(၈)

299 52 2
                                    


ပုံမှန်ဆို ၆ နာရီမှာ ပိတ်သည့် မိမိတို့ ကုမုဒြာသည် ယနေ့ညတွင်တော့ ၆ နာရီကျော်သွားတာတောင် အဆောင်တံခါးကို မပိတ်ထားသေးပေ။ အကြောင်းမှာ မနက်ဖြန်သည် တက္ကသိုလ်ကျောင်းသားဘဝမှာသာ ရနိုင်သည့် ပွဲတခု ရှိနေ၍ ဖြစ်၏။ ထိုအရာက ကျောင်းသင်္ကြန်ဖြစ်ပါသည်။ မနက်ဆိုလျှင် ကျောင်းသင်္ကြန်ပွဲတော်နေ့ရောက်ပြီ ဖြစ်သဖြင့် ကျောင်းနဲ့အနီးမှာ နေကြသူတွေက ကိုယ့်နဲ့ဆိုင်တဲ့ ဌာနသို့ သွားပြီး မုန့်စား မဏ္ဍပ်ဆောက်သည့်နေရာတွင် ဝိုင်းပြီး ကူကြရမည်။

ကုမုဒြာက ကျောင်းဆောင်ဖြစ်၍ ကုမုဒြာတွင် နေသူများကတော့ ယနေ့ည ကျောင်းကို မဖြစ်မနေ သွားရမည်။ အဆောင်တံခါးကို ညဆယ်နာရီရောက်မှ ပိတ်လိမ့်မည်။ မိမိတို့ အဆောင်သူများအားလုံး ကိုယ့်လူနဲ့ ကိုယ်စုပြီး ဆိုင်ရာဌာနတွေဆီ ညဘက်ကြီး ရောက်သွားကြပါသည်။

ပုံမှန်ဆို မှောင်မဲနေတတ်သည့် မြို့ပြအင်ဂျင်နီယာဌာနသည် ယနေ့ညတွင်တော့ မီးတွေ ထိန်ထိန်လင်းနေ၏။ လူသံတွေလည်း ညံနေသည်။ ဌာနထဲက အခန်းတခုအတွင်းမှာ လူတွေ ဝင်လိုက်ထွက်လိုက်နဲ့ ခြေရှုပ်နေကြသည်။

"၉+၁ ဗေ မဏ္ဍပ်လား။ ဘယ်လိုကြီးလဲ။ နိုင်း ပလပ် ဝမ်း ဗေ..."

ဇကောပေါ် သင်္ဘောဆေးအဖြူနဲ့ မဏ္ဍပ်နာမည်ရေးနေသည့် မိမိနားမှာ မိန်းကလေး တသိုက် ဝိုင်းအုံနေသည်။

"ကိုးနဲ့တစ် ပေါင်းတော့ ဘယ်လောက်လဲ"

သူတို့ကို မေးခွန်းပြန်ထုတ်ရင်း နောက်ထပ် ဇကောတချပ်ကို လှမ်းယူသည်။ စာလုံးရေးပြီးသား ဇကောကိုတော့ အနီးရှိ အမြင့်တနေရာမှာ တင်ထားလိုက်ပါသည်။

"တဆယ်လေ"

"တဆယ် မဟုတ်ဘူး။ ဆယ်၊ ဆယ်ဗေဆိုတော့ ဆေဗယ်။ ထုံထိုင်းလိုက်ကြတာ...ဦးသူတပည့်တွေ လုပ်နေပြီးတော့"

မိမိက ကြမ်းပြင်မှာ တင်ပလင်ခွေထိုင်ပြီး စာလုံးရေးနေရတာကို မိန်းကလေးတသိုက်က အပေါ်စီးကနေ အုပ်မိုးပြီး ဝိုင်းအုံကြည့်နေတော့ ရေမွှေးနံ့တွေ ပေါင်းပြီး မွှန်ထူကာ အသက်ရှူမဝသလိုတောင် ဖြစ်လာသည်။

"နင်တို့ ချိန်းထားတာ ရှိလျှင်လည်း သွားကြလေ။ နင်တို့ ကောင်တွေ စောင့်နေတော့မယ်"

အတွဲရှိသူတွေကတော့ သူတို့ ရည်းစားနဲ့ ဒီလိုညမျိုးမှာ ချိန်းတွေ့ကြမှာပဲဆိုတာ သိပါသည်။ ကုမုဒြာနေ မိန်းကလေးတွေကလည်း အပြင်ဆောင်နေသည့် သူတို့ ရည်းစားကောင်လေးတွေနဲ့ ချိန်းတွေ့မှာ သေချာသည်။ မြို့ထဲမှာနေသည့် အမိတသိုက်ကလည်း ဒီလို ညမျိုးကို လက်မလွှတ်နိုင်ပေ။ အိမ်ကနေ ခွင့်တောင်းပြီး ညကို မြို့ပြအင်ဂျင်နီယာဌာနထဲမှာပဲ စုပေါင်းအိပ်ကြဖို့ စီစဉ်ထားကြ၏။

တက္ကသီလာနေ ဘဝကလည်း ပျော်စရာဆိုတာ ဒါလေးတွေပါမှ အရောင်စုံသည် ထင်ပါ၏။

"ဘာမှ ဝိုင်းမလုပ်ဘဲ သွားလိုက်ရင် ငါတို့ကို ဗိုလ်သူ သတ်မှာပေါ့ဟဲ့...ငှက်စုတ်ရဲ့"

‌မိမိတို့ မြို့ပြအင်ဂျင်နီယာဌာနမှာ အမျိုးသားဆရာအင်အားက နည်းပါသည်။ သို့သော်လည်း အားလုံးဖိန့်ဖိန့်တုန်အောင် ကြောက်ရသည့် ဆရာတယောက်ရှိသည်။ ကွယ်ရာမှာ မိမိတို့က ဆရာ့ကို ဗိုလ်သူဟု ချစ်စနိုး ခေါ်တတ်ကြပါသည်။ ဆရာက စည်းကမ်းတင်းကျပ်သော်လည်း တချို့အချိန်တွေမှာ သိပ်ချစ်စရာကောင်းသည်။ ကျောင်းသားတွေအတွက် ဆရာ့ရဲ့ ချစ်စရာအကောင်းဆုံးအချိန်ကတော့ ပိုက်ဆံပြတ်နေချိန် အကူအညီရတတ်ခြင်း ဖြစ်ပါလိမ့်မည်။

ဒါ့အပြင် ဆရာ့ဘဝ အတွေ့အကြုံတွေ၊ အင်ဂျင်နီယာတယောက်၏ အတွေ့အကြုံတွေက မိမိတို့အတွက် စိတ်ဝင်စားစရာလည်း ကောင်းပါသည်။

"မနက်ဖြန် မဏ္ဍပ်မှာ ကျွေးဖို့ တီချယ်တွေ လုပ်နေတာ မတွေ့ဘူးလား။ သွားကြဟာ နင်တို့တွေ။ ဘေးခန်းကို လစ်တော့။ ငါ အသက်ရှူကျပ်တယ်။ စာလုံးရေးတာက ငါရယ် ယောကျ်ားလေးEC ရယ်ဆို ရပြီ။ နင်တို့ အခန်းထဲမှာ ငုတ်တုတ်ကြီး ထိုင်နေတာ မြင်မှ ဆရာ စိတ်တိုလိမ့်မယ်"

စိတ်ရှုပ်သည့်အသံဖြင့် ပြောမိသည့်အခါ ထိုမိန်းကလေး တသိုက်သည် မိမိအနားမှ ရှဲသွားကြပြီး ခဏနေတော့ တဖက်အခန်းဘက် ကူးသွားကြလေသည်။

အခန်းထဲမှာ တိတ်ဆိတ်သွားသည့်အခါမှ မိမိအတွေးတွေကို ဖြန့်ကျက်နိုင်သည်။ အသက်ကို ပြင်းပြင်းရှူရင်း ဆုံးဖြတ်ချက်ကို ချမိသည့်အခါ လက်သည် ချွေးစေးများဖြင့် ကပ်လာတော့၏။

"ဖြိုးကျော်...ငါ မဏ္ဍပ်ကို သွားနှင့်ပြီနော်။ ဒီ ရေးပြီးသား ဇကော သုံးချပ် အရင် ချိတ်လိုက်တော့မယ်"

အရင်သွားနှင့်လျှင်လည်း ချိတ်လို့ အဆင်ပြေမှာ မဟုတ်တာကို သိရက်နဲ့ဟူသော အကြည့်မျိုးဖြင့် ဖြိုးကျော်က မိမိကို ပြန်ကြည့်လာသည်။ သို့သော်လည်း သူက ခေါင်းငြိမ့်ပြ၏။

ဆေဗယ် ဌာန အဆောက်အဦးတခုလုံးက မီးရောင်ဖြင့် ထိန်ထိန်လင်းနေသည်။ မီးတွေ ထိန်ထိန်လင်းပြီး လူသံတွေ ရှိနေတာတောင် မိမိစိတ်က ခြောက်ခြားနေသည်။ ဇကောသုံးချပ်ကို ကိုင်ကာ လမ်းသွက်သွက်လျှောက်ရင်း နောက်မှ တခုခုလိုက်လာနေသလားဆိုပြီး နားစွင့်နေမိသည်။ မိမိခြေသံကပဲ မိမိကို ပြန်ခြောက်လှန့်နေ၏။

ဌာန၏ ကော်ရစ်ဒါ ခုံတန်းလျားတွေနားမှာ သရဲခြောက်တတ်သည်ဆိုသော ကောလဟာလက ယခင်ကတည်းက ရှိနေခဲ့ပါသည်။ ကျောင်းသို့ အလာမှာ ကားတိုက်ပြီး ဆုံးသွားသော ဆေဗယ်က ကျောင်းသူအစ်မကြီးဟာ ကားတိုက်ခံရစဉ်က ကျွတ်ထွက်သွားသည့် သူမျက်လုံးတလုံးကို လိုက်ရှာနေသည့်အကြောင်း၊ ရေကန်ဘေးမှာက လျှောက်လမ်းပေါ်မှာ၊ ဌာနကော်ရစ်ဒါတလျှောက်မှာ တွေ့ရသည်ဆိုသောအကြောင်းတွေက ဟုတ်သော်ရှိ မဟုတ်သော်ရှိ မိမိစိတ်ကို ခြောက်ခြားစေပါသည်။

ရှေ့နားမှာ မီးချောင်းကျွမ်းနေသည့် နေရာတခုကလည်း ရှိသည်။ အဲ့ဒီနေရာက သန့်စင်ခန်းအရှေ့နားမှာ ဖြစ်၏။ အဲ့နေရာကို မိမိက သိပ်ခြောက်ခြားသည်။ ထောင့်နေရာလည်း ဖြစ်သဖြင့် ဘွားခနဲ တခုခု ပေါ်လာမယ်ဟု အမြဲထင်မိသည်။ နေ့ခင်းကြောင်တောင်ဆိုလျှင်တောင် ကျောင်းက သန့်စင်ခန်းတွေဟာ သိပ်ပြီး ခြောက်ခြားဖို့ ကောင်းနေခဲ့တာတော့ အမှန်။ လူမရှိဘဲ ရေဆွဲချသံကြားတာတွေ၊ တံခါးပွင့်လိုက် ပိတ်လိုက်ဖြစ်တာတွေက တွေးကြည့်ရုံနဲ့တင် သွေးလန့်စေသည်။

ဌာနအပြင်နားက စိန်ပန်းပင်တန်း နေရာကို ရောက်လာသည်။ မီးရောင်လုံးဝမရှိသဖြင့် လမ်းကို အပြေးတပိုင်း လျှောက်ရပါသည်။ အဲ့နေရာကို ကျော်ပြီး လူသွားလမ်းပေါ်မှာ ကျောင်းသူ ကျောင်းသားတွေ စုန်ချီဆန်ချီနဲ့ သွားလိုက် လာလိုက် လုပ်နေကြသည်ကို မြင်ရသည့်အခါမှ မိမိစိတ်ထဲ ပျော်ရွှင် မြူးထူးလာသည်။

ဖျော်ဖြေရေးအတွက် ဘယ်သူဘယ်ဝါတွေ လာမည်ဆိုတာကို မိမိ စိတ်မဝင်စားပါ။ သို့သော်လည်း တက္ကသီလာကျောင်းသားဘဝမှာ ကျောင်းသင်္ကြန်ဟာ ပျော်စရာအကောင်းဆုံးဆိုတာကို မငြင်းမိပါ။ တကယ်တမ်းမှာ မနှစ်က သင်္ကြန်ထက် ဒီထက်သင်္ကြန်က ပိုပြီး စိတ်လှုပ်ရှားစရာကောင်းပါသည်။ အခွင့်အရေးရရင် တီချယ့်ကို ရေလောင်းခွင့်ရနိုင်၏။

ဆေဗယ် မဏ္ဍပ်မှာ စီနီယာတွေက ခုံ စီနေသည်။ မိမိကို မြင်တော့ သူတို့ ထွက်လာပြီး လက်ထဲမှ ဇကောဝိုင်းတွေကို ယူပြီး သေချာကြည့်၏။ အနားမှာ ဆရာဦးသူလည်း ရှိနေပါသည်။ စောစောကအထိ မရှိနေဘဲ ဆရာ ဘယ်က ထွက်လာသလဲမသိ။ ဆရာရှိလျှင် တခြားနေရာကို လစ်ထွက်သွားဖို့က ဘယ်လိုမှ မလွယ်နိုင်တော့တာကို သိသည်။

"ရီးရီခူးလ်...ယောကျ်ားလေး EC ရော"

၈၈ /၂၁Where stories live. Discover now