အခန်း(၆) - သခင်မချီအဖြစ် ထွက်ပေါ်လာခြင်း
ရှန်းမူမူရင်ထဲတွင် ပဋိပက္ခများဖြစ်နေသည်။ "ဟယ်လို၊ နေကောင်းလား" ဟုပြန်ဖြေလျှင် တစ်မျိုးကြီး ဖြစ်နေမည်။ "ဟယ်လို၊ ဒါလင်" ဟုပြန်ဖြေလျှင်လည်း အလွန်ပင် အကဲပိုနေသလို ဖြစ်နေဦးမည်။ သူမဘာတစ်ခွန်းမှ ပြန်မဖြေခင်တွင် ချီမော့၏ သံလိုက်လို ဆွဲငင်နိုင်ပြီး သာယာလှသော အသံသည် သူမ၏ နားစည်များ အရည်ပျော်သွားအောင် လာရိုက်ခတ်နေသည်။
"မနက်ဖြန်ကျရင် ကော့တေးပါတီ ရှိတယ်၊ ကိုယ်နဲ့ အတူသွားကြမယ်၊ လက်ထောက်တုန်းက မင်းကိုလာကြိုလိမ့်မယ်၊ အဆင်သင့်ပြင်ထားလိုက်"
ချီမော့ ဖုန်းချသွားပြီးနောက် ရှန်းမူမူသည် ချီမော့ပြောခဲ့သော "အဆင်သင့်ပြင်ထားလိုက်" ဟူသော စကားကို စဉ်းစားနေခဲ့သည်။
ဘာကို အဆင်သင့်ပြင်ထားရမည်နည်း။
သူမသည် နောက်ဆုံးတွင် သေချာစဉ်းစားဆုံးဖြတ်ပြီးနောက် အကောင်အထည်ဖော် လှုပ်ရှားဖို့ အချိန် ရောက်လာခဲ့ပြီ။
စာချုပ်အရ လက်ထပ်ထားသော်လည်း လူအများရှေ့တွင် ဟန်ဆောင်မပျက် ချစ်ပြဖို့ တာဝန်ရှိနေပါသည်။
ထိုပါတီပွဲတွင် အမှားအယွင်းများမဖြစ်အောင် သူမသည် ဖုန်းကိုဖွင့်လိုက်ပြီး ချီမော့၏ အချက်အလက်များကို အွန်လိုင်းပေါ်တွင် ရှာဖွေဖတ်ရှုနေသည်။
ချီမော့ဟူ၍ စာရိုက်ရှာနေရင်း သူမသည် ရှက်ပြီး ရယ်မောနေမိသည်။
သူမသည် ဒီနေရာသို့ ရောက်တာကြာနေပြီဖြစ်သော်လည်း အိပ်လိုက်စားလိုက်နှင့် ချီမော့သည် ဘယ်လိုလူစားမှန်း တစ်ခါမှ မလေ့လာခဲ့ဖူးသောကြောင့်ဖြစ်သည်။
ဘယ်လောက်တောင် ပေါ့ပေါတန်တန် နေခဲ့ပါလိမ့်။ သူမသည် သူမ စားသော အစားအစာ၊ အဝတ်အစားနှင့် နေထိုင်ရာတို့ကို မလေ့လာမစုံစမ်းခဲ့ပေ။
ရှန်းမူမူသည် သူမ ရှာဖွေတွေ့ရှိသွားသောအရာကြောင့် လန့်သွားသည်။
ချီမော့၏ နောက်ခံသမိုင်းကြောင်းသည် စကြာဝဠာတစ်ခုလုံးက မနာလိုဖြစ်ချင်စရာအထိ ဖြစ်နေသည်။