ညနေခင်းရဲ့ လေပြေအေးက မယ်ဇလီပင်တွေကြားကနေ ဖြတ်ပြီး တိုက်ခတ်နေသည်။ နေ့အလင်းရောင်က တဖြည်းဖြည်းကွယ်ပျောက်လာသည်။ ကောင်းကင်ပေါ်မှာ ပုစွန်ဆီရောင် တိမ်သားတွေတောင် မရှိတော့။ ညချမ်းကြယ်ကိုလည်း မြင်နေရပြီ။ မဲဇာအဆောင်ဘေးက လမ်းပေါ်မှာရော ဘောလုံးကွင်းရှေ့က လမ်းမှာပါ စုံတွဲတချို့တလေနှင့် ဘောလုံးကန်ပြီး ပြန်လာသည့် ယောကျ်ားလေးတချို့ကို တွေ့ရလေ၏။စိတ်ထဲမှာ ရွင်မြူးနေသဖြင့် လူက ဘေးပတ်ဝန်းကျင်မှာ ဘယ်သူတွေ မိမိကို ဖြတ်ကျော်သွားသလဲတော့ မသိလိုက်။ လက်ထဲမှာ မုန့်အပြည့်ပါသည့် အိတ်ကို ကိုင်ထားရင်း မှောင်ရီဝိုးတဝါးကောင်းကင်ကို မော့ကြည့်လျက် လျှောက်လာမိပါသည်။
"ဟေ့...ရီးရီခူးလ်"
နာမည်ကို ခေါ်သံကြားသဖြင့် ကြည့်လိုက်တော့ စက်မှုအင်ဂျင်နီယာမေဂျာမှ ယောကျ်ားလေးတယောက်ဖြစ်နေသည်။ သူက မိမိနဲ့ မလှမ်းမကမ်းမှာ။ ပုံဆွဲအဆောင်ဘက် ကွေ့ဝင်သည့် လမ်းအကျော်နားက တရုတ်စကားပန်းပင်တွေရှေ့မှာ သူရပ်စောင့်နေလေ၏။ မိမိသွားရမည့်လမ်းက သူ့ဆီသို့ ရောက်စရာမရှိသဖြင့် ဘာလဲဟု ပြန်အော်ပေးလိုက်ရသည်။
"သီဟိုတော..."
ရှည်ရှည်ဝေးဝေးစကားတွေ မဆိုဘဲ သူက ထိုစကားလုံးတလုံးကိုသာ ပြောသည်။
"ဟအေး၊ မလာတော့ဘူး။ အတန်းချိန် မဖြတ်ချင်လို့"
လေတိုးသံကြောင့် မိမိတို့၏အသံများသည် ဟိုဟိုဒီဒီသို့ လွင့်ပျံ့ကုန်၏။
"ဟုတ်လှချည်လား။ နှစ်စပဲ ရှိသေးတယ်လေဟာ။ လာခဲ့စမ်းပါ"
"တော်ပြီ ကိုခန့်ရ။ ရေသိပ်မလျှံဘူးဖြစ်နေတယ်"
တကယ်တမ်းမှာတော့ ပိုက်ဆံမရှိသည်ထက် မိမိကို ခပ်ဆိုးဆိုးကျောင်းသူဟု မမြင်သွားစေချင်၍သာ ဖြစ်ပါသည်။ မည်သူ့ကို မမြင်စေချင်တာလည်းဟုတော့ အထွေအထူး တွေးနေစရာမလို။ တီချယ့်ဆီကနေ မကောင်းမြင်ခံရမှာကို မိမိ ကြောက်ရွံ့လာနေမိခဲ့၏။
"လာမယ်ဆိုရင်တော့ ထက်သူနဲ့ မှာလိုက်"
"အေးပါ၊ ငါသွားတော့မယ်"