အပိုင်း (၈)
အချိန်အားဖြင့် မှောင်ရီပျိုးနေပြီဖြစ်သည်။ ညနေခင်းလေပြေလေးက စိတ်ကို အပန်းပြေစေသယောင်ဆိုပေမယ့် ကားပေါ်မှ လူနှစ်ယောက်ကတော့ နေဝင်ဆည်းဆာအလှကို အေးချမ်းစွာမခံစားနိုင်သေး။
ခန္ဓာကိုယ်မှ နာကျင်မှုကို တအီအီညည်းညူလျက် သက်သာရာသက်သာကြောင်းရှာနေသောသူကို ကရုဏာသက်သော မျက်လုံးများဖြင့် Baekhyun ကြည့်နေမိသည်။
"Chanyeol shi အဆင်ပြေရဲ့လား၊ အခု ဆေးခန်းကို သွားနေပြီမို့ ခဏလောက် သည်းခံအုန်းနော်"
Chanyeol ဘက်ကိုလှည့်ကာ အားပေးလိုက်တဲ့အသံလေးမှာ ချိုသာမှုတစ်စုံတစ်ရာပါဝင်နေမှန်းသိသာသည်။
"ကျွန်တော် ဆေးခန်းမသွားချင်ဘူး၊
ဆေးရုံ ဆေးခန်းအနံ့တွေ မကြိုက်လို့၊ အိမ်ကိုပဲ ပို့ပေးပါ"Chanyeol ရဲ့အားပျော့နေတဲ့ အသံက Baekhyun ကြားနိုင်ရုံလေးသာ ခပ်တိုးတိုးပြောလာသည်။ အိမ်ပြန်ပို့ရမှာ စိတ်မချသော်လည်း ထိုသို့ ဆေးရုံဆေးခန်းအနံ့တွေ မကြိုက်တဲ့အချက်မှာ Baekhyun လည်းအတူတူပဲမို့ Chanyeol မသွားချင်တာကို ကိုယ်ချင်းစာမိ၍ အိမ်ကိုပဲ မောင်းပို့ပေးဖို့ ဆုံးဖြတ်လိုက်သည်။
Chanyeol အနည်းငယ်ကျိန်းစပ်နေသော လက်တွေဖြင့် Ph contact ထဲက Jong In ဆိုသော နံပါတ်လေးကို နှိပ်ကာ ခေါ်လိုက်သည်။
>>> လူကြီးမင်း ခေါ်ဆိုသော................................။
အသံမတ်ဆေ့ချန်ထားခဲ့လို့ရပါတယ်ရှင်<<<ဖုန်းခေါ်ပေမယ့် Jong In က မကိုင်တာမို့ Chanyeol ဆက်မခေါ်ဖြစ်တော့။ အခုလိုအချိန် ဖုန်းမကိုင်ပုံထောက်ရင် club ရောက်နေပြီပဲ ဖြစ်ရမည်။ Jong In အိမ်မှာမရှိရင် အိမ်တံခါးကလည်း ပိတ်ထားခဲ့မှာ အသေအချာပင်။
အိမ်သော့ တစ်ယောက်တစ်ချောင်းစီ ယူထားပေမယ့် အိတ်ကပ်ထဲက ဖုန်းတစ်လုံးကလွဲလို့ Chanyeol ပစ္စည်းပစ္စယအကုန်လုံးက ရုံးမှာပဲ ကျန်ခဲ့တာလေ...။
ဒီတိုင်းဆို အိမ်ထဲဝင်ဖို့ Jong In ပြန်လာတဲ့အထိစောင့်ရမှာလား၊
မူးမူးရူးရူးနဲ့ ဘယ်ချိန်ဘယ်ခါပြန်လာမှန်းမသိတဲ့သူကိုစောင့်နေရရင် Chanyeol အပြင်မှာဒီလို အအေးဒဏ်နဲ့ဆို Jong In ပြန်ရောက်သည်အထိတောင် ခံနိုင်မှာမဟုတ်ပါ။