(၁၀) ဇာတ်သိမ်း

605 48 13
                                    


စိတ်တွေက အတိတ်ဆီရောက်လိုက် ပစ္စုပ္ပန်ဆီရောက်လိုက်နဲ့ ဗျာများနေ၏။ ဘတ်စ်ကားပေါ်မှာ မမနဲ့ ဘေးချင်းကပ် ယှဉ်ထိုင်ရင်း ပြောင်းလဲတိုးတက်သွားသည့် မြို့ပြ၏ ပုံစံတွေကို လိုက်ငေးနေမိသည်။ မမလည်း သူ့အတွေးနဲ့သူ ရှိနေမည်ထင်သည်။ ကားပေါ်မှာ ဘာစကားတခွန်းမပြောဖြစ်ကြဘဲ တယောက်လက်ကို တယောက်က မဆုပ်ကိုင်ထားဘဲ ငြိမ်ငြိမ်သက်သက် ရှိနေမိ၏။

သုံးနှစ်ဆိုတာက တချို့အရာတွေ ဘာမှ အကောင်းအတိုင်း မကျန်တော့အောင် ပျက်စီးသွားဖို့ လုံလောက်သည့် အချိန်ဖြစ်ပါသည်။ ဉပမာ ကရင်နီဒေသကို လုံးဝ ပျက်စီးသွားအောင် အချိန်ဘယ်လောက်မှ မကြာလိုက်သလိုမျိုး။ ပြီးတော့ သုံးနှစ်ဆိုသည့်အချိန်က မြို့ပြကြီးများကို တဟုန်ထိုး တိုးတက်လာစေဖို့ လုံလောက်သည့်အချိန်လည်း ဖြစ်ပြန်သည်။ မိမိတို့ဒေသနဲ့ ဒီမြို့ကို ယှဉ်ကြည့်လိုက်သည့်အခါ အသည်းထဲက တဆတ်ဆတ်နာလာသည်။

ပုံမှန်အတိုင်း ပြေးလွှားလှုပ်ရှားရုန်းကန်နေသည့် လူ့ဘဝတွေကို မြင်တော့ ငြိမ်းချမ်းသွားပြီဖြစ်သော ရဲဘော်များ၏ ရယ်သံကို ပြန်ကြားယောင်လာပါသည်။ ပြီးတော့...သွေးတွေ...သွေးတွေ...

"ခူးလ်ရေ...ဟိတ်"

မြင်ကွင်းက ပျောက်သွား၏။ လက်တွေ့မှာ မမက မိမိလက်ကို လှုပ်ယမ်းနေသည်။

"ဆင်းရတော့မယ်လေ.."

ဘတ်စ်ကားမစီးရတာ ကြာပြီဖြစ်သဖြင့် မှတ်တိုင်တွေကို မိမိ မသိတော့ပါ။ မမတို့ အိမ်လေးကို သွားသည့် လမ်းကိုတော့ မှတ်မိနေသေးသည်။ ကားမှတ်တိုင်မှာဆင်းပြီး ရပ်ကွက်လေးထဲ ဝင်သွားရသည်။ လမ်း ၃ လမ်းကို ကျော်သွားရသည်။ ပြီးလျှင် လမ်းဘယ်ဘက်ခြမ်းကို ချိုးကွေ့ပြီး ဝင်ရမည်။ ဆင်ခြေဖုံးရပ်ကွက်လေးထဲက တထပ်တိုက်အိမ်သေးသေးလေးသည် မမနှင့် မမမိခင်တို့ နေထိုင်ရာ အိမ်ကလေးဖြစ်ပါသည်။ ယခုအခါမှာတော့ မမတယောက်ထဲ နေရသည့် အိမ်ကလေးဖြစ်၏။

ကြာပြီဆိုတော့ အိမ်ကလေးလည်း တခုခုပြောင်းလဲနေလောက်ပြီဟု ထင်မိသော်လည်း အထင်ကမှားနေသည်။ အိမ်ရှေ့က ရင်ကွဲသရက်ပင်ကြီးလည်း ရှိနေသေးသည်။

၈၈ /၂၁Where stories live. Discover now