Chapter 77
လီယင်းက သူ့ကို မေးလိုက်၏။
"လှေသေးသေးလေးပဲ စီးမလား ဒါမှမဟုတ် အလှဆင်ထားတဲ့ ဖျော်ဖြေရေးလှေကို စီးမလား ..."
ယွင်ချင်းစီက ကန်ထဲကို လှမ်းကြည့်လိုက်သည်။ လီယင်းက ယနေ့ အပြင်ထွက်လည်ရန် အသေအချာ ပြင်ဆင်ထားခဲ့သည့်ဟန်။ ကန်ထဲတွင် ကောင်းစွာ ပြင်ဆင်ခြယ်သထားသည့် လှေကိုသာမက ရိုးရှင်းသည်ဟု ခံစားရသည့် လှေတစ်စီးကိုပါ တွေ့လိုက်ရသည်။
သူက ခပ်သေးသေးလှေကို လက်ညှိုးထိုးပြကာ အနည်းငယ် စိတ်ဝင်စားစွာဖြင့် ပြောလိုက်သည်။
"ကိုယ့်ဘာသာကိုယ် လှော်လို့ရလား ..."
"ရတာပေါ့ ဒါပေမယ့် ကိုယ့်ခန္ဓာကိုယ်ကို သေချာပေါက် ဂရုစိုက်ရမယ် ..."
"မင်းကရော မလိုက်ဘူးလား ..."
ယွင်ချင်းစီက လှေထဲသို့ ဝမ်းသာအားရ ခြေချလိုက်သည့်အခါ လှေတစ်စီးလုံး ဘယ်ညာယိမ်းနွဲ့သွားတေု့သည်။ လီယင်းက သူ့ကို ကူထိန်းပေးရင်း ပြောလိုက်၏။
"ဖြည်းဖြည်း ..."
ယွင်ချင်းစီက သူနှင့် မျက်နှာချင်းဆိုင်တွင် ခပ်ဖြည်းဖြည်း ဝင်ထိုင်ကာ လှော်တက်အသေးတစ်ခုကို ကောက်ယူလိုက်သည်။
နွေရာသီ မရောက်သေးသည့်အတွက် ကန်ဘေးရှိ မိုးမခပင်၏ အရွက်တို့မှာ စိမ်းစိုနေဆဲဖြစ်ကာ ကန်ထဲရှိ ငါးတို့ မြူးထူးပျော်ပါးကာ ဝန်းကျင်တစ်ခုလုံး ထိန်လင်းနေသည်။
ယွင်ချင်းစီက ရေထဲတွင် ဝမ်းသာအားရ လှော်ခတ်ကြည့်ပြီးနောက် ချက်ခြင်း ရပ်တန့်ကာ ထိုကဲ့သို့သော ပင်ပန်းသည့် အလုပ်မျိုးကို ဧကရာဇ်လီ၏ လက်ထဲသို့သာ လွှဲထားလိုက်တော့သည်။
လှေအစွန်းတွင် ထိုင်ကာ ရေထဲသို့ လက်ကို နှစ်ကြည့်လိုက်၏။ ရေမှာ အနည်းငယ် အေးစက်နေသည်။ ငါးပေါက်စလေးများက သူ့လက်ချောင်းကိုဖြတ်ကာ အုပ်စုလိုက် ကူးသန်းသွားကြရာ အနည်းငယ် ယားကျိကျိ ဖြစ်မိသည့်တိုင် သက်တောင့်သက်သာဖြစ်မှုကိုလည်း ခံစားရပေသည်။
သူ့အမူအယာက တစ်ဖြည်းဖြည်းချင်း တည်ငြိမ်လာ၏။
လီယင်းကို အချိန်အကြာကြီး သိလာခဲ့ရာ တစ်ခါတစ်ရံတွင် သူနှင့် တစ်သားတည်း ဖြစ်နေပြီဟုပင် ခံစားရသည်။ လီယင်းက သူ့ဘေးတွင် ရှိနေသည့်အခါ လွန်စွာ သက်တောင့်သက်သာ ရှိလှပြီး လီယင်း ရှိမနေပါလျှင်မူ သူ့စိတ်ဝိဉာဉ်တစ်ခြမ်း ပျောက်ဆုံးသွားသည်ဟုပင် ခံစားမိလာတော့၏။
YOU ARE READING
Shou ကလေးပြောင်းလဲသွားပြီ (ဘာသာပြန်)
Romanceဟဲဟဲ နောက်တစ်ပုဒ် လာပြန်ပါပြီ ဖတ်ပေးကြပါဦး Title ကို Description မှာထည့်ပေးထားတယ်နော် All credit to Original Author and E translator