(၉)

298 46 1
                                    


ကျောင်းသားရေးရာ ရှေ့က လမ်းပေါ်မှာ မိမိတို့ နှစ်ယောက်သား ရပ်နေမိကြတာ ကြာသွား၏။ မမက ‌ကျောင်းသားရေးရာဌာနကို ကျောခိုင်းထားပြီး ဘောလုံးကွင်းဘက်ကို မျက်နှာမူထားပါသည်။ တခါတခါ ကျောင်းသားရေးရာဌာနထဲမှ ကျောင်းသားကျောင်းသူအသစ်လေးတွေ ထွက်လာသည့်အခါ မိမိတို့ လှမ်းပြီး ကြည့်သွားတတ်၏။ မမကတော့ မျက်ရည်တွေကို လက်ခုံနဲ့ ပွတ်ပြီး သုတ်ပစ်နေသည်။

"မမ..."

လက်ကို လှမ်းပြီး ဆုပ်ကိုင်လိုက်သည့်အခါ မမသည် ခူးလ်ဘက်သို့ လှည့်လာပြီး နွမ်းယဲ့ယဲ့ပြုံးရှာသည်။ အငိုမျက်လုံးအပြုံးမျက်နှာဆိုတာ လက်ရှိ မမရဲ့ မျက်နှာလေးကို ပြောတာပဲ ဖြစ်မည်။ နီရဲနေသည့် နှာခေါင်းထိပ်ဖျားလေးကို လက်နဲ့ ညှစ်ပစ်လိုက်ချင်မိပါသည်။ သို့သော် မမလက်သကြွယ်မှာ ရှိနေသည့် လက်စွပ်လေးက မိမိကို မလုပ်သင့်ကြောင်း သတိပေးနေ၏။

"ခူးလ် လက်တွေက အရိုးတွေချည်း ကျန်တော့တယ်ကွာ"

"နောက်ပြန်ဝလာမှာပါ၊ လာပါ သွားရအောင်"

မမလက်လေးကို ဆုပ်ကိုင်းရင်း ရှည်လျားလှသည့် မယ်ဇလီတန်းလမ်းကြီးကို ဖြတ်လျှောက်ရသည်။ ဒီနေရာလေးမှာ မမနဲ့ အတူလမ်းလျှောက်ခွင့်ရတာဟာ ဒီတကြိမ်နောက်ဆုံးဖြစ်လိမ့်မည်။ တဘဝလုံးစာအတွက် နောက်ဆုံးဖြစ်နိုင်သည်။ မမနဲ့ တသက်လုံး ပြန်ဆုံချင်မှလည်း ဆုံတော့မည်။ ထိုအသိသည် မိမိစိတ်နှလုံးတွေကို ဆွဲဆုပ်ချေပစ်၏။

ပုံဆွဲဆောင်ရှိသည့် လမ်းလေးနားရောက်သည့်အခါ မမနေခဲ့ဖူးသော အဆောင်ကို တချက်လှမ်းကြည့်မိပါသည်။ အရင်လို မပြောင်းမလဲ ရှိနေသည်ကတော့ အဆောင်အဟောင်းတွေပဲ ထင်သည်။ ခြုံတွေကြားထဲမှာ ဘာမှ သိပ်မပြောင်းမလဲရှိနေကြသည်။

"မမ...နောက်မှာ ကလေးတွေ လိုက်လာနေတယ် သိလား။ လက်ကိုင်ထားတာ အဆင်ပြေရဲ့လား"

ခေါင်းကို အနည်းငယ်စောင်းပြီး နား အနားကပ်ပြီးပြောတော့ မမလက်မှာ ကြက်သီးမွေးညှင်းလေးတွေ ထသွားပါသည်။ မမဟာ အရင်အတိုင်း ချစ်စရာကောင်းနေဆဲပင်။

၈၈ /၂၁Where stories live. Discover now