သောကြာနေ့၏ညနေခင်းသည်ကား စည်ကားလျက်ရှိသည် ။ လိမ္မော်ရင့်ရောင်ကောင်းကင်ပြင်အောက် လူးလားခေါက်ပြန်နေသည့်ယာဥ်များနှင့်အတူ လူသားတို့သည်လည်း ခြေချင်းလိမ်မတတ် ဖြတ်သန်းသွားလာလျက်ရှိနေကြ၏ ။ လမ်းဘေး၌ဖွင့်လှစ်ထားသည့်ဆိုင်ငယ်လေးများမှာ လမ်းတစ်လျောက်အတန်းလိုက်စီတန်းလျက်ရှိနေကာ လူရှင်းသည့်ဆိုင်ဟု၍ တစ်ဆိုင်တစ်လေတောင်မှ ရှိမနေပါချေ ။ တစ်ခုသောဆိုင်ငယ်လေးထဲ၌ မင်ယွန်းဂီမှာ စိတ်ဆင်းရဲမှုများစွာဖြင့် ထိုင်နေရပေသည် ။ ဆိုင်အတွင်းရှိလူအများ၏ ဆူညံအုံကြွနေမှုမှာ မိန်းကလေးတစ်ဦး၏ အသံပြဲကြီးဖြင့် အော်ဟစ်ငိုကြွေးလာသံကြောင့် ရုတ်ချည်းပင် တိတ်ဆိတ်သွားခဲ့တော့သည် ။ လူထု၏စူးစမ်းသည့်အကြည့်များမှာ သူတို့ဝိုင်းရှိရာသို့ ဆိုက်ရောက်လာသော် မင်ယွန်းဂီမှာ မျက်နှာကို လက်တစ်ဖက်ဖြင့်ကွယ်လိုက်ရင်း ကျန်လက်တစ်ဖက်ဖြင့် ရှေ့မှလူအား အငိုတိတ်သွားစေရန် လက်ပုတ်ပေးကာနှစ်သိမ့်ပေးလိုက်သည် ။
ကင်မာရီမှာ အသံပြဲကြီးဖြင့် မျက်စိမှိတ်လျက်အော်ငိုနေပါသော်ငြား တိတ်ဆိတ်သွားသည့်ရပ်ဝန်းအခြေအနေအောက် သူမသည်လည်း ရှက်ရွံစွာ တိုးလျော့သွားခဲ့ပြီး သူငယ်ချင်းမှ လက်အားပုတ်၍ နှစ်သိမ့်လာသောအခါ ဆက်မငိုတော့ရန် ဆုံးဖြတ်လိုက်ရတော့သည် ။
" ဟင့်~ဟင့် "
မင်ယွန်းဂီက တအီအီငိုနေဆဲဖြစ်သည့်ကင်မာရီထံ တစ်ရှူးကမ်းပေးလိုက်ပြီး တစ်ရှူးဘူးကိုပါ သူမဘေးသို့ တိုးပေးလိုက်သည် ။ သူမက တစ်ရှူးအား ဆတ်ခနဲလှမ်းယူလာပြီးသော် နှာရည်တွေအား အားပါးတရညှစ်ချလာသည် ။ ပြီးနောက် အသင့်ချပေးထားသည့်အမှိုက်ပုံးထဲ ပစ်ထည့်လာ၏ ။ ထို့နောက်မှ နောက်တစ်ရွက်ထပ်ယူလာကာ မျက်ရည်စတို့အား သုတ်သင်လာသည် ။
သူ့အနေဖြင့် ဤဖြစ်အင်ကိုကြည့်ပြီး မည်သည့်ကိစ္စဖြစ်နေသနည်းဟု စကားအပိုလုပ်၍ မေးရန်မလိုပါချေ ။ သေချာပေါက် ကင်မာရီတစ်ယောက် သူမချစ်သူနှင့် ရန်ဖြစ်လာခြင်းမျိုးသာ ဖြစ်သည် ။ ယခုနှစ်တွေအတောအတွင်း သူမတို့အတွဲရန်ဖြစ်လာခဲ့သည်မှာ လက်ချိုးရေလို့ပင် မနိုင်တော့ပါချေ ။ သူခင်မျာ အခေါက်တိုင်းနီးပါး သနားကရုဏာသက်စွာသူမအားနှစ်သိမ့်ပေးခဲ့သည်မှာလည်း ယနေ့ ဤဆိုင်ထဲ၌ ထိုင်နေသည့်အထိပင် ဖြစ်သည် ။
YOU ARE READING
BLUE
Fanfictionမောင်အတွက်သာဆို သူ ဗီလိန်ဖြစ်ရလည်း အဖြစ်ခံနိုင်သည် ။ တစ်လောကလုံးက အမုန်းတွေကိုလည်း သူခံနိုင်ပါသည် ။ မောင်ကိုတော့ ဘယ်နည်းနဲ့မဆို ပိုင်ဆိုင်နိုင်ရမည် ။ ဒါဟာ သူ့အတွက် အချစ်ဆိုတာပင် ။