🥨Spring Bakery🥨
"ငါတို့ Cloudy လေးဘယ်လိုဖြစ်လာတာလဲ"
နွေတိမ်ယံ ဆိုင်ထဲဝင်တော့ ရှိနေသည့် ကြည်ပြာမက ဆီးကြိုပြီးမေးလေသည်။ ကြည်ပြာက တိမ်ယံ့ကို Cloudy လို့ခေါ်သည်။ နာမည်မှာလည်း တိမ်ပါသည့်အပြင် တိမ်ယံက Come Out လုပ်ထားသည့် Gay တစ်ယောက်ဖြစ်သောကြောင့် တိမ်ထူ လို့ခေါ်ခြင်းဖြစ်သည်။ (တိမ်ထူ/လိင်တူ)
"မနက်က ဖိုးကခေါ်လို့ ကားမောင်းပို့ပေးတာဟာ။ ငါ့သမီးလေး ကံကောင်းလို့ပေါ့"
Cloudy က လွယ်အိတ်နှင့် အပေါ်ထပ်ကို ချွတ်လိုက်ပြီး ဆံပင်ရှည်တွေကို စုထုံးနေရင်းပြောပြနေသည်။
"အိမ်ကယွစိစိန်ကလည်း ခဏလေးလွှတ်လိုက်တာနဲ့ လျှောက်သွားပြီး Doberman ကြီးရှေ့ရောက်သွားတာ"
"ဟယ်...သမီးဘာဖြစ်သွားသေးလဲ"
"ဘာမှတော့မဖြစ်ဘူး။ တော်တော်ကြောက်သွားတာဟ။ ဟိုကောင်ကြီးကလည်း အကြီးကြီး ငါ့ခါးလောက်ရှိတယ်။ European မျိုးဖြစ်မယ်ထင်တယ်"
"ဒီနေ့သမီးကောခေါ်မလာဘူးလား"
"ခေါ်မလာတော့ဘူး နောက်လည်း အပြင်ခေါ်ဖို့ပြန်စဉ်းစားရတော့မယ်။ အဲ့လိုလျှောက်သွားတာမျိုးဆိုအဆင်မပြေဘူးလေ"
"အင်းပေါ့...ဒါနဲ့ တစ်ဖက်ခွေးပိုင်ရှင်ကောတွေ့ခဲ့သေးလား"
"တွေ့တာပေါ့။ ဘာလူကြီးမှန်းမသိဘူး။ အချိုးကိုမပြေတာ"
"ဟင်း....Daisy တို့များဖြစ်လိုက်ရင် အရာရာနဲ့အကြောင်းကြောင်းပဲ ငါ့သမီးလို့ကိုမပြောရဘူး"
ကြည်ပြာက တစ်ယောက်တည်း ခေါင်းခါရေရွတ်ပြီးကျန်ခဲ့လေသည်။ Cloudy ကတော့ မုန့်ဖုတ်ဖို့အတွက် အနောက်ဘက်ထဲသို့ဝင်သွားလေပြီ။
သမ္မတဟောင်း၏ မြေးဖြစ်သော်ငြား Cloudy က နိုင်ငံရေးနယ်ပယ်နှင့်ပတ်သက်လိုစိတ်မရှိပေ။ ကျောင်းတွင်လည်း Fashion Design Major ကိုယူထားပြီး ပြင်ပတွင်တော့ ကြည်ပြာနှင့်စပ်တူ Spring Bakery ကိုဖွင့်လှစ်ထားသည်။ Cloudy က မုန့်အပိုင်းကို တာဝန်ယူပြီး ကြည်ပြာက Cafe ပိုင်းကိုတာဝန်ယူထားတာဖြစ်သည်။ ယခုတော့ ကျောင်းပိတ်ကာလဖြစ်သည့်အတွက် နှစ်ယောက်လုံး ဆိုင်မှာ အချိန်ကုန်နေခြင်းဖြစ်သည်။
