အပိုင်း (၁၄) ရှင့် မိထွေးက ယောက်ျားတစ်ယောက်နဲ့ ဟိုတယ်ထဲ ဝင်သွားတယ်
ရှန်းမူမူက လက်ထဲတွင် ရှိနေသည့်အခွင့်အရေးကို လက်လွတ်မခံဘဲ အပြည့်အဝ ဆုပ်ကိုင်ထားသည်။
ဂရုတစိုက်နှင့် သူမက ငွေချေးသဘောတူစာချုပ်တစ်စောင် အကြမ်းဖျင်း ရေးခဲ့၏။
တစ်နေ့တွင် ချီမော့ အိမ်ပြန်လာသည့်အခါ သူ့ခြေထောက်က အိပ်ခန်းထဲ ခြေချရုံသာ ရှိသေးသည့်အချိန်၌ တံခါးနားမှာ စောင့်ဆိုင်းနေသည့် ရှန်းမူမူက သူ့လက်ထဲသို့ သဘောတူညီချက်စာချုပ်ကို မဆိုင်းမတွ ကမ်းပေးခဲ့သည်။
"မစ္စတာချီ ကျေးဇူးပြုပြီး ဒီမှာ လက်မှတ်ထိုးပေးပါ။" သူမက ပြောလိုက်သည်။
နက်ခ်တိုင်ကို ဖြေလျှော့နေသည့် အမျိုးသား၏ လက်က ခေတ္တ ရပ်တန့်သွားသည်။
ခဏလောက် တွေဝေနေပြီးနောက် သူက အကူအညီမဲ့သလို ပြုံးလိုက်ပြီး သဘောတူညီချက်စာရွက်ကို ယူကာ သူမနာမည်၏ ဘေး၌ သူ့နာမည်ကို ချရေးလိုက်သည်။
ရှန်းမူမူက လက်မှတ်ထိုးထားသည့် သဘောတူစာချုပ်ကို ဂရုတစိုက် လက်ခံယူပြီး သူ့အား စိတ်ချစေရန် ပြောလိုက်သည်။ "ကျွန်မ ကျိန်းသေ သဘောတူထားတဲ့အချိန်အတွင်းမှာ အတိုးရော အရင်းပါ ကျိန်းသေ ပြန်ဆပ်မှာပါ။ ကျွန်မ ထွက်မပြေးဘူး။"
ချီမော့က တစ်ချက်ရယ်လိုက်သည်။ "အင်း"
ကုမ္ပဏီက တဖြေးဖြေး ကြီးမားလာကတည်းက သူ ကိုင်တွယ်ရသည့် ပမာဏက အမြဲတမ်း ဂဏန်းကိုးလုံးထက် မလျော့ပေ။
ဤသည်မှာ နှစ်ပေါင်းအတော်ကြာမှ နှစ်မီလီယံဟူသော ဂဏန်းလေးလောက်နှင့် စာချုပ်ကို ထိုမျှ အလေးအနက် ချုပ်ဆိုပေးခဲ့ရခြင်း ဖြစ်သည်။
"အခု လက်မှတ်ထိုးပြီးသွားပြီဆိုတော့ ကိုယ် လုပ်ပေးရမှာ တစ်ခုခု ရှိလား။" ချီမော့က ရယ်မြူးရိပ်သမ်းနေသော အသံနှင့် မေးလိုက်သည်။
"မဟုတ်ဘူး။ ကျွန်မဆီက သတင်းကောင်းသာ စောင့်နေလိုက်ပါ။" ရှန်းမူမူက ပြန်ဖြေလိုက်ပြီး သူမ နှုတ်ခမ်းများက ယုံကြည်ချက်ရှိစွာ ကွေးညွှတ်နေသည်။
