Chapter 15

405 42 0
                                    

ဝေ့လော်၏အသံက ဝေ့ကွမ်းနှင့် မြို့စားယင်းတို့ကိုလည်း အာရုံစိုက်မိစေခဲ့ပြီး လူကြီးများအားလုံး တစ်ယောက်ပြီးတစ်ယောက် ဝေ့လော်ကိုငုံ့ကြည့်လိုက်ကြသည်။ ထို့နောက် ဝေ့ကွမ်းက အံ့အားသင့်စွာဖြင့်

"အားလော်။ ဘယ်လိုဖြစ်လို့ ပြန်ရောက်လာတာတုန်း။"

ဝေ့လော်က ဖြူဖွေးကြည်လင်သော မျက်နှာလေးကိုမော့ကာ ပါးချိုင့်နှစ်ခုပေါ်သည်အထိ ရယ်ပြလိုက်၏။ ထို့နောက် ကျိုးကြောင်းသင့်စွာ စကားဆိုလိုက်သည်။

"အားလော် အစ်ကို မင်းသားကျင်းကို ဒီဆေးလေးလာပေးတာပါ။ အစ်ကို မင်းသားကျင်းရဲ့လက်မှာ ဒဏ်ရာရထားလို့လေ။ ဒီဆေးလေးကို လိမ်းလိုက်ရင် ချက်ချင်းသက်သာသွားမှာ။"

ထိုသို့ ပြောလိုက်ပြီးနောက် ဝေ့လော်က လက်ကိုမြှောက်ကာ ဆေးကိုလှမ်းပေးလိုက်သည်။ သို့သော် ကျောင်းကျယ်က မလှုပ်မယှက်နှင့် ဆေးပုလင်းကိုလက်မခံသောကြောင့် ဝေ့လော်က သူ့လက်ကိုလှမ်းဆွဲပြီး လက်ချောင်းများကို အတင်းထိုးဖွင့်ကာ ဆေးပုလင်းကို သူ့လက်ထဲထည့်ပေးလိုက်သည်။

"အစ်ကို။ ဒီဆေးကို နေ့တိုင်း တစ်နေ့(၂)ကြိမ်လိမ်းနော်။ အဲ့ဒါဆို ဒဏ်ရာက အမြန်ပျောက်သွားလိမ့်မယ်။"

ဝေ့လော်အသံက ခပ်ချွဲချွဲနှင့် ချိုမြိန်နေ၏။ အပေါ်မှငုံ့ကြည့်သည့်အခါ အားလော်၏ မျက်တောင်တို့မှာ ရှည်လျားထူထဲနေပြီး ဝိုင်းစက်သည့်မျက်ဝန်းနက်များကို ဖုံးကွယ်နေခဲ့သည်။

'အဲ့ဒီ့မျက်ဝန်းနက်ထဲမှာ ဘယ်လိုအကြည့်မျိုးရှိနေပါလိမ့်။'

ကျောင်းကျယ် တွေးဆနေမိသည်။ ထို့နောက် ဝေ့လော်ပေးသည့် ဖန်ပုလင်းကို သူ့အိတ်ထဲထည့်လိုက်ပြီး နှုတ်ခမ်းထောင့်‌လေးကိုကွေး၍

"အစ်ကို့လက်မှာ ဒဏ်ရာရနေတာကို ညီမလေးက ဘယ်လိုလုပ်ပြီးသိသွားတာလဲ။"

ဝေ့လော် ပခုံးလေးတွန့်သွားပြီး သူ့မျက်စိရှေ့မှနေ၍ နောက်သို့ ခြေနှစ်လမ်းဆုတ်သွားသည်။ သူ(မ)နှင့်ယှဥ်လိုက်သော် ကျောင်းကျယ်က အလွန်အရပ်မြင့်၏။ လက်ရှိ အသက်(၆)နှစ် အသက်အရွယ်တွင် အရပ်အလွန်မရှည်လာသေးသောကြောင့် လူကြီးများကို လည်ပင်းကျိုးလုမတတ် မော့ကြည့်နေရသည်။

ချစ်ဇနီးလေးအား အလိုလိုက်ခြင်းWhere stories live. Discover now