(၆)

316 46 10
                                    


လေက ပိတောက်ပင်တွေကို ချစ်စနိုးကျီစယ်နေသည်။ ပိတောက်ပင်ပျိုမလေးတွေကလည်း သူတို့ရဲ့ အကိုင်းအခက်တွေကို တလှုပ်လှုပ်နဲ့ ယိမ်းနွဲ့ရင်း ရယ်မောနေကြ၏။ အနီးအနားပတ်ဝန်းကျင်ကတော့ လူသံတွေ တိတ်နေသည်။ အရှေ့နားက လမ်းမကြီးပေါ်မှာသာ ကားတွေ ပြေးလွှားနေကြ၏။ မိမိတို့ နှစ်ယောက် ထိုင်နေသည့် အနီးအနားမှာ လူသွားလူလာလည်း မရှိ။

စောစောက ငိုနေခဲ့သော မမမှာ အငိုတိတ်ခဲ့ပြီဖြစ်သော်လည်း ရှိုက်သံလေးတွေ ကျန်နေခဲ့ပါသည်။ နီရဲသွားသော မျက်ဝန်းများနဲ့ နှာဖျားရဲရဲလေးကို မိမိ ငေးကြည့်မိ၏။ မျက်ခမ်းစပ်နားမှာ မျက်ရည်စတွေ ကပ်ကျန်နေခဲ့သည်။ ဒါကို မမက သိရက်နဲ့ သုတ်မပစ်။

မမမျက်ရည်ကို မြင်ပြီး မိမိကို နာကျင်စေချင်နေသလားဟု တွေးမိသော်လည်း ပြီးဆုံးသွားခဲ့ပြီဟု ဆိုရမည့် ဆက်ဆံရေးတလျှောက်မှာ မိမိကသာ ပြသနာတို့၏ အရင်းအမြစ် ဖြစ်ခဲ့တာကို ပြန်သတိရပါသည်။ မမသည် လူကြီးပီပီ အရာရာကို စဉ်းစားချင့်ချိန်ပြီး သည်းခံနားလည် ခွင့်လွှတ်တတ်သူဖြစ်ခဲ့၏။ မိမိကတော့ မမကို မကြာမကြာ စိတ်ဆိုးစိတ်ကောက်ပြီး မခေါ်မပြော လုပ်တတ်သူတည်း။

"နေမပူဘူးလားကွာ။ မမတို့ ဟိုးဘက်သွားရအောင်"

နာရီဝက်ကျော် ထိုင်နေခဲ့သည့် အုတ်ခုံနေရာဟာ အစကတည်းက နေပူသည့် နေရာပါ။ နှစ်ယောက်စလုံး စိတ်ဇောအဟုန်နဲ့ မပူခဲ့ကြသော်လည်း စိတ်တည်ငြိမ်လာသည့်အခါမှ အပူဒဏ်ကို သတိပြုမိလာကြ၏။

အုတ်ခုံလေးကနေ အသာအယာထပြီး မမက ထဘီမှာ ကပ်နေသည့် ဖုန့်မှုန့်တွေ ခါလိုက်၏။ ပြီးနောက် ထင်မထားသည့် အပြုအမူကို ပြုသည်။ မိမိ ညာလက်ဖဝါးကို လှမ်းပြီး ဆုပ်ကိုင်လိုက်ခြင်းဖြစ်ပါသည်။ နွေးထွေးတင်းကျပ်သည့် ခံစားမှုက စိတ်ကို လုံခြုံသလို ဖြစ်သွားစေသည်။ သို့သော် နားမလည်နိုင်စွာဖြင့် မမကို ကြည့်မိသည့်အခါ မမသည် အပြုံးနုနုတပွင့်ကို လက်ဆောင်ပေးလေသည်။

မိမိတို့ ကုမုဒြာအဆောင်ကြီးနဲ့ မမ ခဏနေခဲ့ရသည့် ကုမုဒြာဘေးက ကံ့ကော်ဆောင်(ဆရာမများ၏အဆောင်သစ်) ကို ကျောခိုင်းလာခဲ့ကြပါသည်။ ဒီလမ်းလေးအတိုင်းသွားလျှင် မကြာခင်မှာ မဲဇာအဆောင်(၁)၏ ဘေးကို ရောက်သွားလိမ့်မည်။ အဲ့နားမှာ ချစ်စရာနေရာဟောင်းလေးရှိနေသည်။

၈၈ /၂၁Where stories live. Discover now