ဝေ့ကွမ်းက လည်ပင်းညှစ်ထားသောကြောင့် အဖွားတုန့် အသက်မရှူနိုင်တော့သည်ကို မြင်သည့်အခါ မဒမ်တုက ဝေ့ကွမ်းရှေ့တွင်ဒူးထောက်၍ တောင်းပန်လေသည်။
"အထိန်းတော်တုန့်က တကယ်ပဲ စိတ်လွတ်သွားလို့နေမှာပါ။ သူ(မ)ကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးဖို့ သခင်ကြီးကိုတောင်းဆိုပါတယ်။"
'အထိန်းတော်ကြီးရဲ့စကားတွေကြောင့် သူ(မ)က အပြစ်ကနေလုံးဝလွတ်သွားပြီလို့များ ထင်နေတာလား။'
ယနေ့တွင် သူတို့အား လက်လွှတ်အလျှော့ပေးရန် အစီအစဥ်မရှိကြောင်း ဝေ့ကွမ်းပြောပြီးသားပင်။ ပထမဦးစွာ အပြစ်လုပ်ထားသော်လည်း အပြစ်ပေးခံရမည်ဟုမထင်ထားကြသည့် အစေခံများကို သူအပြစ်ပေးမည်။ ထို့နောက် မြို့စားမင်း သခင်ကြီးယင်း ပြန်လာသည်အထိစောင့်ဆိုင်းပြီး ကွာရှင်းရန်ကိစ္စကို ဆွေးနွေးမည်ဖြစ်သည်။
အဖွားတုန့်၏လည်ပင်းတွင် ညှစ်ထားသည့်လက်ချောင်းများကို ဖြေလျှော့လိုက်ပြီး ဝေ့ကွမ်းက ဂိတ်စောင့်များအား
"အထိန်းတော်တုန့်ကို ရုံးတော်ထဲခေါ်သွားကြ။ ပြီးရင် သစ်သားတုတ်ရှည်နဲ့ သူ(မ)ကို သေတဲ့အထိရိုက်နှက်ပြီး အပြစ်ပေးမယ်။"
အဖွားတုန့်လည်း ကြောက်လန့်သွားပြီး ကြမ်းပြင်ပေါ်မှ ပြန်မထနိုင်တော့ပေ။ ဘေးနှစ်ဘက်တွင်ရှိနေသည့် သက်တော်စောင့်နှစ်ယောက်က သူ(မ)ကိုဆွဲခေါ်သွားရသည်။ သို့သော် ဝေ့ကွမ်းက စကားမဆုံးသေးချေ။
"ဒီနေ့ မဒမ်တုနဲ့အတူ ဟူးကော်ဘုရားကျောင်းကိုလိုက်သွားတဲ့ အစေခံတွေကိုလည်း သွားခေါ်ပြီး ကြိမ်ဒဏ် တစ်ယောက်အချက်(၃၀) အပြစ်ခံခိုင်းလိုက်။ ပြီးရင် ထင်းတဲထဲမှာ တစ်ညလုံးပိတ်ထား။ မနက်ဖြန်ကျရင် သူတို့ကိုရောင်းစားဖို့ ပြင်လိုက်တော့။"
ထိုအစေခံများထဲတွင် မဒမ်တု၏ အယုံကြည်ရဆုံး မိန်းကလေးအစေခံ နှစ်ယောက်ပါလေ၏။ တစ်ယောက်မှာ နျဥ်းရွှယ်ဖြစ်ပြီး ကျန်တစ်ယောက်မှာ ဟန်ရွှမ်းဖြစ်သည်။ မဒမ်တုက သူ(မ)နှင့် အနီးကပ်ဆုံးတွင်ရှိနေသည့် လူယုံများအားလုံးကို ရုတ်တရက်ဆုံးရှုံးလိုက်ရခြင်းပင်။ သူတို့အတွက် သက်ညှာပေးရန်တောင်းဆိုပေးချင်ပါသော်လည်း သူ(မ)ကိုယ်တိုင်ကပင် ပြဿနာကြားထဲရောက်နေလေသည်။ ဝေ့ကွမ်း၏အမိန့်ကိုကြားသည့်အခါ သူ(မ) ပါးစပ်အဟောင်းသားနှင့် စကားတစ်ခွန်းမျှပင်မပြောနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူတို့ကို ရုံးတော်သို့ခေါ်သွားပြီး ကြိုးတုပ်ကာ ရိုက်ခံရသည်ကိုသာ သူ(မ)ငေးကြည့်နေခဲ့ရသည်။ သူ(မ)၏ ဝမ်းနည်းပူဆွေးမှုမှာ မဖော်ပြတတ်လောက်အောင် ကြီးမားလွန်းနေလေသည်။
YOU ARE READING
ချစ်ဇနီးလေးအား အလိုလိုက်ခြင်း
Romanceပြန်လည်မမွေးဖွားခင်တုန်းက ဝေ့လော်သည် ရိုးရိုးအအ ကလေးမလေးတစ်ယောက်ဖြစ်ခဲ့၏။ ပြန်လည်မွေးဖွားလာပြီးနောက်မှာတော့ သူ(မ)က အပြင်ပန်းကြည့်လျှင် ချစ်စဖွယ်ကောင်းသော်လည်း အတွင်းစိတ်ကတော့ လုံးဝကွဲပြားသည့်လူတစ်ယောက် ဖြစ်သွားခဲ့သည်။ သူ(မ)၏ပုံစံအစစ်အမှန်ကို သိရှိသွ...