「 အရမ်းချစ်ကြောင်း မပြောပြခဲ့မိတာ နောင်တရသလိုပဲ... ပြန်တွေ့ခဲ့ရင် ဒီအကြောင်းကို မျက်လုံးချင်းစုံပြီး ပြောပြချင်တယ်... _ _ကို ချစ်တယ် 」Dilemma : ဘေးကျပ်နံကျပ်ဖြစ်ခြင်း
"ဟာအိုစီနီယာ.." (하오 선배..)
စတွေ့ခါစတုန်းက ဟန်ဘင်း သူ့ကို ဒီလိုခေါ်ခဲ့ဖူးတယ်။ အခုမှ ကျောင်းပြောင်းလာတာဖြစ်ပေမဲ့ မာစတာတန်းက ကျန်းဟောင့်က ဒုတိယနှစ်ကျောင်းသားဟန်ဘင်းအတွက် စီနီယာပဲမဟုတ်လား။ နောက်လှည့်ကြည့်တော့ ဗီဒီယိုကင်မရာကိုင်ထားသည့် ဟန်ဘင်း၊ သူ့ရဲ့ လှည့်ကြည့်လာမည့်ပုံစံကို အမိအရဖမ်းယူဖို့ရန် စောင့်နေခဲ့တာ။
"ဟာအိုစီနီယာ ကျွန်တော့်ကိုပြုံးပြပါဦး"
အကလေ့ကျင့်တဲ့အခါ ပြန်ကြည့်ဖို့ရန် ဗီဒီယိုကင်မရာဆောင်လေ့ရှိသည့် ဟန်ဘင်းကင်မရာထဲ ကျန်းဟောင့်ပုံရိပ်တွေ နေရာယူလာခဲ့သလို နှလုံးသားထဲမှာပါ နေရာတစ်ခုရှိခဲ့သည့် အချိန်အပိုင်းအခြားလေးပေါ့။ ထိုအချိန်တုန်းက ချစ်သူလက်ကိုကိုင်ပြီး လျှောက်သွားရတာနဲ့ကို နှစ်ယောက်စလုံးက ကမ္ဘာပေါ် ကံအကောင်းဆုံးလူသားတွေလို့ ထင်မှတ်ခဲ့ကြတာ။
ကင်မရာလက်လွဲယူလိုက်ပြီး ရှေ့မှာရပ်နေသည့် ကောင်လေးထံပြန်ချိန်လို့
" ဆောင်းဟန်ဘင်း씨 ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပါဦး"
ပါးပေါ် ကြောင်မွှေးလို အချိုင့်ကလေးတွေပေါ်အောင်ပြုံးပြီး ခေါင်းငုံနေရာမှတဖန် ကျန်းဟောင့်ကိုပြန်ကြည့်လာတဲ့ ကောင်လေးရဲ့မျက်ဝန်းတွေထဲ ပြန်မြင်နေရတဲ့ ကိုယ့်ပုံရိပ်ကိုကိုယ် မနာလိုဖြစ်မိဖူးသည်အထိ ရူးသွပ်မိခဲ့တာ...
" မင်္ဂလာပါခင်ဗျာ ဒုတိယနှစ်ကျောင်းသား ဟာအိုစီနီယာရဲ့ချစ်သူကောင်လေး ဆောင်းဟန်ဘင်းပါ "
ရယ်သံတွေ ပဲ့တင်သံထပ်သွားခဲ့တဲ့ အကခန်းမဟာ တဖြည်းဖြည်းဝေဝါးလာလို့ ပျော်ရွှင်စရာရယ်မောသံတွေ တိုးလျသွားသည့်အခါ ကျန်းဟောင့် လက်တွေ့ကိုပြန်ရောက်လာခဲ့ပြီ။ အိပ်မက်... အတိတ်ကအကြောင်းအရာတွေဟာ တခါတလေ အိပ်မက်အဖြစ် ကျန်းဟောင့်ထံ အလည်လာလေ့ရှိပေမဲ့ ဒီလိုကြည်နူးစရာအမှတ်တရတွေ ပြန်လို့ လာရှာဖွေတာ ရှားလှပါရဲ့ သူလည်း အိပ်မက်သိပ်မှ မမက်ပဲကို။