"မင်း အခုတလော အပြင်အရမ်းထွက်နေတယ်နော်။ ငါနဲ့လဲလာမတွေ့ဘဲနဲ့"
မင်ဆွန်းပြောလဲပြောချင်စရာ။ အရင်တုန်းကကျ သူအပြင်ထွက်နိုင်ဖို့ မင်ဆွန်းကိုပဲ အကူအညီတောင်းခဲ့ရပြီး အခုလို အပြင်ထွက်ခွင့်ရတော့လဲ မင်ဆွန်းနဲ့ မတွေ့ဖြစ်တာ တော်တော်ကြာပြီ။ သူနန်းတော်ကိုပြန်ရောက်တော့မှ မင်ဆွန်းလာသွားတယ်ဆိုတဲ့ ပြန်သတင်းများကို အထိန်းတော်ထံမှ ကြားရသည်။ ဒါပေမယ့်လဲ သူ့အတွက်က နန်းပြင်ထွက်ရတာက ယူဂျင်းဆိုတဲ့ ကောင်လေးကို တွေ့ချင်တဲ့ အကြောင်းပြချက် တစ်ခုထဲမို့ မတတ်နိုင်။
အခုတော့ သူထင်တဲ့အတိုင်း မင်ဆွန်းက မကျေမနပ်ပြောလာလေသည်။ သူ့အမှားနဲ့သူမို့ ငြင်းတော့မငြင်းမိ။
"နန်းပြင်မှာ ငါလုပ်စရာလေးတွေရှိလို့ပါကွာ။ အခုတော့ မသိချင်နဲ့ဦး။ နောက်မှပြောပြမယ်။ ပြီးတော့ ငါတစ်ဝိုင်းတိုက်ပါ့မယ်ကွာ"
အရက်အကြောင်းပြောတာနဲ့ မင်ဆွန်းဆိုတဲ့ကောင်က မျက်နှာလန်းသွားလေသည်။
"မင်းပြောတာနော်"
အခွင့်အရေးပေးတာတောင် လာရစ်နေသေးတာမို့ အာဏာနည်းနည်း ထည့်သုံးလိုက်ရသည်။
"ဘုရင့်သားပြောတာကို မယုံဘူးလား"
"ယုံပါတယ် အရှင်မင်းသားခင်ဗျ"
___________________________
"ယူဂျင်း....ယူဂျင်း"
အသံကြားရာ ခြံစည်းရိုးဘက်သို့ ကြည့်လိုက်ရာ ခြံစည်းရိုးပေါ်ခေါင်းပြူထွက်နေသော ကိုကို့ကို တွေ့ရသည်။ ဒါပေမယ့် သူ့မှာမပျော်နိုင်သေး။ ဘေးဘယ်ဝဲယာကို အမြန်ကြည့်ရသည်။ မမနဲ့ တစ်ခြားသူတွေ မြင်သွားမှာကိုလဲ ကြောက်ရသေးတာ။ ဒါပေမယ့် အခုချိန်က မီးဖိုချောင်မှာ အကုန်လုံး အလုပ်များတာမို့ လူရှင်းတုန်း ကိုကို့ကို သွားတွေ့ရသည်။
"ကိုကို ဘယ်လိုလုပ်ရောက်လာတာလဲ။ အလုပ်မရှိဘူးလား"
အမှန်ပြောရရင် ကိုကိုက သခင်လေးမင်ဆွန်းတို့အိမ်က အလုပ်သမားလို့သာပြောသည်။ တစ်ခါမှလဲ အလုပ်များတာ မမြင်မိ။ တစ်ခါတလေကျ တွေးမိသည်။ အဲ့အိမ်တော်က အလုပ်တော်တော်နည်းတာလားလို့။ ပြီးတော့ အဝတ်အစားကောင်းတွေလဲ ဝတ်ရသေးသည်။ ဒါပေမယ့် ယူဂျင်းကတော့ ကိုကိုနဲ့ သခင်လေးမင်ဆွန်းက ရင်းနှီးတာမို့ သူ့အဝတ်အစားတွေကို ပေးဝတ်သည်ဟုထင်သည်။ တစ်ချိန်ထဲမှာတင် သူ့ကို ကိုကိုခနခနလာတွေ့တာကိုသာ အိမ်တော်က အကြီးအကဲတွေသိရင် ပြဿနာတက်မှာကိုလဲ စိတ်ပူမိသည်။
YOU ARE READING
𝙼𝚎𝚕𝚘𝚍𝚢 𝚘𝚏 𝙻𝚘𝚟𝚎 [𝙶𝚢𝚞𝚓𝚒𝚗]
Storie d'amore"ပထမဆုံးစတွေ့ခဲ့တဲ့အချိန်ကစ မင်းဆိုတဲ့ လမင်းငယ်လေးကို ကိုယ့်ရဲ့နှလုံးသားကို ကြည်ဖြူစွာပေးအပ်ပြီးသားပါ ယူဂျင်းရယ်" "ဒါပေမယ့်...."