"ငါရောက်ပြီ မိုင်း"
မိုင်းက ထိုင်ဟူသောသဘောဖြင့် မေးဆတ်ပြလိုက်သည်။ ဒွန်းက စားပွဲပေါ်တွင် ရှုပ်ပွနေသောစာရွက်စာတမ်းအချို့ကို ဝေ့ကြည့်လိုက်သည်။ အိမ်နှင့်ပတ်သက်သောအကြောင်းအရာများပင်။
"ဘာတွေရှုပ်နေတာလဲ"
"မိုင်းရေ မင်းကောင်ကိုနားလည်အောင်သာပြောပြလိုက်ပေတော့"
ကိုစိုင်းကစကားစပေးပြီး ကိုယ်တိုင်ကတော့ စောနက စာရွက်စာတမ်းတွေကိုပြန်လှန်နေသည်။
"ငါမနေ့ညက အိပ်ပျော်သွားတယ်"
"ဟမ်!"
ဒွန်းနေရိုင်လိုလူအတွက် အမြောက်ကြီးနဲ့တည့်တည့်ချိန်ပြီး ပစ်ရင်တောင် ယခုလို အထိတ်တလန့်ဖြစ်ရမှာမဟုတ်။ ဆယ်စုနှစ် တစ်ခုစာမက အိပ်မပျော်သည့် ရောဂါစွဲကပ်လာသည့် ကောင်က အိပ်ပျော်သွားသည်ဟုပြောသည်က တကယ်ကိုထိတ်လန့်စရာ။ စိတ်ပညာကုထုံးကတောင် မိုင်းလိုကောင်အား တစ်နာရီအပြင် ပိုအိပ်အောင်မစွမ်းဆောင်နိုင်ခဲ့တာ။
"မင်း ဘာဆေးတွေသောက်လိုက်တာလဲ။
Dr.Ken Buji ကုထုံးအသစ်ရှာတွေ့သွားလို့လား"Dr.Ken Buji ဆိုသည်မှာ Dark Wolves Gang Medical Team ၏ အဓိကခေါင်းဆောင်။ ဒါ့အပြင် မိုင်း ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး ကျန်းမာရေးကိုအဓိကတာဝန်ယူထားသူဖြစ်သည်။ (၅၄)နှစ်ရှိနေပြီဖြစ်သည့် ဆရာဝန်ကြီးက သူ့အသက်နှင့်အလိုက် ဆေးပညာမှာလည်း တစ်ဖက်ကမ်းခတ်တော်လွန်းလေသည်။
"မနေ့ညက Dr နဲ့မှမတွေ့တာ။ Hotel မှာအိပ်တာကို"
ထိုအခါမှ ဒွန်းလဲ ပြန်သတိရသွားလေသည်။ ဟုတ်သားပဲ မိုင်းတစ်ကောင် မနေ့က သူနဲ့အခန်းချင်းကပ်ရက်အိပ်တာ။ ပြီးတော့ ဟို..ကောင်လေး။
"ဒါ..ဒါဆို"
"ငါ ပေါက်စနလေးနဲ့တစ်ခါလောက်ထပ်အိပ်ကြည့်ချင်တယ်"
မိုင်းဆီက ပြတ်သားစွာထွက်လာသည့် စကား။
"ငါစီစဉ်ပေးမယ်"
မည်သို့ပင် လည်ပင်းဖက်ပေါင်းနေသော သူငယ်ချင်းဟုဆိုစေကာမူ ခွန်မိုင်းထိုက်စံသည် ဒွန်းနေရိုင်၏ ခေါင်းဆောင်ပင်။ မိုင်း၏နှုတ်ထွက်စကားတိုင်းသည် အမိန့်ဖြစ်ပြီး လိုက်နာရပေးရမည်။