အခန်း (၁၀)

1.2K 112 2
                                    

Unicode
.
.
ညစာစားပြီးနောက်တွင် အိမ်တော်ထိန်းဝမ်က ယာဖိုသည် သင့်လျော်သော အလုပ်သမားအချို့ကို ရွေးချယ်ပြီးကြောင်း၊ အန်းချန်ချင်းက သူတို့အား မည်သည့်အချိန်တွင် တွေ့ဆုံလိုကြောင်းကို မေးမြန်းလာလေသည်။

အန်းချန်ချင်းက ပြောလိုက်၏။

"ကျွန်တော် မနက်ဖြန် မွန်းလွဲပိုင်းလောက် တွေ့ကြည့်မယ်"

အိမ်တော်ထိန်းဝမ်သည် လေးစားစွာဖြင့် ဦးညွှတ်လိုက်ပြီး ပြန်ဆုတ်ခွာတော့မည့် အချိန်တွင် ရှောင်ကျစ်ကောက သူ့ကို တားလိုက်၏။

"အိမ်တော်နဲ့ အပြင်ဘက်က သိုလှောင်ရုံတွေရဲ့ စာရင်းစာအုပ်တွေကို စုထားပေးဦး။ အခုကစပြီး ဝမ်ဖေးက တာဝန်ယူလိမ့်မယ်"

အိမ်တော်ထိန်းဝမ်၏မျက်နှာပေါ်တွင် အမူအရာတစ်ချိုု့ ပြောင်းလဲသွား၏။ သူသည် တစ်စုံတစ်ရာ ပြောလိုနေသော်လည်း ရှောင်ကျစ်ကော၏ ဆုံးဖြတ်ချက် ခိုင်မာပြတ်သားနေမှုကို မြင်လိုက်ရသောအခါ သူသည် ပြန်ထိန်းလိုက်ပြီး ဦးညွှတ်လိုက်တော့သည်။

"ဟုတ်ကဲ့ပါ"

အိမ်တော်ထိန်းဝမ် ထွက်သွားပြီးနောက် အန်းချန်ချင်းသည် ရှောင်ကျစ်ကောကို ကြည့်ကာ ဘဝင်ခိုက်စွာ ပြုံးလိုက်လေသည်။

"စီးပွားရေးရာကိစ္စတွေမှာပါ ဝမ်ရယ်က ကျွန်တော့်ကို ထိန်းချုပ်ခွင့်ပေးတော့မလို့လား။
ဝမ်ရယ့် ရွှေတွေအကုန်လုံးကို ကျွန်တော် ဖြုန်းတီးလိုက်မှာကို မကြောက်ဘူးလားဟင်"

ရှောင်ကျစ်ကောသည် အန်းချန်ချင်း ပြောလာသော စကားများကို ကြားလိုက်ရချိန်၌ သူသည် ဝတ်ရုံချွတ်လဲနေခြင်းဖြစ်၏။ သူက ပြန်ပြောလိုက်လေသည်။

"မကြောက်ဘူး"

ခဏအကြာတွင် အန်းချန်ချင်းက ယင်းကို အလွန်အကျွံသတိထားနေမည်စိုး၍ သူက ထပ်ဖြည့် ပြောလိုက်၏။

"အိမ်တော်မှာ ရွှေတွေ မရှားပါဘူး"

အန်းချန်ချင်း၏မျက်နှာပေါ်ရှိ အပြုံးသည် ဝင့်ကျယ်သွားရကာ သူသည် သူ၏မေးစေ့၌ လက်ထောက်ထားလျက် ထိုသူ့ကို ကြည့်နေလိုက်၏။ ဝမ်အိမ်တော်သည် စည်းစိမ်ဥစ္စာများစွာ ပိုင်ဆိုင်ကြောင်းကို အန်းချန်ချင်းက သိပေသည်။ သူ၏ယခင်ဘဝ၌ ရှောင်ကျစ်ကော နန်းတက်သည့်အချိန်တွင် ယခင်ဧကရာဇ်မင်းကြီး၏ ဖြုန်းတီးမှုများကြောင့် တိုင်းပြည်၏ ဘဏ္ဍာသည် ကုန်လုနီးပါးဖြစ်ခဲ့ရလေသည်။ ပေသိလူမျိုးများနှင့် စစ်ပွဲဖြစ်ပွားသည့်အချိန်အတွင်းတွင် စစ်သည်တော်များအတွက် ရိက္ခာဝယ်ယူရန် ရွှေငွေအလုံအလောက် မရှိခဲ့ပေ။ ချမ်းအေးလွန်းသော ဆောင်းရာသီသို့ ရောက်လာသည့်အချိန်တွင် အစာရေစာငတ်ပြတ်နေကြသော စစ်သည်တော်များမှာ သူတို့၏အစာအတွက် သူတို့၏စစ်မြင်းများကို သတ်ဖြတ်ခဲ့ကြရသည်။ ထိုသတင်းများကို ကြားသိလိုက်ရပြီးနောက် ရှောင်ကျစ်ကောသည် ငတ်မွတ်ခေါင်းပါးမှုများ လျော့နည်းစေရန်အတွက် ရွှေငွေသေတ္တာကြီးများကို တစ်ပုံးပေါ် တစ်ပုံးဆင့်၍ နယ်စပ်ဒေသို့ စေလွှတ်လှူဒါန်းခဲ့ပေသည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now