"သူ့နာမည်ဘာတဲ့လဲ"
"Titan"
အနည်းငယ် ငြိမ်းချမ်းရေးရပြီးနောက် မိုင်းရှေ့တွင် ငြိမ်ငြိမ်လေးထိုင်ကာ စကားပြောနေလေသည်။
"အသက်ကကော"
"2 years"
"ခင်ဗျားအသက်ကကော"
မေးမှမေးပါ့မလားစိုးရသေးသည်။ စကားစပြောတည်းက မိုင်းရဲ့အကြောင်းကိုမမေးဘဲ အနားတွင် ငြိမ်ငြိမ်လေးထိုင်နေသည့် Titan ကိုသာမေးငေါ့ကာ မေးနေတာ။ ဟိုကောင်ကိုတောင်အမြင်ကပ်ရသည်။
"26"
"ကျွန်တော့်ထက် ခြောက်နှစ်တောင်ကြီးတာပဲ"
"အင်း"
"ကိုမိုင်းလို့ခေါ်ရမလား"
"မိုင်း ပဲခေါ်...ဘိုးတော်တော့မခေါ်နဲ့"
"ခွီး! ခင်ဗျားက ဘာလို့မကြိုက်တာလဲ၊ ခင်ဗျားတောင် ကျွန်တော့်ကို ပေါက်စနလို့ခေါ်ပြီး"
တော်တော်ကြိုက်ချင်စရာကောင်းနေတယ်ဆိုတော့၊ သူ့ဘိုးတော်လို့ ခေါ်သံက ကိုယ့်ကို မကြည်ဘဲ ရွဲ့ပြီးခေါ်သံလေ။ ကိုယ် သူ့ကိုပေါက်စနလို့ခေါ်တာက ဒီတိုင်း နည်းနည်းလေးသေးပြီး ချစ်စရာကောင်းနေလို့လေ။
"မိုင်း!"
အထုပ်ကြီးအထုပ်ငယ်နှင့်ပြန်လာသော ဒွန်းက လှမ်းခေါ်တာဖြစ်သည်။
"မင်းအတွက် ဝယ်လာတာတွေ၊ သွားဝိုင်းသယ်လိုက်"
မိုင်းစကားကိုနားထောင်ပြီး သွားသယ်မည်ဟု ထင်မိသော မိုင်းအတွေးတွေကသာမှားလေသည်။ ဒီ ငဂျစ်လုံးက တစ်ခွန်းတည်းနှင့် နားထောင်မည့်ပုံမပေါ်။
"နွေတိမ်ယံ! အခုထ!"
"ဟာဗျာ...ခင်ဗျားတို့အထုပ် ခင်ဗျားတို့ဘာသာသယ်ပါလား"
"ကျစ်! ကိုယ် သေနတ် မသိမ်းရသေးဘူးနော်"
စားပွဲပေါ်တွင် ရှိနေသေးသည့် မိုင်း၏ လက်စွဲတော်သေနတ်ကို မေးငေါ့ပြမှ ချက်ချင်း မျက်နှာချိုပြန်သွင်းပြီး ဒွန်းနားသို့ လှစ်ခနဲရောက်သွားသည်။ စည်းနှောင်မထားသည့် ဆံနွယ်ရှည်တွေကြောင့် အဲ့ပေါက်စနလေးပြေးလိုက်တိုင်း ဆံနွယ်ရှည်တွေက နောက်တွင် ကျန်ရစ်ပြီး ဝဲခါသွားသည်မှာ မိုင်းအတွက် တစ်မျိုးကြည့်ကောင်းနေသည်။