"အိုး...ဘာဖြစ်တာလဲ ကလေးရယ်၊ သတိထားပါဦး"မှောင်မိုက်သွားသော ကာလသည် ခဏပဲဟု မိမိသိနေသော်လည်း ထိုခဏသည် သိပ်ကို ကြာရှည်သော ကာလအပိုင်းအခြားတခုဖြစ်ပါသည်။ မျက်စိရှေ့မှ မြင်ကွင်းသည် နေကာမျက်မှန်အမဲတပ်ထားသလို မှောင်နေ၏။ နားထဲတွင် မမအသံကို ဝိုးတဝါးပြန်ကြားလာရသည်။ မိမိ၏ ခြေဖျားလက်ဖျားတို့သည် သွေးမလျှောက်တော့သလို အေးစက်နေလေသည်။ မမသည် မိမိကို ရင်ခွင်ထဲ မှီထားစေမှန်း၊ နှစ်ယောက်စလုံး လမ်းမပေါ်မှာ ထိုင်ထားလျက်သား ဖြစ်နေမှန်း တဖြည်းဖြည်း သတိပြန်ဝင်လာသည်။ ထိုခဏတွင် မိမိရင်ထဲတွင် ဝမ်းနည်းစိတ်က လှိုက်ခနဲ တက်လာလေ၏။
"မ မ..."
ဒီအသုံးအနှုန်းလေးကို မခေါ်နိုင်ခဲ့တာ နှစ်လရှည်ကြာခဲ့၏။ ယခုတခါ ပြန်ခေါ်မိတော့ မိမိနဲ့ စိမ်းသက်နေခြင်းအလျဉ်းမရှိ။ မမကို ဟိုးအဝေးကြီးကနေ အမြဲတမ်းတပြီး ခေါ်နေခဲ့မိတာကြောင့် ဖြစ်မည်။
မမလက်မောင်းကို မှီတွယ်ဆုပ်ကိုင်ထားရင်းမှ မိမိ ပါးပြင်ပေါ် မျက်ရည်များ စီးကျလာသည်။ မျက်ရည်များကြောင့် မှောင်နေသောမြင်ကွင်းက ပိုဝါးသွားသည်။
"ခူးလ်ကလည်းကွယ်...ဘာလို့ ငိုတာလဲ"
မမသည် ခူးလ်ဆံပင်များကို တရှုံ့ရှုံ့ နမ်းရှိုက်ရင်း ချော့မော့နေ၏။ ယခုအခါ မိမိသည် ချော့မော့မည့် ရင်ခွင်၊ မှီတွယ်အားကိုးလို့ရမှန်း သေချာသည့် ရင်ခွင်ရှေ့တွင် အားတင်းထားသမျှ တာကျိုးတော့၏။
"ခူးလ် ကြောက်တယ် မမရယ်...ကြောက်တယ်"
မျက်စိရှေ့တင် သေဆုံးသွားကြတဲ့သူတွေ၊ သွေးအလိမ်းလိမ်းနဲ့ အနိဌာရုံမြင်ကွင်းတွေက တစ တစပြန်ပေါ်လာသည်။ အသားစတွေ ဖွာထွက်သွားသည့် ခြေလက်တွေ၊ ကျည်ဆံဖောက်သွားသည့် ရင်ဘတ်တွေ၊ အိမ်အပြိုအပျက်ကြားက အလောင်းကောင်တွေ။
"မမရှိနေတာပဲ မဟုတ်လား ကလေးရယ်။ ခူးလ်အနားမှာ မမရှိနေပါတယ်။ လာပါ ထပါ၊ အုတ်ခုံပေါ် ထိုင်ရအောင်"
မမသည် ခူးလ်ကို ချိုင်းအောက်မှ လက်လျှိုပြီး ဆွဲထူသည်။ အားအင်ချိနဲ့နေသော ခန္ဓာကိုယ်သည် လဲကျရာမှ ပြန်ထဖို့တောင် မနည်းအားယူလိုက်ရ၏။ စိတ်ထောင်းလို့ ကိုယ်ကြေခဲ့ရသော ဘဝသည် တော်ရုံတန်ရုံနှင့် ကုသပျောက်ကင်းဖို့ရာလည်း မဖြစ်နိုင်ဘူး ထင်ပါသည်။ အားတင်းထားခဲ့သမျှဟာလည်း မှီခိုနိုင်သည်ဟု ထင်သော ရင်ခွင်ရှေ့တွင် အားလျော့ခဲ့ရတော့၏။