သူ၏ ယခင်နေ့ရက်များထက်စာလျှင် ယခုရက်ပိုင်းသည် အတော်လေး ပြောင်းလဲသွားပါ၏ ။ ယခင်က မောင်ပြင်ပေးသည့်မနက်စာကို စားသောက်ပြီးအလုပ်ကို ပုံမှန်တက်ခဲ့ရသလို အလုပ်ဆင်းလျှင်လည်း မောင်နှင့်အတူ ညစာစားနိုင်သည် ။ မောင့်မျက််နှာလေးကို ညအိပ်ယာဝင်ချိန်တိုင်း ငေးကြည့်နိုင်သည် ။ နံနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်သည်နှင့် အရင်ဆုံးမြင်ရသည်မှာ မောင့်ပုံရိပ်လေး ဖြစ်သည် ။ ယခုမူ အထီးကျန်စွာ တစ်ယောက်တည်း ဖြစ်နေရပါ၏ ။ နံနက်ခင်းသည် သူ့အား တိတ်ဆိတ်မှိုင်းဝေမှုတို့ဖြင့် ဆီးကြိုကာ ကော်ဖီခါးခါးသည် ယခင်ကထက်ပင် ခါးသက်နေခဲ့ပါ၏ ။စားချင်စိတ်မရှိစွာ ပင်ပန်းနေမှုကြောင့် ထမင်းစားချိန်များလည်း မမှန်တော့ပါချေ ။ ထမင်းမစားဘဲ ကော်ဖီတစ်ခွက်တည်းဖြင့် လုံလောက်သည့်အချိန််များလည်း ရှိပေ၏ ။ အိမ်တံခါးဖွင့်လိုက်သည်နှင့် အမှောင်ထုတစ်ရပ်က အေးစက်စွာ သူ့အား ဆီးကြိုကာ မီးထွန်းလိုက်လျှင်တောင်မှ နွေးထွေးပြီးသက်တောင့်သက်သာစရာ ဖြစ်မလာပါချေ ။ နားခိုရာအိမ်သည် စိတ်ကျဥ်းကျပ်စရာသာ ဖြစ်နေပါ၏ ။ သူ့အားဆီးကြိုပွေ့ဖက်မည့်မောင်မရှိသောအခါ အရာအားလုံးသည် အဖြူနှင့်အမဲရောနှောနေသည့်အလား စိတ်နှလုံးအား ထုံထိုင်းစေပေ၏ ။ တစ်ခါမျှ မောင်နှင့် ယခုလို ခွဲမနေဘူးလေရာ သူ့ဘေးနား၌ကွက်လပ်ကြီးတစ်ကွက် ဖြစ်တည်လို့နေပါ၏ ။
အကြီးအကျယ်ရန်ဖြစ်၍ မောင်တစ်ယောက် အိမ်ပေါ်ကဆင်းသွားလျှင်တောင်မှ အများဆုံး (၂ )ရက်ပဲ ဖြစ်လေရာ မသိသာခဲ့ပါချေ ။ အထီးကျန်လှသည့်သူ၏စိတ်ဝိညာဥ်လေးသည် မောင့်အကြောင်းလေးတွေးမိသည်နှင့် ပို၍ လွမ်းဆွတ်စိတ်တို့ပြည့်လျှံကျကာ အိပ်မပျော်ချိန်များ များလာရပါ၏ ။ လုပ်ချင်ကိုင်ချင်စိတ်များလည်း ပျောက်ကွယ်နေကာ စိတ်နှင့်လူနှင့် မကပ်ပါချေ ။
ယနေ့တွင်လည်း သူသည် နံနက်စာအဖြစ် ကော်ဖီတစ်ခွက်သောက်ကာ ငေးငေးငိုင်ငိုင်ထိုင်နေမိ၏ ။ ညက အိပ်မပျော်ခြင်းကြောင့် သူ့မျက်ကွင်းတို့ ချောင်ကျနေပေ၏ ။ တိတ်ဆိတ်နေသည့်အခန်းတွင်းအား ဆူညံစေသည့် ဖုန်းလာသော်အခါ စိတ်တို့သည် ပြန်လည်စုစည်းသွားရပါ၏ ။ သူသည် ဖုန်းအား ကောက်ကိုင်လိုက်သည် ။ ယူမြောင်ဟီး ဆိုသည့်နာမည်ကြောင့် ချပစ်ရန် စိတ်ကူးလိုက်သော်လည်း လက်တို့ကတော့ဖြင့် လက်ခံလိုက်ပြီ ဖြစ်သည် ။
YOU ARE READING
BLUE
Fanfictionမောင်အတွက်သာဆို သူ ဗီလိန်ဖြစ်ရလည်း အဖြစ်ခံနိုင်သည် ။ တစ်လောကလုံးက အမုန်းတွေကိုလည်း သူခံနိုင်ပါသည် ။ မောင်ကိုတော့ ဘယ်နည်းနဲ့မဆို ပိုင်ဆိုင်နိုင်ရမည် ။ ဒါဟာ သူ့အတွက် အချစ်ဆိုတာပင် ။