p - 13

138 13 0
                                    

Unicode..

" စစ်သူကြီး မဏီဟန္တီ တွေ့ခွင့်တောင်းနေပါတယ်ဘုရား"

" ဝင်လာခိုင်းလိုက်လေ"

ပန်သုထျာသည် အိန္ဒြေပင်မဆည်နိုင်စွာ ဝမ်းသာအယ်လဲ ပြောမိသည်။

စစ်သူကြီး မဏီဟန္တီသည် မိန်းမတစ်ယောက်ဖြစ်သော်လည်း စစ်ရေးစစ်ရာတွင် ကျွမ်းကျင်ပြီး ဖြတ်ထိုးဉာဏ်ကောင်းသူဖြစ်သည်။ဘုရင့် စစ်တပ်တစ်ခုလုံးကို အုပ်ချုပ်ရပြီး ဟန်လင်းဘုရင်အပေါ် သစ္စာစောင့်သိမှုသည် ပြောစမှတ်တွင်စရာပင်ဖြစ်ခဲ့သည်။ဘယ်လောက်ပင် ပြီးပြည့်စုံသည့်လူဖြစ်ပါစေ ချို့ယွင်းချက်ရှိစမြဲပင်။ခဝါသည်၏ သမီးဖြစ်သည်ဟု မနာလိုသူတို့က အပုပ်ချစမြဲ။မှန်ပေသည် စစ်သူကြီး မဏီဟန္တီသည် ခဝါသည်၏ သမီးဖြစ်သည်။ဤကဲ့သို့သော စစ်သူကြီးဖြစ်လာသည်မှာ မင်းသမီး ပန်သုထျာ၏ ကျေးဇူးကြောင့်ပင် ဖြစ်၏။

နန်းတော်ထဲ စတင်ရောက်ရှိလာသည့် အချိန်တွေကိုမဏီ မှတ်မိသေးသည်။ငါးနှစ်သမီးအရွယ်တွင် မိခင်သည် မဏီ၏ လက်ကို ဆွဲပြီး နန်းတော်ထဲဝင်လာသည်။အဲဒီအချိန်မှာတော့ အရာရာသည် အဆန်းတကျယ်ဖြစ်ခဲ့သည်။ကျယ်ပြန့်သည့် နန်းတော်ရာနှင့် လှပဆန်းကျယ်သည့် အဆောက်အအုံတို့ကြောင့် ရင်သပ်ရှုမော ဖြစ်ခဲ့ရဖူးသည်။မိခင် အလုပ်ရှုပ်နေသည့်အချိန်များတွင်လည်း နန်းတော်ထဲ တစ်ယောက်တည်း လျှောက်ကြည့်သည်။အဲဒီအချိန် ဆော့ကစား‌နေသည့် မင်းသမီး သေးသေးလေးကို  တစ်ခုခုဖြစ်မည်စိုး၍ စိုးရိမ်တကြီး လိုက်တားနေသည့် အထိန်းတော်များကို မင်းသမီးလေးက စိတ်ဆိုးမာန်ဆိုး မောင်းထုတ်နေသည်ကို မဏီ အံ့ဩတကြီး ငေးကြည့်နေမိသည်။

မဏီမှာ ကလေးပင် ရှိသေးသော်လည်း မိခင်၏ သင်ပြပေးမှုကြောင့် မဏီတို့ထက် အဝတ်အစားတောက်ပြောင်သည့် သူများကို အရိုအသေပေးရမည်ကို သိသည်။
မင်းသမီးလေးမှာ အထိန်းတော်တွေကို ကျိန်းမောင်းနေရင်း သူ(မ)အား အံ့ဩတကြီး ငေးကြည့်နေသော ကောင်မလေးကို တွေ့သွားသည်။

  မျက်ဝန်းတို့သည် တောက်ပနေပြီး အရပ်အမောင်းမှာ မင်းသမီးထက်ပင် ရှည်လျားသေးသည်။ပိရိသေသပ်သည့် လေးကိုင်းသဏ္ဍာန်နှုတ်ခမ်းတို့သည် ဩဇာလွှမ်းမိုးနိုင်ပြီး ဉီးဆောင်နိုင်ဟန်ရှိသည်။ဆံပင်တို့မှာ ထူထဲ နက်မှောင်နေပြီး ထိပ်အလယ်တည့်တည့်တွင် ထုံးဖွဲ့ထားသည်။အဝတ်အစားနွမ်းနွမ်းတို့ကို ဝတ်ထားသော်လည်း အရောင်အဝါသည် မှေးမှိန်သွားခြင်း မရှိပဲ ထွန်းတောက်မြဲ ‌ထွန်းတောက်နေ၏။

လွမ်းမောစရာ ခေတ်ဟောင်းမြေ (လွမ်းမောစရာ ခေတ်ဟောင်းမြေ)Where stories live. Discover now