လှပသောကျောက်စိမ်းရောင် Dress နှင့် အမျိုးသမီးသည် ဒီနေ့ပွဲထဲအထင်ပေါ်ဆုံးဖြစ်နေသည်။ Dress အရှည်ဖြစ်သော်ငြား ပေါင်ထိရောက်အောင်ခွဲထားသည့် ကွဲကြောင်းကြောင့် ပေါင်တံသွယ်သွယ်လေးက ကြွကြွရွရွပင်။ မျက်နှာအတိ ညှပ်ထားသော ပန်းနုရောင် လှိုင်းတွန့် ဆံပင်စတိုင်နှင့် အတော်ပင် ထင်ပေါ်သည့် အမျိုးသမီးပင်။ သူ(မ)က မိုင်းကိုတွေ့သည်နှင့် သူ့ရဲ့ နှုတ်ဆက်နေကြ နည်းအတိုင်း ပြောရင်း အနားရောက်လာလေသည်။
"Hey...You are Mine"
"ကတ်သရင်း"
"မတွေ့တာကြာပြီနော် ဘယ်တွေပျောက်ပြီး ဘာတွေကြံနေတာလဲ"
မိုင်းကိုတွေ့တာနှင့် ရင့်ကျက်သည့်အမျိုးသမီးပုံစံမှနေ ဆယ်ကျော်သက် ကျောင်းသူလေးတစ်ယောက်နှယ် တက်ကြွစွာ စကားပြောဆိုတတ်သည့် ဟန်ပန်ဖြစ်သွားသည်။ ဒါဟာလည်း သူနှင့် မိုင်းကြားက နှစ်ကာလကြာရှည်စွာတည်ရှိခဲ့သည့် ဆက်ဆံရေးကြောင့်ပင်။
"ဒီတိုင်းပါပဲ မင်းကော ဘယ်လိုလဲ"
"Father in law ဆီသွားလိုက်၊ အလုပ်လေးလုပ်လိုက်ပေါ့"
"မင်းသူ့ဆီအဲ့လောက်သွားလိမ့်မယ်လို့မထင်ခဲ့မိဘူး"
"သူလဲပြောပါတယ်၊ သားအရင်းနဲ့တောင် မတွေ့ဖြစ်ဘူးတဲ့။ သူမင်းကိုတော့ သတိတရရှိပါတယ်"
ကတ်သရင်း ရဲ့စကားကြောင့် မိုင်း စိတ်ထဲရယ်လိုက်မိလေသည်။ ဘိုးတော်က သူ့ကို တကယ်တွေ့ချင်နေတာပဲ။ ဘာအကြောင်းရှိလို့ရယ်တော့ မခန့်မှန်းမိ။
"ဒါနဲ့ နင်ဒီနေ့ပွဲလာတာဆိုတော့ လိုချင်တာလေးများရှိလို့လား Mine"
"စိတ်ဝင်စားမိတာလေးရှိလို့"
လေလံပွဲသို့ရောက်လာကြသည့် လူများ၏ မျက်လုံးထဲတွင် မိုင်းနှင့် ကတ်သရင်းက လိုက်ဖက်ညီသည့် အတွဲတစ်တွဲအဖြစ်ရှိနေသည်။ ဘေးချင်းယှဉ်လျက် ရှမ်ပိန် တစ်ခွက်စီကိုင်ကာ နှစ်ယောက်သား ခပ်တိုးတိုးစကားပြောနေဟန်က လိုက်ဖက်ညီလွန်းလှသည်ထက်ပိုသည်ဟုပင်ပြောလို့ရသည်။
"နင့်ကိုစိတ်ဝင်စားအောင်ဘယ်ပစ္စည်းကများ ဆွဲဆောင်နိုင်သွားတာလဲ"