အပိုင်း (၅)
ဘယ်နှကြိမ်မြောက်မှန်းမသိတော့သော နှိုးစက်သံကြောင့် Chanyeol တစ်ယောက် အိပ်မှုန်စုံဖွားဖြင့် နိုးလာသည်။
နှိုးစက်နာရီကို ကြည့်လိုက်တော့ ၈ နာရီခွဲ...
ဘုရားရေ... ၇ နာရီကတည်းက ၁၅ မိနစ်တစ်ခါမြည်နေတဲ့ နှိုးစက်သံတောင် နားထဲမတိုးပဲ အိပ်ပျော်နေခဲ့တာပဲ...Chanyeol အိပ်ရေးမဝသော်လည်း ပြန်အိပ်ရန် မစဉ်းစားတော့။ ခေါင်းထဲမှာ အလုပ်သွားရမည့်အကြောင်းက တစ်ဆက်တည်းသတိပေးနေပြီဖြစ်ရာ စောင်ပုံထဲကနေ ကုန်းရုန်းထပြီး မျက်နှာသစ်ရတော့သည်။
ဘတ်စ်ကားနဲ့ဆို မိနစ် ၂၀ လောက်ကြာသည့် အလုပ်ရှိရာသို့ ၉ နာရီ ရုံးချိန်အမှီရောက်ရန် ဆယ်မိနစ်အတွင်း ပြင်ဆင်မှရမည်။
ညကသောက်ထားတဲ့ အရှိန်ကြောင့် လူက နူံးနေတဲ့အပြင် အရက်နံ့လည်းထွက်နေတာကြောင့် ရေပါတစ်ခါတည်းချိုးလိုက်ပြီး အဝတ်စားလဲပြီးတာနဲ့ ကသုတ်ကရိုက်ဖြင့် ဘတ်စ်ကားပေါ်တက်ရသည်။
ဘတ်စ်ကား ကလည်း ပုံမှန်အားဖြင့် လူကြပ်တော့ ထိုင်ခုံမရပဲ မတ်တပ်ရပ်စီးရသည်ကြောင့် အရပ်ရှည်တဲ့ Chanyeol အတွက် သိပ်အဆင်မပြေ။ မနေ့တနေ့ကအထိ အဖေ့ကားထဲ အေးဆေးထိုင်ပြီး ကျောင်းတက်ရသည့်ဘဝကနေ ဘတ်စ်ကားတိုးစီးပြီး အလုပ်သွားရတဲ့ ဘဝကို နေ့ချင်းညချင်းရောက်နေရပြီ။ စီးပွါးကျပြီး အခုလိုအလုပ်ထွက်လုပ်ရတာတွေ Chanyeol ကတော့ နည်းနည်းမှ မမူပေမယ့် သူစိုးရိမ်မိတာ Sehun လေးပင်။
Chanyeol က လောကဓံကို ကောင်းကောင်းနားလည်ပေမယ့် ငယ်ရွယ်သေးတဲ့ Sehun ကတော့ အနည်းအများတော့ ရှက်စိတ်ဝင်လောက်မည်ဟု စိုးရိမ်မိသည်။
ရုံးကို ရောက်တော့ ၉ နာရီ နဲ့ ၁၅ မိနစ်နည်းနည်းစွန်းနေပြီဖြစ်သည်။ ဖွာကျနေတဲ့ ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် သပ်တင်ရင်း မပြေးရုံတမယ် ဝင်လာတဲ့ Chanyeol သည် ကုမ္ပဏီအပေါက်ဝတွင် အခုမှ ရုံးလာတဲ့ Managing Director နှင့် ဆုံလေသည်။
Suit ပေါ်တွင် ကုတ်အမဲလေးထပ်ဝတ်လာသော Baekhyun သည် ကုတ်အင်္ကျီထဲတွင်သေးသေးလေးမြုပ်နေတာမို့ မသိတဲ့သူဆို ဒါရိုက်တာလို့တောင်ထင်ရက်စရာမရှိ။