Chapter 2

403 42 0
                                    

Villain Sweet Tooth 2

အပိုင်း ၂ - အကြောင်းနှင့် အကျိုး

ဖူရှန်းသည် အေးအေးလူလူဖြင့် ကျောခိုင်းထွက်သွားသည်။

ပြာခွက်ထဲရှိ စီးကရက်တို အပိုင်းအစများမှာ မီးမငြိမ်းသေးပေ။ ကော်ဖီစားပွဲမှာလည်း ရှုပ်ပွထနေ၏။

ထန်ကျိုးသည် ယမန်နေ့ညက ကောင်းကောင်းအနားမယူခဲ့သဖြင့် မျက်စိဖွင့်နိုင်ရန်ပင် သူ၏မျက်ခွံများမှာ ရုန်းကန်ကြိုးစားနေရသည်။ အိမ်ထဲရှိ ဆေးလိပ်မီးခိုးနံ့များနှင့်အတူ သူသည် ဆိုဖာပေါ်တွင်လှဲရင်း အိပ်ပျော်သွားသည်။

သူသည် အိပ်မက်ထဲသို့ ပြန်လည် စီးမြောရောက်ရှိသွားသော်လည်း အိပ်မက်ကမ္ဘာမှာ အလွန်ထူးဆန်းလှသည်။

ကောင်လေးငယ်တစ်ဦးသည် ချောင်တစ်နေရာတွင် ပုန်းနေပြီး ကျိုးပဲ့နေသောအရုပ်တစ်ရုပ်ကို ကိုင်ကာ လူမသိသူမသိအောင် တိတ်တဆိတ်ဖြင့် မျက်ရည်များကိုသုတ်နေသည်။ သူသည် ငိုရလွန်းသဖြင့် ကြို့ပင် ထိုးနေလေပြီ။

ထန်ကျိုးသည် ထိုကောင်လေးရှေ့တွင်ရပ်ပြီး နားမလည်ဟန်ဖြင့် မေးလိုက်သည်။

"ဘာလို့ငိုနေတာလဲ?"

ထိုကောင်လေးသည် လန့်ဖျပ်သွားသဖြင့် သူ၏မျက်ရည်များ ဆက်ကျလာပြန်သည်။ ထို့နောက် သူ၏ခေါင်းပိစိလေးကို မော့၍ ထန်ကျိုးအား ကြည့်ကာ ဇဝေဇဝါဖြစ်စွာ မေးလိုက်၏။

"အစ်ကိုက ဘယ်သူလဲ?"

ထိုကောင်လေး၏ မျက်နှာငယ်မှာ ထန်ကျိုး၏ မျက်နှာအသေးစားမျိုးဖြစ်သည်။

ထန်ကျိုးသည် ဆောင့်ကြောင့်ထိုင်ချ၍ သူ့အား မော့ကြည့်လိုက်သည်။

"ဘာလို့ငိုနေတာလဲလို့?"

"အရုပ်ကျိုးသွားလို့"

ထိုကောင်လေးသည် စိတ်ပျက်ဝမ်းနည်းစွာဖြင့် လက်ပြတ်နေသောအရုပ်ကို ကိုင်ထားသည်။

"သူတို့က သားကို အရုပ်နဲ့ပေးမဆော့ဘဲ ဖျက်ဆီးပစ်လိုက်တယ်"

သူ၏ရင်ငယ်လေးမှာ နာကျင်မှုဖြင့် ချေမွခံနေရသည်။ ထန်ကျိုးသည် အရုပ်ကို စူးစိုက်ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။

"ငါတို့ကို ကစားခွင့်မပြုဘူးလေ၊ ငါတို့ဘာသာ ကစားကြတာပေါ့"

"ဒါပေမယ့် သားမှာ ပိုက်ဆံမရှိတော့ဘူး သူတို့ကလည်း သားကို အသစ်ပြန်ဝယ်ပေးမှာမဟုတ်ဘူး"

ကလေးငယ်သည် စိတ်ညစ်ညူးဟန်ဖြင့် နှုတ်ခမ်းကို စူလိုက်သည်။

အဘယ်ကြောင့် အခြားကလေးများသည် သူတို့မိခင်၏ ရင်ခွင်ထဲသို့ ခုန်ဝင်နိုင်ပြီး ဖခင်ဖြစ်သူ၏ ကျောပေါ်တွင် စီးနိုင်ရုံမက စာတော်လျှင် ဆုချခံရ၍ ဝမ်းနည်းလျှင် နှစ်သိမ့်မှုရရှိသည်ကို သူနားမလည်နိုင်ပေ။ မိမိမှာမူ အဘယ်ကြောင့် ထိုအရာများကို မရရှိခဲ့ရသနည်း?

သူ၏မိဘများသည် ဘယ်သောအခါမှ အိမ်ပြန်မလာခဲ့ပေ။ အဘိုးဖြစ်သူမှာလည်း မိမိအား ထန်မိသားစု၏ အမွေဆက်ခံသူဟု တဖွဖွပြောကာ ထန်မိသားစု၏အမွေခံတစ်ဦး ပီသစွာ နေထိုင်ရမည်ဟုသာ ပြောနေခဲ့သည်။ သူသည် အရုပ်များနှင့် ကစားခွင့်၊ ပေါက်ကရများ ပြောပိုင်ခွင့်၊ ကစားကွင်းအတွင်း ပြေးဆော့နိုင်ခွင့် မရှိခဲ့ချေ။ သူသည် မနားတမ်း ပညာများကို ဆည်းပူးရမည်ဖြစ်ပြီး အမွေဆက်ခံသူတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရပေမည်။

ထိုအမိန့်များသည် အဘယ်ကြောင့် သူ့ထံသို့ ဦးတည်ရောက်ရှိလာသည်ကို အမှန်ပင် နားမလည်ပါချေ။

ထန်ကျိုးသည် လက်ကိုလှမ်းကာ ကောင်လေး၏ခေါင်းကို ထိလိုက်သည်။

"ဒါဆို ကိုယ့်ဘာသာငွေရှာပေါ့၊ ငွေရှာနိုင်တာနဲ့ အရုပ်တွေကြိုက်သလောက် ဝယ်ပြီး လုပ်ချင်တာလုပ်လို့ရပြီ"

ထိုကောင်လေး၏မျက်လုံးများ ဝင်းလက်သွားကာ မေးလိုက်သည်။

"ဒါဆို အစ်ကို့မှာရော အခုအရုပ်တွေအများကြီးရှိတာလား?"

ထန်ကျိုးသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ကလေးငယ်၏ မျှော်လင့်ချက်ကြီးမားသော အကြည့်ကို ရင်ဆိုင်လိုက်သည်။ ထို့နောက် အချိန်ခဏတာ ကြာသောအခါ ပြောလိုက်၏။

"အင်း ငါလိုချင်သလောက် ဝယ်လို့ရတယ်"

သူသည် လိုချင်သလောက် ဝယ်နိုင်သော်ငြား ဤအသက်အရွယ်တွင် မလိုတော့ပါပေ။

ထန်ကျိုးသည် စိတ်ထဲတွင် မိမိကိုယ်မိမိ လှောင်ပြောင်သရော်မိ၏။ ထန်မိသားစု၏ အမွေဆက်ခံသူအနေဖြင့် ဤသို့သော ဝါသနာမျိုးသည် အခြားလူများ၏အမြင်တွင် မသင့်တော်ပါပေ။ ထို့ကြောင့် ဤအရာကို အခြားသူများရှေ့တွင် ပြချင်တိုင်း ပြ၍မရဘဲ ရှိနေ၏။

မိမိကလေးဘဝမှ အရိပ်များသည် အမြဲတစေ နှလုံးသားထဲတွင် ကိန်းအောင်းအမြစ်တွယ်နေခဲ့သည်။ အဘိုးဖြစ်သူမှ အစေခံအား မိမိအရုပ်ကို ပစ်ခိုင်းခဲ့သည်။ သူသည် ၎င်းကို မကာကွယ်နိုင်ခဲ့သဖြင့် ထိုအရာကို ပိုင်ဆိုင်ရန် မထိုက်တန်ပါချေ။

သို့သော် အဆုံးတွင် အရုပ်များကို ပစ်ခိုင်းပြီး သူ့အား စွန့်ပစ်ခဲ့သူမှာလည်း သူ့အား လက်လျှော့သွားခဲ့သည်။

မကြာခင်တွင် သူ၏ရှေ့မှောက်ရှိမြင်ကွင်း ပြောင်းလဲသွား၍ ကြမ်းတမ်းပြီး အရေးကြောင်းများဖြင့် ပြည့်နှက်နေသော မျက်နှာအိုတစ်ခုက ပေါ်လာသည်။

"အားကျိုး မင်းအဖေက အမှားတစ်ခုလုပ်ခဲ့တယ်ဆိုပေမယ့် မင်းကလည်း ထန်မိသားစုဝင်တစ်ယောက်ပဲလေ၊ ကိုယ့်ကုမ္ပဏီ ဒေဝါလီခံရမှာကို လက်ပိုက်ကြည့်နေလို့ ဘယ်ဖြစ်ပါ့မလဲ"

"အဘိုးက ကျွန်တော့်ကို ဘယ်လိုနည်းလမ်းနဲ့ ကုမ္ပဏီကို ကယ်ခိုင်းစေချင်တာလဲ?"

"နှစ်တွေတစ်လျှောက် မင်းရဲ့ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ ငါဝင်မစွက်ဖက်ခဲ့ဘူး ဒါပေမယ့် ငါကြားသလောက် မင်းလုပ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအားလုံးက..."

"ကျွန်တော့်ရှယ်ယာတွေကို ရောင်းပြီး အဖေထားခဲ့တဲ့ အကြွေးပေါက်တွေကို ဖြည့်စေချင်တာလား?"

"အားကျိုး သူက မင်းအဖေပဲ၊ မင်းကလည်း ထန်မိသားစုရဲ့ အမွေဆက်ခံသူတစ်ယောက်... ကိုယ့်မိသားစု ပြိုလဲတာကို မြင်ချင်တာလား?"

ထန်ကျိုး ပြုံးလိုက်သည်။ သူသည် အမှန်ပင် ထိုရှယ်ယာများအား ငွေအမြောက်အမြားဖြင့် အလဲအလှယ်ပြုနိုင်ပေသည်။ သို့သော် ဤကဲ့သို့ အရေးပေါ်အခြေအနေမျိုးတွင် ထိုရှယ်ယာတန်ဖိုးများသည်လည်း များစွာ လျော့ကျနေလိမ့်မည်။

သို့တိုင်အောင် ထန်မိသားစု၏လက်ရှိအခြေအနေနှင့် မိမိအဘိုးဖြစ်သူ၏ တောင်းဆိုချက် ရှေ့မှောက်တွင် သူသည် ရွေးချယ်စရာမရှိပါပေ။

သူသည် စိတ်ခိုင်မာပြတ်သားစွာဖြင့် ရှယ်ယာများအားလုံးကို ရောင်းလိုက်၏။ ထင်ထားသည့်အတိုင်း ထိုရှယ်ယာများထံမှ သူရရှိသော ငွေပမာဏမှာ တစ်ဝက်မျှ လျော့ကျနေလေသည်။

"မစ္စတာထန်၊ Deep Blue နည်းပညာက မစ္စတာဖူက မစ္စတာထန်ရဲ့ ရှယ်ယာတွေကို စျေးကွက်ပေါက်စျေးနဲ့ ဝယ်ချင်ပါတယ်တဲ့"

ထန်ကျိုး ခေတ္တမျှ မှင်သေသွား၏။

"ပေါက်စျေးနဲ့?"

Deep Blue နည်းပညာ၏ လက်ရှိ လွှမ်းမိုးမှုနဲ့လျှင် ထို ၅% ရှယ်ယာများအား ပေါက်စျေးဖြင့် ပေးခြင်းမှာ မယုံနိုင်လောက်စရာပမာဏဖြစ်သည်။

ဖူရှန်းသည် အဘယ်ကြောင့် အခြားသူများနှင့် ဆန့်ကျင်ဘက်လုပ်ရပ်ကို လုပ်ရသနည်း? ရှယ်ယာများကို ဝယ်သူမှန်သမျှသည် ၎င်းတို့၏ မူရင်းတန်ဖိုးကို ကြီးမားစွာ စျေးဆစ်ကြလေသည်။

ဖူရှန်းသည် သူ့အား စာနာ၍ ဤသို့လုပ်သည်ဟု ထန်ကျိုး မထင်ပါပေ။ သူသည် စိတ်ဆုံးဖြတ်ချက်ချ၍ ဖူရှန်း၏ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။

"မစ္စတာဖူ ခင်ဗျားဘာလိုချင်လဲ ပြောပါ"

ဖူရှန်းသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"မစ္စတာထန်က ကျွန်တော့်ရဲ့ ကိုယ်ပိုင်လက်ထောက်အနေနဲ့ ခြောက်လလောက် လုပ်ပေးစေချင်ပါတယ်"

ထင်ထားသည့်အတိုင်းပင် ဝဋ်လည်စေသော ကလဲ့စားဖြစ်သည်။

ထန်ကျိုး လက်ခံရပေတော့မည်။ သူ့တွင် ငွေကြေးလိုအပ်နေသောကြောင့်ဖြစ်သည်။

ထန်ကျိုးဖခင် တင်နေသော အကြွေးမှာ များပြားလွန်းလှသည်။ ထန်ကျိုးသည် အကောင်းဆုံးကြိုးစားခဲ့သည့်တိုင် ငွေမလုံလောက်သေးချေ။

လုယဲ့နှင့် ချောင်ယွမ်သည် သူ့အား ကူညီချင်ခဲ့သော်လည်း သူတို့မှာလည်း အင်အားမရှိကြပေ။

နောက်ဆုံးရွေးချယ်စရာမရှိသည်နှင့် သူသည် ဖူရှန်းကိုသာ အားကိုးနိုင်တော့သည်။

ဖူရှန်းသည် အချိန်အတော်ကြာ စောင့်နေခဲ့သည့်ဟန်ပေါက်သည်။ သူသည် ငွေသန်းချီပေါက်ထားသော ထီလက်မှတ်ကို ကိုင်ထားသည့်အလား ကျယ်ဝန်းတောက်ပသော ရုံးခန်းထဲတွင် ထိုင်နေ၏။

"ငွေက ချေးပေးလို့ရပါတယ် ဒါပေမယ့် သတ်မှတ်ချက်တစ်ခုတော့ရှိတယ်"

ထန်ကျိုးသည် အံ့သြမနေဘဲ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

"ပြောလိုက်ပါ"

"၅ နှစ်"

ဖူရှန်းသည် အရှေ့သို့ အတန်ငယ်ကိုင်းပြီး ထန်ကျိုး၏မျက်နှာထားကို ဂရုတစိုက် ကြည့်ရှုအကဲခတ်လိုက်၏။

"လက်ထောက်အနေနဲ့ နောက် ၅ နှစ် ထပ်လုပ်ပေးရမယ်"

ထန်ကျိုး၏အတွေးထဲတွင် ဤ ၅ နှစ်မှာ ထန်မိသားစုမှ သူ့အား ပြုစုပျိုးထောင်ပေးခဲ့သော နှစ်များအတွက် ပြန်ပေးဆပ်ရာ နည်းလမ်းတစ်ခုဖြစ်သည်။ သို့သော် ၅ နှစ်ဟူသော ကာလမှာ တိုတောင်းလွန်းလှသဖြင့် မျက်စိတစ်မှိတ်အတွင်း ကုန်သွားတော့သည်။

ထန်ကျိုးသည် အခြေအနေကို တစ်ဆစ်ချိုးပြောင်းလဲပြီး ထန်မိသားစုအား ပြန်လည်အသက်သွင်းနိုင်ခဲ့သည်။

ထန်ကျိုးမှ ထန်မိသားစု၏ ပိုင်ဆိုင်မှုအား လုံးဝသိမ်းပိုက်ရန် အားလုံးက ထင်ထားသည့်အချိန်တွင် ရှင်းပြရခက်သော ဝိုးတဝါးဓာတ်ပုံတစ်ခုကြောင့် ထန်ကျိုးသည် မိမိရပ်နေသော အမြင့်တစ်နေရာမှာ ချက်ချင်းဆိုသလို ပြုတ်ကျသွားတော့သည်။

အဘိုးထန်၏ မျက်နှာပေါ်တွင် မှောင်ရိပ်သန်းနေ၏။ သူသည် ထိုဓာတ်ပုံအား ထန်ကျိုးအရှေ့တွင် ပစ်ချလိုက်သည်။

"ဒါ ဘာတွေဖြစ်နေတာလဲ?"

ဓာတ်ပုံထဲတွင် ဖူရှန်းသည် ထန်ကျိုး၏ပခုံးကို လက်မောင်းဖြင့် ထွေးဖက်ထားပြီး သူ၏မျက်နှာကိုလည်း အပေါ်ဘက်မှ ထောင့်ဖြတ်အနေအထားဖြင့် ဖိကပ်ထားသည်။ ဓာတ်ပုံဆရာ၏ ရှုထောင့်မှဆိုလျှင် နှစ်ဦးသားသည် နမ်းနေကြသည့်ပုံပေါက်ပေသည်။

အမှန်တကယ် ဖြစ်ပျက်ခဲ့သောအရာမှာ ဖူရှန်းသည် မူးနေသောကြောင့် ထန်ကျိုးသည် လက်ထောက်တစ်ဦး၏ တာဝန်ကို ဖြည့်စွမ်းသည့်အနေဖြင့် သူ့အား ကားမောင်းပို့နေခြင်းသာဖြစ်သည်။

ထန်ကျိုးသည်  ရုပ်တည်ဖြင့် ပြန်ဖြေလိုက်၏။

"အဲ့ဓာတ်ပုံက အတုပါ"

"သူနဲ့ ဘယ်လိုဆက်ဆံရေးရှိနေတာလဲ?"

အဘိုးထန်သည် အိမ်ထောင်ဦးစီးအနေဖြင့် သူ၏အာဏာကို ပြသလိုက်သည်။

"အစကတည်းက Deep Blue ကနေ ဘာလို့ မင်းရှယ်ယာတွေကို ပေါက်စျေးနဲ့ ဝယ်လိုက်တာလဲ?"

ချက်ချင်းဆိုသလို ထန်ကျိုး၏နှလုံးသား အေးစက်သွားတော့သည်။ အတွင်းဆုံးထိ အေးခဲနေသောနှလုံးသားဖြင့် သူသည် ထိန်းမနိုင်သိမ်းမရ ရယ်လိုက်၏။

"အဘိုး အဲ့တုန်းက သူဝယ်တုန်းကတော့ အဘိုးဘာလို့ မမေးတာလဲ?"

ဤစကားကြောင့် အိမ်ထောင်ဦးစီး၏ မာန ထိခိုက်သွားသည်။ အကြီးအကဲထန်သည် ထိုဓာတ်ပုံအား သူ့ထံပေါက်ကာ ပြောလိုက်၏။

"မင်းက ထန်မိသားစုဝင်တစ်ယောက်ပဲ၊ မင်း လုပ်ရပ်ကြောင့် မိသားစုသိက္ခာကျလို့မဖြစ်ဘူး"

ထန်ကျိုးသည် စိတ်ပျက်အားလျော့နေတော့၏။

"ကျွန်တော်က ယောက်ျားလေးတွေကို သဘောကျတယ်ဆိုရင်တောင် ထန်ကျန်း သိက္ခာချခဲ့သလောက်တော့ မဆိုးသေးပါဘူး"

ဤအရာမှာ တိုက်ဆိုင်မှုမဟုတ်ကြောင်း သူသိပေသည်။ အခြားသူများက ကြံစည်အကွက်ချထားသော အစီအစဥ်သာဖြစ်ရမည်။

သူသည် ထန်ကျန်း၏အကြွေးများအားလုံးကို ဆပ်နိုင်ရန် သူ၏ရှယ်ယာများအားလုံးကို ‌ရောင်းခဲ့၏။ ယခု သူ့တွင် ပိုင်ဆိုင်မှု မရှိတော့ချေ။ သူသည် 'လိင်တူကြိုက်သည်' ဟူသော စွပ်စွဲချက်ကို သယ်ဆောင်ရလျှင် ထန်မိသားစုထဲရှိ သူ၏နေရာသည် သူ၏တရားမဝင်ညီငယ်၏ လက်ထဲသို့ လွယ်လင့်တကူ ရောက်ရှိသွားပေမည်။

ယခု ထန်ကျိုးဟူသော ဤလူမှာ တန်ဖိုးမရှိတော့ချေ။

ရာသီဥတုမှာ အလွန်အေးစက်နေ၏။ ထန်ကျိုးသည် ဤအိပ်မက်ဆိုးမှ နိုးထလာတော့သည်။ ကျောပြင်ရှိ ချွေးစေးများကြောင့် သူ၏အင်္ကျီ စိုရွှဲနေပြီး တစ်ကိုယ်လုံး အလွန်ပင် ချမ်းစိမ့်နေသည်။

သူသည် အအေးဒဏ်ကြောင့် ခိုက်ခိုက်တုန်နေ၏။

ယခုအချိန်ထိ သူသည် ဝတ္ထုထဲရှိ ဇာတ်ပို့တစ်ယောက်သာသာ ဖြစ်ကြောင်း မယုံကြည်ချင်သေးချေ။ ဗီလိန်မှ ဖန်တီးထားသော ခက်ခဲကြမ်းတမ်းမှုများကို ခံစားရမည့် ဇာတ်ဆောင်မင်းသားသည် ပြန်လည်တိုက်ခိုက်ခွင့်ရရှိရန် သူလို ဇာတ်ပို့တစ်ယောက်က ပထမဦးစွာ စတေးခံရပေမည်။

သူသည် အိပ်မက်၏ သတိပေးချက်ကို အရင်ရရှိလိုက်သဖြင့် တူညီသောအမှားများကို နောက်တစ်ဖန် လုပ်မည်မဟုတ်ပါချေ။

ထန်ကျိုးသည် ထန်မိသားစု၏ ရုပ်သေးရုပ်မဖြစ်လိုတော့ပေ။ မိမိအတွက်သာ မိမိရှင်သန်ချင်တော့၏။


ဖူရှန်းသည် အဆောင်ပြန်ပြီးနောက် မိမိအခန်းဖော်များ၏ ကုတင်တိုင်များကို ခေါက်ကာ သူတို့ကို နှိုးလိုက်သည်။

ဝတုတ်တုတ် လူတစ်ဦးသည် အနောက်သို့လှည့်ပြီး ကုတင်လက်ရန်းကြားပေါက်မှတဆင့် သူ့အားကြည့်ကာ အိပ်ချင်မူးတူးဖြင့် မေးလိုက်သည်။

"အစ်ကိုရှန်း မနက်စောစောစီးစီး ဘာတွေဖြစ်နေတာလဲ? နည်းနည်းထပ်အိပ်ပါရစေဦး"

ကျန်နှစ်ဦးမှာ မလှုပ်ချေ။

"ထန်ကျိုးက ရင်းနှီးမြှုပ်နှံမှုကို ပြန်သိမ်းချင်တယ်ဆိုတာ ကိစ္စကြီးမဟုတ်ဘူးလား?"

ဖူရှန်းသည် သူ၏ထိုင်ခုံကိုလှည့်ကာ ထိုင်ချလိုက်သည်။

အဆောင်ခန်းသည် တစ်စက္ကန့်မျှ ငြိမ်ကျသွား၏။ ချက်ချင်းဆိုသလို လူနှစ်ဦးသည် အိပ်ရာပေါ်မှ ထထိုင်လိုက်ပြီး ကျန်တစ်ဦးလည်း ဖြည်းဖြည်းချင်းထလာသည်။

"ပြန်သိမ်းမယ်?!"

ဖူရှန်းသည် စားပွဲပေါ်သို့ တံတောင်ကိုထောက်ကာ

"နိုးကြပြီလား?"

ဝတုတ်တုတ်လူသည် ကုတင်တိုင်မှ အလျင်အမြန်ဆင်းလာပြီး ခုံကို‌‌ရွှေ့ကာ ထိုင်ချလိုက်၏။

"နိုးပြီ နိုးပြီ မြန်မြန်ပြောတော့ ဘာတွေဖြစ်နေတာလဲ?"

သူသည် ဝတုတ်နေသည့်တိုင် ကျန်နှစ်ဦးထက် ပို၍ပျော့ပျောင်းကာ လှုပ်ရှားမှုမြန်သည်။

ကျန်လူတစ်ဦးသည် သူတို့ထံ တွားလာပြီး မေးလိုက်၏။

"ထန်ကျိုးက ဘာလို့ ရင်းနှီးမြှုပ်နှံမှုကို ပြန်သိမ်းမှာလဲ?"

"မင်းတို့ကိုစနေတာ"

ဖူရှန်းသည် အားလုံးထိုင်ချသည်ကို စောင့်ပြီးမှ ရှင်းပြလိုက်၏။

"ဒီမနက်က သူ ကမ်းလှမ်းချက်တစ်ခုလုပ်တယ်၊ ရှယ်ယာ ၄၀% ကို လိုချင်တယ်တဲ့ မင်းတို့အားလုံး သဘောတူကြလား?"

"အရင်တုန်းက သဘောတူပြီးသား မဟုတ်ဘူးလား?"

ခပ်ဝဝလူသည် စိတ်လှုပ်ရှားပူပန်လွန်းသဖြင့် နဖူးတွင်ပင် ချွေးပြန်နေလေပြီ။

"နတ်ဘုရားထန် ကတိဖျက်လို့မရဘူးလေ ဟုတ်တယ်မလား?"

အစက သူတို့သည် အမှန်ပင် ရွေးချယ်စရာမရှိသဖြင့် မိမိတို့နှင့် တက္ကသိုလ်တူသော ထန်ကျိုးနှင့်တွေ့ဆုံ၍ မိမိတို့နှင့်ပူးပေါင်းခိုင်းရန်အတွက် ဖူရှန်းနှင့် တိုင်ပင်ခဲ့ကြသည်။ ဖူရှန်းသည် ထိုစဥ်က သတင်းကောင်းကို ယူဆောင်လာခဲ့ပြီး ထန်ကျိုးမှာ ၆ လအတွင်း ယွမ် ၅ သန်း ရင်းနှီးမြှုပ်နှံရန် ကတိပေးလိုက်ကြောင်း ပြောခဲ့၏။

ထိုအရာမှာ ၁ လသာရှိသေးသည်။ သူသည် အဘယ်ကြောင့် စိတ်ပြောင်းသွားရသနည်း?

Pikachu ညဝတ်အင်္ကျီနှင့် ကောင်လေးသည် သူ၏ဖုန်းရှိ ပြက္ခဒိန်အား လှန်လျောကြည့်ကာ ချီတုံချတုံဖြင့် ပြောလိုက်၏။

"ဒီနေ့က အေပရယ်ဖူးနေ့ပဲ နတ်ဘုရားထန် နောက်နေတာများလား?"

အနက်ရောင်ဘောင်ကွတ်မျက်မှန်များနှင့် ပိန်ပိန်ပါးပါး ကောင်လေးတစ်ဦးမှ မိမိမျက်မှန်ကိုပင့်တင်ပြီး ခံစားချက်ကင်းမဲ့သောမျက်နှာဖြင့် ပြန်ဖြေလိုက်သည်။

"ငါသိသလောက်ဆိုရင် နတ်ဘုရားထန်က ဘယ်တော့မှ နောက်တတ်တဲ့လူ မဟုတ်ပါဘူး"

ထန်ကျိုးသည် မြို့တော်ထဲတွင် နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ သူသည် လူကုံထံမိသားစုမှ မွေးဖွားလာခဲ့ပြီး ကလေးဘဝမှစ၍ ဒုတိယနေရာကို တစ်ခါမှ မယူဖူးခဲ့‌ချေ။ သာမန်လူများ၏မျက်လုံးထဲ၌ သူသည် ရာဇဝင်တွင် အောင်နိုင်သူတစ်ဦးဖြစ်ပေသည်။

လူတိုင်းက သူ့ကိုပြောစရာပင်မလိုအောင် လေးစားကြကာ "နတ်ဘုရားထန်" ဟု ခေါ်ဝေါ်ကြလေသည်။

သို့သော် သွေးကြီးမွေးကြီးနိုင်ပြီး မာနကြီးလှသော ဤနတ်ဘုရားထန်မှာ သူ၏သူငယ်ချင်းတစ်ဖြစ်လဲ လုမိသားစု၏ အမွေခံဖြစ်သော လုယဲ့တစ်ဦးတည်းနှင့်သာ စကားပြောတတ်၏။ မလိုအပ်ပါက သူသည် အပြင်ထွက်လေ့မရှိချေ။ သူရှိနေသောနေရာနှင့် ပတ်သက်လာလျှင် လျှို့ဝှက်တတ်သောလူတစ်ဦးဖြစ်ပြီး ခဏတစ်ဖြုတ်သာ ပေါ်လာပြီး ပြန်ပျောက်သွားတတ်သည်။

သူ့အား ချဉ်းကပ်ချင်သောလူများ မရေမတွက်နိုင်အောင် ရှိနေသော်ငြား လူအများစုမှာ သူ့အား မြင်နိုင်သောအခွင့်အရေးပင် မရရှိခဲ့ချေ။

သူတို့သည် အစက ထန်ကျိုးအား ပူးပေါင်းခိုင်းရန်အတွက် ရှာဖွေစဥ်တွင် ကမူးရှူးထိုးဖြစ်နေခဲ့ကြသည်။ သို့သော် ဤဆက်ဆံရေးတစ်ခုအား တည်ထောင်နိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ယခုတွင် ဖူရှန်းမှ သတင်းဆိုးသယ်လာသောအခါ သူတို့သည် ဇဝေဇဝါဖြစ်သွားကြ၏။

Pikachu ညဝတ်အင်္ကျီဖြင့် ကောင်လေးက မျက်မှောင်ကြုတ်လိုက်သည်။

"နတ်ဘုရားထန်က ကတိဖျက်မယ့်လူသားမျိုးမဟုတ်ဘူး၊ တကယ်ပဲ အေပရယ်ဖူးအနေနဲ့ စနေတာများလား? ငါ မင်းတို့ကို ပြောလိုက်မယ် တချို့လူတွေက အစက ကြည့်ရင်သာ တည်ကြည်ပေမယ့် အတွင်းစိတ်ထဲမှာတော့ အရူးလိုမျိုး ပြောင်စပ်စပ်လုပ်တာကို ကြိုက်ကြတာလေ"

"အရူးလို အပေါလိုနေတာက နတ်ဘုရားထန်ရဲ့ စရိုက်နဲ့ မကိုက်ဘူး"

ခပ်ဝဝကောင်လေးသည် မိမိဆံပင်ကို စုစည်းဆုပ်ကိုင်လိုက်သည်။

"အဲ့လိုဆိုပေမယ့်လည်း မနက်ဖြန် ပြန်မေးကြည့်ကြမလား?"

မျက်မှန်နှင့် ကောင်လေးသည် ခေတ္တမျှ တွေးတောပြီးနောက် ဖူရှန်းကို ကြည့်လိုက်သည်။

"ငါ့တွက်ချက်မှုအရတော့ ထန်ကျိုးက ရင်းနှီးမြှုပ်နှံမှုလုပ်နေရင်း တန်းလန်းနဲ့ သဘောတူညီချက်ကို ဖျက်မှာမဟုတ်ဘူး၊ ဒါပေမယ့် သူက ရုတ်တရက်ကြီး စိတ်ပြောင်းသွားတယ်ဆိုတော့ နောက်တစ်ခေါက် ညှိနှိုင်းဖို့ အခွင့်အရေးရှိလား?"

ဖူရှန်း ခေတ္တမျှစဥ်းစားကြည့်လိုက်၏။

"ဖြစ်နိုင်ချေရှိတယ်"

ဤသို့ စျေးမြင့်ရန် တောင်းဆိုချက်မှာ မသိသာလှသော ငြင်းဆိုမှုတစ်ခု ဖြစ်နိုင်သလို သူတို့နှင့် ညှိနှိုင်းမှုထပ်မလုပ်ခင် စိတ်ပိုင်းဆိုင်ရာအရ မျှော်လင့်ချက်ရှိလာအောင် လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်။

Pikachu ညဝတ်အင်္ကျီဖြင့် ကောင်လေးက ပြောလိုက်သည်။

"အဲဒါနဲ့ မလောက်သေးဘူး... အာ ငါ့ကိုမေးရင်တော့ ထပ်ပြောကြည့်တာ ကောင်းမယ်လို့ထင်တယ်၊ ဥပမာအနေနဲ့ ငါတို့လေးယောက်က စားသောက်ဆိုင်တစ်ဆိုင်အတူသွားပြီး အရင်ဆုံး နတ်ဘုရားထန်ကို အရက် ၄-၅ ပုလင်းလောက် ထိုးတိုက်ထားရမယ်၊ ဒါမှ ငါတို့ပြောသမျှကို သဘောတူမှာ"

"ဆိုးလိုက်တဲ့အကြံ!"

ခပ်ဝဝကောင်လေးမှ သူ့အား ထိုးလိုက်သည်။

"အဲဒါ သူ့ကို အခွင့်ကောင်းယူတာပဲလေ"

"ဆိုးတဲ့အကြံတော့မဟုတ်ဘူး"

မျက်မှန်နှင့်ကောင်လေးသည် အံဆွဲထဲမှ ကူပွန်အချို့ကို ဆွဲထုတ်လိုက်သည်။

"ဒါက ထန်ကျိုး၊ လုယဲ့နဲ့ ချောင်ယွမ် သွားတတ်တဲ့ဆိုင်ပဲ၊ မြို့ထဲက အထက်တန်းစားနေရာတစ်ခုပေါ့ တခြားဆိုင်ထက်လည်း စျေးပိုကြီးတယ်၊ ဒါပေမယ့် ငါ့မှာ ကူပွန်တချို့ရှိတာမို့ သူ့ကို ရိုးရိုးသားသားနဲ့ အဲဒီကို ဖိတ်ပြီး ညှိနှိုင်းလို့ရတယ်"

"လခွမ်း ဒါကို ဘယ်ကနေ ရတာလဲ?"

ဝတုတ်ကောင်လေးသည် သူ့ထံသို့လာကာ ကူပွန်ကို ချောင်းကြည့်လိုက်သည်။

"ငါ အဲ့နေရာကိုတော့ မရောက်ဖူးသေးဘူး ဒီတစ်ခေါက်တော့ ဗိုက်ခွေးနမ်းအောင် စားပစ်ရမယ်"

Pikachu ညဝတ်အင်္ကျီနှင့် ကောင်လေးသည် သူ၏ဗိုက်ပူပူကို ပုတ်လိုက်သည်။

"မင်းဒီလောက်စားနေရင် စော်ရမှာမဟုတ်ဘူး"

ခပ်ဝဝကောင်လေးသည် သူ့အား မြင်ပြင်းကတ်ဟန်ဖြင့် ပြန်ကြည့်လိုက်၏။

"ငါ့မှာ နေ့တိုင်း ၀၁ ကုတ်တွေနဲ့ပဲ နှစ်ပါးသွားနေရတာ၊ ဒီလိုပုံစံနဲ့ဆို သရဲဖြစ်မှပဲ စော်ရလိမ့်မယ်"

"ဟားဟားဟား ဒါဆိုလည်း ဘဲရှာပေါ့ကွာ!"

"သွားသေလိုက်!"

စနောက်နေကြသော နှစ်ဦးသားကို လျစ်လျူရှုပြီး မျက်မှန်နှင့်ကောင်လေးမှ ဖူရှန်းကို မေးလိုက်သည်။

"ထန်ကျိုး ရုတ်တရတ်ကြီး စိတ်ပြောင်းသွားတာက မင်းနဲ့ဆိုင်လား?"

ဖူရှန်းပြုံးကာ ပြောလိုက်သည်။

"ငါ့မှာ အဲ့လိုအစွမ်းမျိုး ရှိတာလား?"

ဤမနက်မှ အခြေအနေကို ပြန်တွေးကြည့်လိုက်သောအခါ ယမန်နေ့ညက တစ်ခုခုဖြစ်ခဲ့ကြောင်း သူ သေချာနေ၏။ သို့သော် သူနှင့် လားလားမျှ မဆိုင်လောက်ပါချေ။

မျက်မှန်နှင့်ကောင်လေးသည် ဖူရှန်း၏ပခုံးအားပုတ်လိုက်သည်။ သူ၏နူးညံ့လှပသောမျက်နှာတွင် လေးနက်မှုအပြည့်ရှိနေ၏။

"အစ်ကိုရှန်း ပင်ပန်းခဲ့မှာပေါ့"

ဖူရှန်း ကြက်သေသေသွား၏။

"မင်းသိနေတာလား?"

သူသည် ထန်ကျိုး၏ လက်ထောက်ဖြစ်ကြောင်း သူ၏သူငယ်ချင်း ၃ ဦးအား လျှို့ဝှက်ထားခဲ့သော်လည်း လျန်းချန်မှ သိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ထို့ကြောင့်လည်း ဤလတွင် သူသည် အဆောင်သို့ပြန်စဥ်က သူ၏ရေဘူးမှာ ပြည့်နေပြီး စားပွဲခုံမှာလည်း သပ်ရပ်နေကြောင်း တွေ့ခဲ့ရသည်။ သူသည် သန့်ရှင်းရေးတာဝန်များနှင့် ပတ်သက်၍ ဘယ်သောအခါကမှ တာဝန်မယူခဲ့ချေ။ သူတို့အား မေးကြည့်လိုက်သောအခါ အလောင်းအစားရှုံး၍ လုပ်လိုက်ရခြင်းဟု ပြောကြသည်။

လျန်းချန် ခေါင်းညိတ်လိုက်သည်။

ဖူရှန်းသည် ရန်ဖြစ်နေသောကောင်လေးနှစ်ဦးအား ကြည့်လိုက်၏။

"သူတို့နှစ်ယောက်ကရော?"

"ငါနဲ့ လောင်းကြေးရှုံးသွားတာ"

ဖူရှန်း ပြုံးကာ သူ၏လက်မောင်းကို ပုတ်လိုက်သည်။

"ကျေးဇူးပဲ"





ချိုတာကြိုက်တဲ့ဗီလိန်လေး Where stories live. Discover now