ခူးလ်နဲ့ မမ ဆုံတွေ့ခဲ့ပုံက သာမန်ဆုံတွေ့မှုဆိုသော်လည်း အမှတ်ရစရာတော့ ဖြစ်ရသည်။ ထိုနေ့က ခူးလ်သည် ကျောင်းသားရေးရာဌာနထဲမှာ ရုံးအုပ်စားပွဲရှေ့ ရောက်နေခဲ့၏။
"ဟေ...ဓာတ်ပုံက မနှစ်က ဓာတ်ပုံကြီးပါလား။ မရဘူးနော်။ ခြောက်လအတွင်း ရိုက်ထားတဲ့ ဓာတ်ပုံလို့ ပြောတယ်လေ"
ရုံးအုပ်၏ စကားကို ခူးလ်တယောက် မကြားသလို လုပ်နေသည်။ သူ့ဘေးမှ သူငယ်ချင်းဖြစ်သူက လက်နဲ့တို့ပြီး မေးငေါ့ပြနေ၏။
"မရိုက်ရသေးဘူးဟဲ့။ မနှစ်က ကျောင်းအပ်တုန်းက ပုံတွေ ကျန်နေသေးတာနဲ့ ရမလားလို့"
သူငယ်ချင်းမ အနားကပ်ပြီး ခပ်တိုးတိုးပြောပြနေစဉ်တွင် ရုံးအုပ်၏ အကြည့်က ခူးလ်ဆီသို့ ရောက်လာသည်။
"ဒုတိယနှစ်တွေ မှတ်လား"
"ဟုတ်ကဲ့"
"ဒီတခါတော့ ထားပေးလိုက်မယ်။ နောက်မရဘူးနော်"
သဘောမနောကောင်းသည့် ရုံးအုပ်က လွှတ်ပေးလိုက်မည်ဆိုတော့ ခူးလ် ကျေနပ်မိသွားပါသည်။ ကျောင်းအနီးအနားမှာ ဓာတ်ပုံဆိုင်ကောင်းကောင်းကလည်း မရှိသဖြင့် ဒီဓာတ်ပုံအဟောင်းနဲ့ ကျောင်းအပ်လက်မခံဘူးဆိုလျှင် ဈေးအထိသွားပြီး ဓာတ်ပုံသွားရိုက်ရလိမ့်မည်။ ဒီနေ့ပဲ ရောက်ပြီး ကမန်းကတမ်းကျောင်းအပ်ရသဖြင့် လူကလည်း ခရီးပန်းနေပြီ။ ကျောင်းကလည်း ဖွင့်နေပြီ။
ငွေစာရင်းသွင်းနေစဉ်မှာ နှာခေါင်းထဲ ရှန်ပူနဲ့ ခပ်သင်းသင်း ရလိုက်သဖြင့် လှည့်ကြည့်တော့ ခပ်ချောချော အစ်မကြီးတယောက် ရုံးခန်းထဲ ဝင်လာတာကို တွေ့သည်။ ကျောင်းမှာ ဒီလို ချောချောလှလှ မိန်းကလေးမျိုး ရှိပါသေးလားဟုတောင် တွေးမိသေးသည်။
"မမလှလှပါလား"
ရုံးအုပ်သည် မိမိတို့ နှစ်ယောက်ဆီမှ အာရုံပြောင်းသွားပြီး ဝင်လာသည့်အစ်မကြီးထံ စိတ်ရောက်သွားပါသည်။
"အလုပ်များနေလား အစ်မ"
"ဒီမှာလေ ကျောင်းအပ်လက်ခံနေတာ၊ နှစ်တန်းက ကလေးမတွေလေ ငါ့ကို အချဉ်မှတ်နေသလား မသိဘူး။ ဓာတ်ပုံကို အရင်နှစ်ကပုံပဲ လာပြန်ပေးတယ်"
"ဟယ် ဟုတ်လား"
ခပ်ချောချောအစ်မကြီးသည် မိမိနဲ့ မိမိသူငယ်ချင်းမဆီသို့ အကြည့်ရောက်လာ၏။ မိမိကတော့ မသိသလို ဟန်ဆောင်နေလိုက်သဖြင့် အစ်မကြီး၏ အကြည့်က သူငယ်ချင်းမထံမှာ ရပ်တန့်သွားပါသည်။ သူငယ်ချင်းမကတော့ သူ့ကို ဓာတ်ပုံအဟောင်းနဲ့ ကျောင်းလာအပ်သူလို့ အထင်ခံလိုက်ရမှန်းတောင် သိမည်မထင်။
"တခါတလေတော့ လွှတ်ပေးလိုက်ပါ အစ်မရယ်"
ထိုစဉ်ကတည်းက မမသည်စိတ်သဘောထားနူးညံ့ပြီး ကြင်နာတတ်မှန်း သတိထားမိခဲ့ပါသည်။