ဆောင်းဟန်ဘင်းတစ်ယောက် အိမ်ပြန်လာရင်း မိမိမှာ ဟာအို့ရဲ့ ပါးပြင်မို့မို့လေးနှင့် မှည့်နက်လေးကိုထိတွေ့မိချိန်တွင် ဘာကြောင့် ရင်တုန်သလို မောဟိုက်သလိုဖြစ်နေရပါလဲဟု တွေးရင်းနှင့်ပင် အဖြေမရပဲ အိမ်သို့ပြန်ရောက်လာခဲ့သည်။ အိမ်သို့ပြန်ရောက်သောအခါ ဧည့်ခန်းတွင်ထိုင်နေသော မိခင်ဖြစ်သူအားတွေ့ရသောကြောင့်
"မားရေ သားပြန်ရောက်ပြီနော်"
"အင်းသားလေး ရေချိုး အနားယူလိုက်ဦး ပါးပြန်ရောက်ရင် ညစာစားဖို့ မား လှမ်းခေါ်လိုက်မယ်"
" ဟုတ် မား" ဟုဆိုကာ မိမိအခန်းတွင်းသို့ ဝင်လိုက်ပြီး ရေချိုး အဝတ်လဲကာ
"အား လန်းဆန်းသွားတာပဲ" ဟုပြောလိုက်ရင်း ကုတင်ပေါ်ပစ်လှဲလိုက်သည်။ ထိုအချိန်တွင်ပင် စောနက အဖြေမရခဲ့သော အတွေးများက ပြန်လည်ဝင်ရောက်လာကာ ပါးမို့လေးနှင့်မှည့်နက်လေးအား မြင်ယောင်မိပြီး ရင်ခုန်သံမှာ မြန်ဆန်လာသောကြောင့် ခေါင်းကိုခပ်ပြင်းပြင်း ခါထုတ်လိုက်ရင်း ပြုံးလိုက်ကာ "ငါလဲ ဘာတွေလျှောက်တွေးနေတယ်မသိ" ဟု ခပ်တိုးတိုးဆိုမိတော့သည်။ သို့သော်ငြားလည်း အတွေးတို့က မိမိအလိုကျ ရပ်တန့်သွားသည်တော့ မဟုတ်ခဲ့ပါချေ။
ငယ်စဥ်ကတည်းက အရမ်းချစ်ရသော သူငယ်ချင်းပေမို့ ဟာအို့ကို ထိုသို့ထိတွေ့ရသည်မှာ သူ့အတွက် အထူးအဆန်း မဟုတ်သော်လည်း ဒီရက်ပိုင်း ထိုသို့ ထိတွေ့လိုက်ရတိုင်း ၊ကြယ်လေးများ စုဝေးနေသကဲ့သို့ မျက်ဝန်းများနှင့်ဆုံလိုက်တိုင်း ခပ်ငြိမ့်ငြိမ့် ရင်ခုန်သံတို့ဖြစ်ပေါ်လာတတ်သည်ကတော့ ထူးဆန်းပေ၏။ သို့သော် ဆောင်းဟန်ဘင်းသည် ထို့သို့သော ခံစားချက်များ ဖြစ်ပေါ်နေခြင်းမှာ မိမိရဲ့ အတွေးများတတ်သော သဘာဝကြောင့်ဟုသာ ခပ်လွယ်လွယ်သတ်မှတ်လိုက်တော့သည်။
ထိုထက်ပို၍ တိကျသော အဖြေတို့ကိုတော့ ဆောင်းဟန်ဘင်းမသိချင်ပါ။ ဘဝကို ပေါ့ပေါ့ပါးပါးသာ ဖြတ်သန်းလိုသော သူ့အတွက် ငယ်စဥ်ကတည်းက အတူရှိလာခဲ့သော သူအလွန်တွယ်တာပြီးချစ်ရသော ဟျောင်းနှင့် သူအရမ်းချစ်ရပြီး သူ့ဘဝရဲ့ mood maker များလည်းဖြစ်ကြသော ဂယူ ၊ ရစ်ခီတို့နှင့်သာ ပျော်ရွှင်စွာ ဖြတ်သန်းသွားလိုပေသည်။ ထိုထက်ပို၍ နက်ရှိုင်းသော ရှုပ်ထွေးသော ခံစားချက်များ အခြေအနေများကိုဖြင့် သူမလိုချင်ပေ။