ဒုတိယထပ်အလွှာ ၊ အခန်း ( ၇ )၏ အခန်းဝရှေ့၌ သူ ရပ်တန့်နေခဲ့သည်မှာ မိနစ်အနည်းငယ်မျှပင် ရှိချေတော့မည် ။ စိတ်မြန်လက်မြန်ရှိသည့်အကျင့်ကြောင့် ကြာကြာထိုင်တွေးမနေနိုင်ဘဲ အလုပ်မှ လစ်ထွက်လာခဲ့ခြင်းဖြစ်သည် ။ အဖြစ်မှန်အား အမှန်တကယ် နဖူးတွေ့၊ ဒူးတွေ့ တွေ့ရနိုင်တော့မည်အချိန်ကျ သူ စိတ်မတင်းထားနိုင်ပါချေ ။ ကြောက်ရွံတုန်လှုပ်နေမိခြင်းကြောင့် ယခုအချိန်ထိ ဘဲလ်မနှိပ်နိုင်ရခြင်းပေ ။ မင်ယွန်းဂီမှာ မျက်စိစုံမှိတ်ကာ သက်ပြင်းချလိုက်သည် ။ သူ့၏ သံသယစိတ်များသည် အဖြစ်မှန်အား မသိရမချင်း ကြီးမားလွန်ကဲနေဦးမည်ဖြစ်သည် ။ တအုံနွေးနွေးဖြင့် ပူလောင်နေမှုအား သူ မခံစားနိုင်တော့ပါချေ ။ ချိတုံချတုံဖြစ်နေသည့်တိုင် သူသည် လက်မြှောက်ကာ ဘဲလ်နှိပ်ရန် ပြင်လိုက်တော့သည် ။
" အဲ့ဒီမှာ ဘာလုပ်နေတာလဲ "
အမျိုးသမီးတစ်ယောက်၏ ခပ်မာမာအသံကြောင့် သူ လှည့်ကြည့်လိုက်မိသည် ။
အမျိုးသမီးသည် သူ့အား မယုံသင်္ကာမျက်လုံးများဖြင့် စိုက်ကြည့်နေသည့်တိုင် စိုးထိတ်နေဟန်လည်း ရပေ၏ ။
မင်ယွန်းဂီသည် သူ့ရှေ့မှ လူအား လှမ်းကြည့်ရင်း သူ့ တစ်ကိုယ်လုံးအေးခဲသွားသလို ခံစားလိုက်ရပေသည် ။ ထိုအမဲရောင် ဖြောင့်စင်းနေသည့်ဆံပင်ရှည် နှင့် ရင်းနှီးသည့်မျက်နှာအား သူ တစ်ခါမျှသာ မြင်ဖူးသော်ငြား မှတ်မိနေဆဲဖြစ်သည် ။
ထိုသူသည် မောင်၏ သူငယ်ချင်းဟု ဆိုသူဖြစ်သည် ။ တစ်နည်းအားဖြင့် သူမသည် ယူမြောင်ဟီးသာ ဖြစ်၏ ။
မင်ယွန်းဂီမှာ သူမအား ခြေဆုံး၊ ခေါင်းဆုံးကြည့်ရှူနေရင်း သူ့၏အကြည်တို့သည့် တစ်ခုသောနေရာ၌ ရပ်တန့်သွားရတော့သည် ။ ထိုနေရာသည် အမျိုးသမီး၏ ဝမ်းဗိုက်အလယ်ဖြစ်သည် ။ သူသည် ထိုနေရာအား စိုက်ကြည့်နေမိရင်း လက်များမှာ တဆက်ဆတ်ပင် တုန်ယင်လာရတော့သည် ။ ယူမြောင်ဟီးသည် သူ၏အကြည့်တွေအား သတိထားမိသွားသည်အလား ထိုသိသိသာသာဖောင်းနေသည့်ဗိုက်ပေါ် လက်တင်လာကာ ကာကွယ်လာပါ၏ ။ သူသည် ဤသို့ အနီးကပ်မြင်လိုက်တော့မှသာလျှင် သူမအား ကိုယ်ဝန်ဆောင်သည်မှန်း သိရပေတော့၏ ။ ပထမတစ်ခါ သူမအား တွေ့လိုက်ရသော်ငြား ဤလောက်အထိ သတိမထားခဲ့ခြင်းများလား သို့တည်းမဟုတ် ထိုနေ့က ပွယောင်းယောင်း အဝတ်အစားကြောင့် သတိမထားမိခဲ့ခြင်းများလား သူ မတွေးနိုင်တော့ပေ ။ သူသိသည့် တစ်ခုတည်းသော ကိစ္စမှာ ယူမြောင်ဟီးသည် ကိုယ်ဝန်ဆောင်သည် တစ်ယောက်ဖြစ်သည်ပင် ။
YOU ARE READING
BLUE
Fanfictionမောင်အတွက်သာဆို သူ ဗီလိန်ဖြစ်ရလည်း အဖြစ်ခံနိုင်သည် ။ တစ်လောကလုံးက အမုန်းတွေကိုလည်း သူခံနိုင်ပါသည် ။ မောင်ကိုတော့ ဘယ်နည်းနဲ့မဆို ပိုင်ဆိုင်နိုင်ရမည် ။ ဒါဟာ သူ့အတွက် အချစ်ဆိုတာပင် ။