(၁)

1K 65 4
                                    


လပေါင်း ၄၄လကျော် ကြာပြီးသွားတဲ့နောက်မှ ဒီနယ်မြေကို တခါ ခြေပြန်ချမိသည်။ အမိတက္ကသိုလ်၏ ရင်ငွေ့ကို ပြန်လည်ခိုလှုံဖို့ မဟုတ်ဘဲ နောက်ဆုံးအနေနဲ့ အပြီးသတ်နှုတ်ဆက်လိုက်ဖို့ ဖြစ်နေတာကတော့ စိတ်ကို အတော်ညှိုးနွမ်းစေပါသည်။

ကျောင်းသားရေးရာဌာနဆီမှာ လူတွေ စည်ကားနေသည်။ လူတွေဆိုတာထက် ကျောင်းလာအပ်သည့် ကျောင်းသားကျောင်းသူများနှင့် မိဘများဖြစ်ပါသည်။ ကျောင်းအပ်လက်ခံသည့် ပထမဆုံးနေ့ရက်မှာ လာအပ်သည်က ယခုမှ စတက်မည့် ပထမနှစ်ကလေးများဆိုတာကို ကျောင်းပါးဝခဲ့ပြီးသူ မိမိ မသိရိုးလား။ မိမိတို့ ပထမနှစ်တုန်းကလည်း ဒီလိုပဲ ဟေ့ဆိုတာနဲ့ ကျောင်းသွားအပ်ခဲ့ကြတာကို မှတ်မိသည်။ ကျောင်းတက်ရက် ပထမဆုံးနေ့မှာ မပျက်မကွက် စာသင်ခန်းထဲ ရောက်အောင်သွားပြီး တနေကုန် အတန်းတက်သည်။ နောက်လပိုင်းများမှ ကျောင်းပါး တဖြည်းဖြည်းဝလာသည့်အခါ အတန်းတွေ ပြေးတတ်လာသည်။ အတန်းပြေးရာတွင်လည်း ဘယ်ဘာသာရပ်ကိုတော့ ပြေးလို့ ရသေးသည် စသဖြင့် အသေအချာ တွက်ချက်ချိန်ညှိပြီး ပြေးတတ်လာကြသည်။

ယခု ကျောင်းလာအပ်သည့် ကလေးများကို တွေ့တော့ ရုတ်တရက် ရယ်မိလိုက်သည်။ ခဏနေမှ မိမိတို့တုန်းကလည်း ပထမဆုံးနေ့မှာ လာအပ်ခဲ့တာပဲဟု ပြန်တွေးမိပြီး ပြုံးမိသည်။ ကြည်နူးစရာ လွမ်းဆွတ်စရာများအပြည့်ဖြင့် ခြေရာတွေ ထပ်ခဲ့သော လမ်းမပေါ် အတွေးပေါင်းများစွာဖြင့် လျှောက်ရင်းကနေ ကျောင်းသားရေးရာဌာနထဲ ဝင်ရောက်လာမိသည်။

"မှတ်ပုံတင်နဲ့တော့ မရဘူးကွဲ့"

ရုံးစာရေးမအသစ်က ခပ်ပြုံးပြုံးလေး ကြည့်ရင်း ပြောလာသည့်အခါ စိတ်ထဲ သိသိသာသာ မှိုင်းခနဲ ဖြစ်သွားမိပါသည်။

"ကျောင်းသားကတ်နဲ့မှ ထုတ်လို့ရမယ်။ မပါလာဘူးလား"

ခေါင်းကို ခပ်ဖြည်းဖြည်းခါယမ်းမိပြီးမှ နှုတ်က အဖြေပေးဖြစ်သည်။

"ပျောက်သွားလို့ပါ"

"ဟုတ်လား။ အဲ့ဒါဆို ရုံးအုပ်ကို တချက်မေးကြည့်ပေးမယ်။ မှတ်ပုံတင်နဲ့က မရတာတော့ မရဘူး။ ဒါပေမဲ့ မေးပေးဦးမယ်နော်။ အပြင်က ခုံမှာ ခဏ ထိုင်စောင့်ပေးပါလား"

၈၈ /၂၁Where stories live. Discover now