မျက်လုံးတွင် အုပ်ထားသည့်အဝတ်ကို ဝေ့လော်ဖယ်ထုတ်လိုက်ပြီး အံ့အားသင့်စွာဖြင့်
"အားကျန်း။"
ကျန်မိန်းကလေးများလည်း ကူကယ်ရာမဲ့သည့်မျက်လုံးများဖြင့် အံ့အားသင့်နေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် မရိုးဖြောင့်သည့်အရိပ်အယောင် တစ်စုံတစ်ခုမျှမရှိနေကြချေ။ အားလော်က သူ(မ)ရှေ့တွင်မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ကြောက်လန့်သွားပုံရသည်။ စုန့်ဟွေ့၏ အဝတ်အစားများကို တင်းကျပ်စွာဆုပ်ထားပြီး သူ့ရင်ခွင်ထဲသို့တိုးဝင်ကာ ဝေ့ကျန်းကို သွားမကယ်စေရန် တားမြစ်နေ၏။
"အစ်ကိုစုန့်ဟွေ့။ အားလော် အရမ်းကြောက်တယ်။ ဝေ့ကျန်းက ဘယ်လိုဖြစ်ပြီး ရေထဲပြုတ်ကျသွားရတာလဲ။ သူ(မ) ရေကန်အစွန်းမှာရပ်နေတာ အားလော် တကယ်မသိလိုက်တာပါ။ သူ(မ)က အားလော်ကိုခေါ်ပြီး သူ(မ)ကို ဖမ်းပါလို့ ပြောနေတာ...."
စုန့်ဟွေ့က သူ(မ)၏နောက်ကျောကိုပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်ပြီး ဝေ့ကျန်းကိုကယ်ရန် လျောင်ယုကို လှမ်း၍အချက်ပြလိုက်သည်။ ထို့နောက် သူက ဝေ့လော်ကိုချီပြီး ကန်နံဘေးမှ လုံခြုံသည့်နေရာသို့ခေါ်သွားကာ
"အားလော်လေး။ မကြောက်နဲ့နော်။ အဆင်ပြေသွားမှာပါ။ အဲ့ဒီ့နေရာက အမြဲတမ်းရေစိုနေတော့ ချော်တယ်။ သေသေချာချာ သတိမထားရင် ရေကန်ထဲကိုကျသွားတတ်တယ်။ ဒီအကြောင်းတွေကို ကြိုမပြောပြမိတာ အစ်ကိုမှားတာပါ..."
လျောင်ယုမှာ ငယ်စဥ်ကတည်းက ကိုယ်ခံပညာကိုသင်ယူထားသောကြောင့် ခန္ဓာကိုယ်တောင့်တင်းပြီး ရေကူးလည်းကျွမ်းကျင်သည်။ ထို့ကြောင့် ရေကန်ထဲမှဝေ့ကျန်းကို အချိန်ခဏနှင့် ကယ်တင်လိုက်နိုင်ခဲ့၏။ အချိန်တစ်ခဏလေးသာ ကြာလိုက်သော်လည်း ဝေ့ကျန်းက ရေမွန်းသွားသောကြောင့် အတော်လေး ကြောက်လန့်သွားခဲ့သည်။ လျောင်ယုက သူ(မ)ကို ကယ်တင်လာပြီး မြေပြင်ပေါ်သို့ချပေးသည့်တိုင် အချိန်အတော်ကြာ အသိပြန်မဝင်လာဘဲ အေးစက်တုန်ယင်နေတော့သည်။ အားလော်ကို အန္တရာယ်ပေးချင်သည့် သူ(မ)စိတ်ကြောင့် သူ(မ)ကိုယ်သူ(မ) ပြန်၍ အန္တရာယ်ပြုမိခြင်းပင်။ ထို့ပြင် အသက်(၅)နှစ်သာရှိသေးသည့် ကလေးတစ်ယောက်ဖြစ်သောကြောင့် ထိုသို့ကြုံရသည့်အခါ ချက်ချင်းအော်ငိုပြီး မျက်ရည်ပေါက်ကြီးငယ် ကျလာတော့သည်။ ငိုနေရင်းနှင့် မျက်လုံးကိုလည်း လက်ဖြင့်ပွတ်သပ်နေ၏။ ထို့ပြင် ရေကန်ထဲသို့ကျသွားစဥ်က နှာခေါင်းကိုထိခိုက်မိထားသောကြောင့် နှာခေါင်းသွေးများလည်းထွက်နေလေသည်။ မျက်နှာကို ပွတ်သပ်နေသဖြင့် ထိုသွေးများက မျက်နှာတစ်ခုလုံးတွင်ပေကျံကာ ဝေ့ကျန်းမျက်နှာက ကြောက်စရာကောင်းနေတော့သည်။
YOU ARE READING
ချစ်ဇနီးလေးအား အလိုလိုက်ခြင်း
Romanceပြန်လည်မမွေးဖွားခင်တုန်းက ဝေ့လော်သည် ရိုးရိုးအအ ကလေးမလေးတစ်ယောက်ဖြစ်ခဲ့၏။ ပြန်လည်မွေးဖွားလာပြီးနောက်မှာတော့ သူ(မ)က အပြင်ပန်းကြည့်လျှင် ချစ်စဖွယ်ကောင်းသော်လည်း အတွင်းစိတ်ကတော့ လုံးဝကွဲပြားသည့်လူတစ်ယောက် ဖြစ်သွားခဲ့သည်။ သူ(မ)၏ပုံစံအစစ်အမှန်ကို သိရှိသွ...