「 သတိမထားမိလိုက်ပေမဲ့ ဂရုစိုက်ခဲ့တယ်...ထုတ်မပြမိလိုက်ပေမဲ့ ချစ်ခဲ့တယ် 」
______
ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလည်း... မျက်ဝန်းချင်းစုံသွားသည့်ခဏရဲ့ နှလုံးသားထဲက တုန်လှုပ်မှုကို။
"ဆောင်းဟန်ဘင်းပါ အကမေဂျာ ဒုတိယနှစ်"
ဆောင်းရာသီဖြစ်လို့ အနက်ရောင်ကုတ်င်္အကျီရှည်ထက် အဖြူရောင်မာဖလာပတ်ထားသည့်ကောင်လေးကို ဒီအဝါရောင်မီးလုံးတွေနှင့် ပြည့်နေသော အသားကင်ဆိုင်ထဲ ဝင်လာထဲက ကျန်းဟောင့်သတိထားမိခဲ့တာ။
တက္ကသိုလ်ကျောင်းသားတွေဖြစ်တာကြောင့် ကျောင်းနားရှိသာမန် အသားကင်ဆိုင်လေးမှာပဲ ပြုလုပ်ဖြစ်သည့် တွေ့ဆုံပွဲဟာ လာမည့် ကျောင်းသားသစ်များကြိုဆိုပွဲအတွက် လိုအပ်သည်များညှိနှိုင်းဖို့ရန်စီစဉ်ထားခြင်းဖြစ်သည်။ အယောက်၂၀လောက်ရှိသည့် ကျောင်းသားများဟာ တစ်လှည့်ဆီနှုတ်ဆက်နေပေမဲ့ ကျန်းဟောင့်စိတ်ထဲ 'ဆောင်းဟန်ဘင်း' ဆိုသည့် နာမည်လေးသာ ထင်ကျန်နေခဲ့သည်မှာ တခြားနာမည်တွေကို မမှတ်နိုင်တာကြောင့်မဟုတ်ပဲ ဒီနာမည်မိတ်ဆက်ပြီးထဲက တခြားဘာကိုမှထပ်ပြီး မတွေးနိုင်ခဲ့လို့...
"ကျန်းဟာအိုပါ ဂီတမေဂျာ ဘွဲ့လွန်ပထမနှစ်"
တစ်ယောက်မိတ်ဆက်ပြီးတိုင်း လက်ခုပ်သံများထွက်လာတတ်တာကြောင့် ကိုယ့်အလှည့်၌လည်း လက်ခုပ်သံများထွက်လာမှာ ကြိုတွက်ပြီးသားဖြစ်သည့်တိုင် တကယ်တန်း ထိုလက်ခုပ်သံများကို ရင်ဆိုင်ရသည့်အခါ၌ ယနေ့စုထားသမျှအားတွေကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။ ဖြစ်နိုင်လျှင်အမြန် အိမ်ပြန်ချင်ပြီ။ ထိုအချိန်ဘေးနားဝင်ထိုင်ကာ အရက်ငှဲ့ပေးလာသည့် လူတစ်ယောက်...
"တွေ့ရတာဝမ်းသာပါတယ် ကိုယ်က အကမေဂျာရဲ့ကျောင်းသားဥက္ကဌ ဂျိုဂျီယောင်းပါ"
"ကျန်းဟာအိုပါ"
"ဟာအိုလို့ခေါ်မယ်နော် ကိုယ်ကအသက်ပိုကြီးမယ်ထင်တယ်"
လည်တိုင်ကိုပွတ်ရင်း အသက်ကြီးကြောင်းဝန့်ခံလာသည်က ကိုးယို့ကားယားတော့ နိုင်လှပါသည်။ ဂျီယောင်းမှာ ပထမနှစ်ပြီးတော့ စစ်မှုထမ်းတာဝန် ထမ်းဆောင်ခဲ့တာကြောင့် တကယ်လည်း ကျန်းဟောင့်ထက်ကြီးသည်။