ယောက်ကို တစ်ယောက်ချစ်နေရက်နဲ့
ဘာလို့ဝေးရမှာလဲ…
တစ်ယောက်တည်း တစ်ဖတ်သတ်ချစ်နေတဲ့
အချစ်တွေကသာ…လက်လွှတ် ဆုံးရှုံးခံသင့်တာမဟုတ်လား…။အခုတော့ ထို တစ်ဖတ်သတ်အချစ်တောင် ချစ်ခွင့်ရှိတော့မည် မဟုတ်တော့ပေ။
နောက်ဆုံးအနေနှင့် သူမပျော်ရွှင်တာကို မြင်ချင်မိပါသည်။ဒါကြောင့်လည်း ဒီခရီးလမ်းကိုသူလိုက်ပို့ခြင်းပင်။
ထိုမိန်းကလေးသာ သွားလိုလျှင် ဒီခရီးလမ်းက သူ့အတွက် ဘယ်လောက်ပဲ နာကျင်စရာကောင်းနေပါစေ… သူလိုက်ပို့ချင်မိပါသည်။

VOCÊ ESTÁ LENDO
ဒဏ်ရာရှိသော နေ့စွဲလေး (Completed)
Romanceဇော်...... 2018 February 14 တုန်းက ထွက်ခဲ့တဲ့ စာအုပ်လေးပါ 💛