အစောင့်ဆီမှ လှမ်းယူလိုက်သည့်ပစ္စည်းများမှာ အိပ်ဆေးတစ်ထုပ်နှင့် မနည်းလှသည့် ငွေသားအချို့ဖြစ်သည်။ အဖွားတုန့်နှင့် မဒမ်တုတို့၏မျက်နှာများ ချက်ချင်း ဖျော့တော့သွားကြ၏။ ဝူကျိုးနှင့် ဝမ်တို့ကို အစောင့်များ မည်သို့ရှာတွေ့သွားကြောင်း သူတို့စဥ်းစားမရဖြစ်နေကြသည်။
'သူတို့နှစ်ယောက်က ရှန်းမြို့တော်ကနေ ထွက်သွားပြီမဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ အစောင့်တွေနဲ့ တွေ့သွားရတာလဲ။'
ငွေစက္ကူတို့ကို ဝေ့ကွမ်းက လုံးချေလိုက်ပြီး ဒေါသကြောင့်တုန်ယင်နေသည့်လက်ဖြင့် ဆေးမှုန့်များကိုကိုင်ကာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် ထိုပစ္စည်းများကို အဖွားတုန့်နှင့် မဒမ်တုတို့ဆီသို့ လှမ်းပစ်ပေါက်လိုက်ပြီး
"ဒါတွေက ဘာတွေလဲ။ ခင်ဗျားတို့ ဘာတွေများထပ်ပြောစရာ ငြင်းစရာ ရှိသေးလဲ။"
ယင်းအိမ်တော်၏အပြင်ဘက်သို့ သွားလေ့သွားထမရှိသည့်မဒမ်တစ်ယောက်က ထိုသို့သောပစ္စည်းများကို သူ(မ)အနားတွင်သိမ်းထားသည်မှာ သေချာပေါက် ကြံစည်စရာတစ်ခုခုရှိနေသောကြောင့်ပင်။ ဝေ့ကွမ်းမှာ ဒေါသထွက်ရုံမက စိတ်လည်းပျက်မိသည်။ ပိုဆိုးသည်မှာ ဝေ့လော်အတွက် သူအလွန်စိတ်မကောင်းဖြစ်မိလေသည်။ မဒမ်တုက အားလော်လေးကို အချိန်တိုင်း အလိုလိုက်ကာ ချစ်ခင်သည့်ပုံစံရှိသောကြောင့် ကလေးကို ကောင်းမွန်စွာပြုစုစောင့်ရှောက်သည်အထင်နှင့် မဒမ်တုကိုယုံကြည်ကာ လွှတ်ထားခဲ့မိသည်။ သို့သော် ထိုအမျိုးသမီးထံတွင် ကလေးအပေါ်အကောက်ကြံသည့် ယခုကဲ့သို့အစီအစဥ်မျိုးရှိနေလိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ချေ။ သက်တော်စောင့်ကသာ အားလော်ကိုမကယ်တင်ခဲ့ပါက ယနေ့တွင် အားလော်တစ်ယောက် ကျွန်ကုန်သည်လင်မယား၏လက်ထဲသို့ ပါသွားချေရော့မည်။ ယခုနှစ်မှသာ အသက်(၆)နှစ်ပြည့်သည့် ထိုကလေးမလေးမှာ အနေအထိုင်တတ်ပြီး အလိုက်လည်းသိနေသည့်တိုင် မဒမ်တုကမူ အကြင်နာမဲ့သောနှလုံးသားဖြင့် သူ(မ)ကိုမုန်းတီးနေခဲ့သည်။
ထိုသို့ အဆင်မပြေသည့်စိတ်အခြေအနေကြောင့် ဝေ့ကွမ်း၏နှလုံးသားက ပို၍လေးလံလာသည်။ ကျောင်းမြောင်လန်ကိုလည်း ပို၍တမ်းတမိ၏။ သူ(မ)သာရှိနေပါက၊ သူ(မ)သာ မထွက်သွားပါက အားလော်လေး ယခုကဲ့သို့အခြေအနေဆိုးနှင့် ကြုံတွေ့ရလိမ့်မည်မဟုတ်ချေ။
YOU ARE READING
ချစ်ဇနီးလေးအား အလိုလိုက်ခြင်း
Romanceပြန်လည်မမွေးဖွားခင်တုန်းက ဝေ့လော်သည် ရိုးရိုးအအ ကလေးမလေးတစ်ယောက်ဖြစ်ခဲ့၏။ ပြန်လည်မွေးဖွားလာပြီးနောက်မှာတော့ သူ(မ)က အပြင်ပန်းကြည့်လျှင် ချစ်စဖွယ်ကောင်းသော်လည်း အတွင်းစိတ်ကတော့ လုံးဝကွဲပြားသည့်လူတစ်ယောက် ဖြစ်သွားခဲ့သည်။ သူ(မ)၏ပုံစံအစစ်အမှန်ကို သိရှိသွ...