10

84 9 2
                                        

ထမင်းစားပြီးတော့ သူ့အခန်းထဲ နှစ်ယောက်သားဝင်လာကြသည်။ မေမေတို့ကတော့ အောက်ထပ်က ဧည့်ခင်းထဲမှာ တီဗွီကြည့်နေကြသည်။
သူက စာလုပ်ဖို့ပြင်နေပေမယ့် Jeno က ခုတင်ပေါ် လှဲဖို့ကြံနေသည်။
"မအိပ်သေးနဲ့။ စာလုပ်ရမယ်"
သူပြောတော့ Jeno က နှုတ်ခမ်းဆူပြသည်။
"မင်းကလည်း တက္ကသိုလ်ကျောင်းသားပဲ။ နေ့တိုင်းစာလုပ်စရာမလိုပါဘူး"
"ငါလည်း နေ့တိုင်းလုပ်နေတာတော့မဟုတ်ပါဘူးကွ။ မနက်ဖြန်  assignment ထပ်စရာရှိတယ်"
ဒီတော့မှ မျက်လုံးပြူးလေးနဲ့ သူ့ဘေးနားရောက်လာသည်။ ပြီးတော့ စိတ်အေးသွားပုံ ပြန်ဖြစ်သွားသည်။
"ဟိုလေ မင်းရေးပြီးရင် ငါကူးလို့.."
Jeno စကားမဆုံးခင် သူ့လက်က Jeno နားကို ဆွဲပြီးသားဖြစ်သွားသည်။
"အ အ နာတယ် Renjunnie"
"ကိုယ့်ဘာသာရေး။ အခုရေးမယ်"
"သိပြီလို့။ သိပြီမို့လို့ လက်လေးလွှတ်ပေးနော်"
သူလွှတ်ပေးလိုက်တော့ ဆူပုပ်ပုပ်နဲ့ လုပ်နေတဲ့ Jeno ရယ်ပါ။ ဒီလိုကျတော့လည်း လူတွေပစ်ကြွေနေတဲ့ cool guy လေးမဟုတ်ဘဲ စာမလုပ်ချင်တဲ့ ကလေးလေးဖြစ်သွားပြန်ရော။
*
Huang Renjun က တကယ်ကို လှသည်။ စာကြည့်နေတဲ့ပုံလေးကိုက အနုပညာလက်ရာလေးလို လှသည်။ အာရုံစူးစိုက်ပြီး ကြည့်နေတဲ့ မျက်ဝန်းလှလှလေးကို ဝန်းရံထားတဲ့ မျက်တောင်ရှည်လေးတွေကလည်း လှသည်။ နှုတ်ခမ်းလေးဆူပြီး ပွစိပွစိလှုပ်နေသည့် နှုတ်ခမ်းလေးကလည်းလှသည်။
သူငေးနေတုန်းမှာပဲ သူ့ကို ကြည့်လာသည့် မျက်လုံးလေးတွေနှင့်ဆုံသည်။
"အဟမ်း စာမလုပ်ဘဲနဲ့"
Renjun က ရှိုးတိုးရှန့်တန့်နဲ့ပြောတော့ သူလည်း စချင်လာသည်။
"ကိုယ့်ရည်းစားကိုယ် ကြည့်တာ"
ပါးလေးတွေရဲပြီး Renjun က ခေါင်းငုံ့ကာ စာလုပ်တော့သည်။ ထိုပါးရဲရဲလေးကို ခပ်ဖွဖွလိမ်ဆွဲလိုက်တော့ ခေါင်းလေးပြန်မော့လာသည်။
"Lee Jeno"
"အိုခေ အိုခေ စာလုပ်ပြီ"
စာလုပ်ပြီးတော့ အိပ်ဖို့ပြင်သည်။
"Jeno မီးပိတ်လိုက်လို့ရပြီလား"
အိပ်ရာပေါ်မှာ အကျအနနေရာယူလိုက်ပြီး
"ရပြီ"
မီးပိတ်ပြီးမှ Renjun က ခုတင်ပေါ်တက်လာသည်။ တိတ်ဆိတ်နေပေမယ့် နေရမခက်ပေ။
"ဘာဖြစ်လို့ ဒီမှာ အိပ်ဖို့ အကြံပေါ်လာရတာလဲ"
Renjun က မေးသည်။
"မင်းရဲ့ ကမ္ဘာကြီးကို လေ့လာချင်လို့"
Renjun ဆီက ရယ်သံသေးသေးလေးတွေ ထွက်လာသည်။
"အဲ့ဒီတော့ ဘယ်လိုနေလဲ"
"မင်းရဲ့ကမ္ဘာကြီးက နွေးထွေးတယ်။ ထမင်းတူတူစားပေးတဲ့ မိဘတွေရှိတယ်။ မင်းတို့အိမ်လေးက တကယ်နွေးထွေးတယ်"
"Jeno ရေ မင်း ဖေဖေနဲ့မေမေကို စိတ်ဆိုးနေတာလား"
အဲ့လို စကားမျိုးသူ့ကို ဘယ်သူမှမမေးဖူးတာမို့ လေးလေးနက်နက်စဉ်းစားနေမိသည်။ ပြီးတော့ Renjun ကို ပြော‌ပြရတာမို့ သေချာလေး ပြောချင်မိသည်။
"နည်းနည်းတော့ မကျေမနပ်ဖြစ်တယ်"
Renjun က တိတ်ဆိတ်စွာနဲ့ သူ့ကို နားထောင်ပေးနေသည်။
"အစက ဘာကို မကျေမနပ်ဖြစ်နေလဲမသိပေမယ့် မင်းတို့မိသားစုကို တွေ့လိုက်တော့ ငါလိုချင်တဲ့အရာကို တွေ့လိုက်ရသလိုပဲ။ မေမေတို့နဲ့အတူ နွေးနွေးထွေးထွေးနေချင်တယ်။ ဒါပေမယ့် သူတို့က အလုပ် အလုပ် ပဲ"
Renjun က သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်လာသည်။
"Jeno ရေ အန်တီတို့ကို သိပ်ပြီးလည်း စိတ်မခုပါနဲ့။ အန်တီတို့ အဲ့ဒီလို ကြိုးစားနေလို့ မင်းက ကိုယ်ပိုင်ကားနဲ့လည်းကျောင်းတက်နိုင်တယ်။ မင်းသုံးချင်တာ လုပ်ချင်တာ လုပ်လို့ရတာပေါ့"
Renjun ပြောပြတော့ ဟုတ်သလိုလိုရှိသည်။ Renjun လို တစ်ခါမှသူမတွေးခဲ့ဖူးပါ။
"မင်းက တွေးပေးတတ်တာပဲ"
"အဲ့လောက်လည်း မဟုတ်ပါဘူးကွာ။ တစ်ခါတစ်လေကျရင် အိမ်ကို စောစောပြန်ကြည့်ပေါ့။ မင်းမေမေတို့က မင်းကို ထမင်းစားဖို့စောင့်နေမလားတောင် မသိနိုင်ဘူးလေ"
"အွန်း လုပ်ကြည့်မယ်"
"အိပ်ကြစို့"
သူ့စိတ်ထဲမှာ လုပ်ကြည့်ဖို့တေးမှတ်ထားလိုက်သည်။
အဲ့ဒီညက နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ပါသည်။

Fall in love casually Where stories live. Discover now