Chapter 5.1

312 42 0
                                    

Villain Sweet Tooth 5.1

အပိုင်း ၅.၁ - ခန္ဓာကိုယ်ရောင်းစားပြန်ပြီလား

မိမိအိမ်သို့ပြန်ရောက်သောအခါ ထန်ကျိုးသည် မက်ဆေ့ချ်ပို့သော ပရိုဂရမ်တစ်ခုကိုဖွင့်ကာ "ထမင်းကြိုက်သော ကြွက်လေး" အမည်ရှိ လူတစ်ဦးကို ဆက်သွယ်လိုက်သည်။

ယာဂုချိုချို - အလုပ်လက်ခံမှာလား?

ထမင်းကြိုက်သော ကြွက်လေး - လက်ခံမယ်

ထန်ကျိုးသည် သူ့အား ပုံနှစ်ပုံပို့လိုက်ပြီး လိုအပ်ချက်များကို ရှင်းလင်းစွာ ပြောကြားလိုက်သည်။

[ မနက်ဖြန်မနက်အမှီ ပေးလို့ရမလား? ]

ထမင်းကြိုက်သော ကြွက်လေး - ကိစ္စမရှိဘူး စရန်တော့ အရင်ပေးထား

ယာဂုချိုချို - နောက်အော်ဒါတစ်ခု ရှိသေးတယ်

ပုံများနှင့်အတူ အော်ဒါတင်ပြီးနောက် တစ်ဖက်ခြမ်းမှ အချိန်အတော်ကြာ စာမပြန်လာချေ။

ထန်ကျိုးမှ ‌သွားမေးခါနီးတွင် ဒိုင်ယာလော့ခ်အကွက်ထဲတွင် မက်ဆေ့ချ်တစ်စောင်ပေါ်လာ၏။

ထမင်းကြိုက်သော ကြွက်လေး - လွန်ခဲ့တဲ့ အနှစ် ၂၀ က ဖြစ်ခဲ့တာဆိုတော့ ခက်တဲ့အလုပ်လို့ပြောရမယ်၊ မနက်ဖြန်မနက်တော့မရဘူး စျေးကလည်း အရင်စျေးထက် ပိုကြီးသွားမယ်

ယာဂုချိုချို - ဒီအော်ဒါကို တစ်ပတ်လောက်အချိန်ယူလည်း ရတယ်၊ ငွေကိစ္စကတော့ ပြောစရာမလိုဘူး

ထမင်းကြိုက်သော ကြွက်လေး - ဟုတ်ပြီလေ

နှစ်ဦးသား စကားပြောပြီးနောက် ထန်ကျိုးသည် စကားပြောပရိုဂရမ်ကို ပိတ်လိုက်၏။ သူ၏ရင်ထဲတွင် တစ်ခုခုလွဲမှားနေသလို ခံစားလိုက်ရသည်။ သို့သော် "ထမင်းကြိုက်သော ကြွက်လေး" ၏ ဂုဏ်သတင်းကို စဥ်းစားလိုက်သောအခါ သူ၏ခေါင်းထဲရှိ အတွေးများကို ပထုတ်လိုက်၏။

[ကျန်းချန်တက္ကသိုလ် ယောက်ျားလေးအဆောင်]

ဖူရှန်းသည် ရေချိုးပြီး၍ ထွက်လာသောအခါ အခန်းဖော်နှစ်ဦး၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။

"နတ်ဘုရားထန်က ငါတို့နဲ့ ထပ်တွေ့ဖို့ သဘောတူလိုက်တယ်လို့ လျန်းချန်ပြောတယ် တကယ်ပဲလား?"

ခပ်ဝဝကောင်လေးမှ စိတ်လှုပ်ရှားနေသောမျက်နှာဖြင့် မေးလိုက်၏။

"အင်း မနက်ဖြန်ညနေ ၆ နာရီ၊ ငါတို့အတူသွားကြမယ်"

"ဟုတ်ပြီ ဟုတ်ပြီ မနက်ဖြန် ဘာဝတ်ရမလဲဆိုတာ ကြည့်ရမယ်!"

နောက်ကောင်လေးသည် Pikachu ဒီဇိုင်းရှိ ခေါင်းစွပ်အနွေးထည်ကို ဆွဲထုတ်ကာ အခြားသူများကို မေးလိုက်၏။

"ဒီတစ်ခုဆို ဘယ်လိုလဲ?"

ခပ်ဝဝကောင်လေးမှ လှောင်ရယ်သံပြုလိုက်၏။

"ကလေးဆန်လွန်းလိုက်တာ၊ ကြည့်လိုက်တာနဲ့ အားကိုးလို့မရတဲ့လူမှန်း သိသာတယ် နတ်ဘုရားထန်သာ ဒါကိုမြင်ပြီး မကြိုက်လို့ ဆွေးနွေးမှုရပ်လိုက်ရင် ငါတို့ဘာဆက်လုပ်ကြမလဲ?"

"ဘယ်နားက ကလေးဆန်လို့လဲ?"

Pikachu ကောင်လေးမှ စိတ်ဆိုးမာန်ဆိုးဖြင့် ဖြေလိုက်သည်။

"မင်းကမှ အားကိုးမရတဲ့လူ!"

နှစ်ဦးသား ထပ်မံ၍ ရန်ပွဲဆင်နေကြသည်ကို မြင်လိုက်သောအခါ ဖူရှန်းမှ အေးအေးလူလူဖြင့် ပြောလိုက်၏။

"အဲ့လောက်ကြီး စိတ်ဖိစီးစရာမလိုဘူး၊ ထန်ကျိုးက... ဒီလိုဟာမျိုးတွေကို ဂရုမစိုက်လောက်ဘူး"

စာဖတ်နေသော လျန်းချန်မှ သူ့အားမော့ကြည့်ကာ မျက်မှန်ကိုပင့်တင်လိုက်သည်။

ဖုန်းထဲမှ အသိပေးချက်အသံမြည်လာသဖြင့် ဖူရှန်းမှ မသိလိုက်ဘာသာ ဖွင့်ကြည့်လိုက်သောအခါ ရုတ်ခြည်းဆိုသလို တောင့်တင်းသွားသည်။

မိရှု - [picture.jpg]

မိရှု - [ ဒါက မင်းဓာတ်ပုံလား? ]

ဖူရှန်း - [ ငါပဲ ဘာဖြစ်လို့လဲ ]

မိရှု - [ မင်းကိုစုံစမ်းချင်နေတဲ့လူရှိတယ် ]
 
ဖူရှန်း - [ ဘယ်သူလဲ? ]

မိရှု - [ စည်းကမ်းချက်တွေအရ ထုတ်ပြောလို့မရဘူး ]

ဖူရှန်း - [ စည်းကမ်းချက်တွေကို မလိုက်နာဘူးဆိုရင်ရော ]

မိရှု - [ ငါ မင်းအပေါ် ကျေးဇူးကြွေး ၃ ခုတင်နေတယ်၊ ဒီကိစ္စကို အဲ့ကျေးဇူးကြွေးထဲကတစ်ခုနဲ့ ချေချင်လား? ]

ဖူရှန်းသည် စက္ကန့်ပိုင်းမျှ တုံ့ဆိုင်းသွားပြီးနောက် ဖြေလိုက်သည်။

[ မလိုဘူး ]

သူသည် လေးနက်သောမျက်နှာထားဖြင့် ဖုန်းကိုချလိုက်ပြီး မှင်တက်နေသော လူ ၃ ဦး၏အကြည့်အောက်တွင် သူ၏ကွန်ပျူတာကို ဖွင့်လိုက်သည်။ ထို့နောက် လျင်မြန်စွာဖြင့် ကီးဘုတ်ပေါ်တွင် တစ်ခုခုကို ရိုက်လိုက်၏။ ထိုအချိန်တွင် လျန်းချန်မှ သူ့အား ခေတ္တမျှ ဝေ့ကြည့်ပြီး မျက်နှာလွှဲလိုက်၏။

ကျန်နှစ်ဦးမှာ ဤအပြုအမူကြောင့် ထိတ်လန့်အံ့အားသင့်လွန်းသဖြင့် ချက်ချင်းဆိုသလိုပင် ငြိမ်ကျသွားတော့သည်။

ကီးဘုတ်ပေါ်မှ တဂျောက်ဂျောက်မြည်သော စာရိုက်သံများမှာ ဂီတသံစဥ်များကဲ့သို အဆက်မပြတ် စီးဆင်းထွက်နေပြီး တိတ်ဆိတ်ငြိမ်သက်နေသော အဆောင်ခန်းထဲ ပဲ့တင်ထပ်သွားသည်။ ခေတ္တအကြာတွင် နောက်ဆုံးအဖြေတစ်ခုအဖြစ် ရုပ်လုံးပေါ်လာတော့၏။

ဖူရှန်းသည် မျက်ခုံးများကို အတန်ငယ်ပင့်ထားပြီး ခုံပေါ်တွင် နောက်ပြန်လှဲချ၍ မှီလိုက်သည်။ သူ၏လက်များအား ပေါင်ပေါ်တွင်တင်ထားပြီး လက်ချောင်းများကို အသာအယာခေါက်နေ၏။

ဤရင်းနှီးနေသော ကွန်ပျူတာ IP လိပ်စာသည် သူ့အတွက် တစ်ချိန်တည်းမှာပင် အံ့သြစရာလည်းဖြစ်သလို ထင်မှတ်ထားသောအရာလည်းဖြစ်၏။

နောက်တစ်နေ့မနက်တွင် ထန်ကျိုးသည် ကိုယ်လက်သန့်စင်ပြီး မနက်စာအနည်းငယ်စားပြီးနောက် သူ၏အီးမေးလ်ကို ဖွင့်ကြည့်လိုက်သည်။

"ထမင်းကြိုက်သော ကြွက်လေး" ဆီမှ မက်ဆေ့ချ်အသစ် ရောက်နေလေ၏။

ပေးပို့သောဖိုင်အား ကလစ်နှိပ်၍ လျှောက်ပတ်ကြည့်ရှုပြီးနောက် သူသည် စိတ်ထဲတွင် သက်ပြင်းမချမိဘဲ မနေတော့ချေ။

တုရိုယူနှင့် ထန်ထျန်းယန်ကြားရှိ ဆက်ဆံ‌ရေးအား ထန်ကျိုးသိနေသော်လည်း သူတို့နှစ်ဦးသည် အထက်တန်းကျောင်းကတည်းကပင် ဇာတ်လမ်းရှိခဲ့ကြောင်း သူ မသိထားခဲ့ချေ။

သူ၏အဖေတူ အမေကွဲ ညီငယ် ထန်ထျန်းယန်မှာ အထက်တန်းကျောင်းတွင် ကျောင်း၏ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်ဖြစ်သည်။ ထူးချွန်သောပညာရေး၊ နှစ်လိုဖွယ်ဟန်ပန်နှင့် ကြည့်ကောင်းလှသောရုပ်ရည်ကြောင့် သူသည် မိန်းမလှများကြားထဲတွင် အလွန်ရေပန်းစားသည်မှာ မထူးဆန်းပါချေ။

ထိုအချိန်တွင် တုရိုယူမှာ ထန်ထျန်းယန်၏ ဦးနှောက်ဆေးခြင်းကို ခံနေရသော ကောင်မလေးတစ်ဦးသာရှိသေးသည်။ ထန်ကျိုးသည် ထန်ထျန်းယန်နှင့် သူ၏မိခင်ကို အနိုင်ကျင့်ဖိနှိပ်နေသည်ဟု သူမ ယုံကြည်နေခဲ့လေသည်။ ထန်ကျိုးသည် ယနေ့တွင် အောင်မြင်မှုရရှိနိုင်သော အကြောင်းရင်းမှာ ထန်မိသားစု၏ အရင်းအမြစ်များအားလုံးကို အခွင့်ကောင်းယူခဲ့သောကြောင့်သာ ဖြစ်သည်ဟုပင် သူမ ထင်နေ၏။ သူမ စိတ်ထဲတွင် ထိုအရင်းအမြစ်များအချို့သည် ထန်ထျန်းယန်၏အပိုင် ဖြစ်သင့်ပေသည်။

ဝမ်းနည်းကြေကွဲဖွယ်နောက်ခံနှင့် အလှတရားမှာ ဤခေတ်တွင် မိန်းကလေးများ၏အချစ်ကို သိမ်းပိုက်နိုင်သော ကိုယ်ပျောက်လက်နက်ဖြစ်ပေ၏။

ထန်ကျိုးသည် ဖတ်ရင်းဖြင့် မရယ်မိဘဲ မနေတော့ချေ။

ပထမဦးစွာဖြင့် သူသည် ထန်ထျန်းယန်အား စကားတစ်ခွန်းမျှပင် ပြောခဲ့ဖူးသည်မဟုတ်ရာ သူ့အား အဘယ်သို့ ဖိနှိပ်အနိုင်ကျင့်နိုင်မည်နည်း? ဥပမာအနေဖြင့် ထန်မိသားစု၏ အရင်းအမြစ်များကို လက်ဝါးကြီးအုပ်သည်ဟူသော စကားကို အကြောင်းပြချက်အနေဖြင့် သုံးထား၏။ ထန်ကျန်းကိုယ်တိုင်ကပင် ထန်ထျန်းယန်အပေါ် ကြိုးစားအားထုတ်မှု မရှိသလောက်နီးပါးဖြစ်နေသည်ကို သူသည် အဘယ်သို့ ထန်ထျန်းယန်အား ဖိနှိပ်နိုင်မည်လော။

ဇွဲနပန်းကြီးလှသော အဖြူရောင်ပန်းငုံလေးပင်။ ဖိနှိပ်ခံနေရသည်ဟု ဆိုနေသော်ငြား အထက်စီးဆန်နေလေသည်။

ထန်ကျိုးသည် ယခုအချိန်တွင် စိတ်ပေါက်ရာသာ လုပ်တော့၏။ တစ်စုံတစ်ဦးမှ ရန်လာစလျှင် သူသည် ထိုရန်ကလဲ့စားကို ပြန်ဆပ်ပေမည်။

ရုတ်ခြည်းဆိုသလို သူ၏ဖုန်းသံမြည်သွားသဖြင့် သူသည် အေးအေးလူလူပင် ကိုင်လိုက်သည်။

"ထန်ကျိုး မင်းမနေ့ညက... ငါကြားလိုက်တဲ့ကိစ္စက အမှန်ပဲလား?"

လုယဲ့၏လေသံသည် အတန်ငယ် မရေမရာဖြစ်နေသည်။

ထန်ကျိုးသည် ခပ်တည်တည်ပင် ပြန်ဖြေလိုက်၏။

"မင်းက လူတန်းစားခွဲခြားချင်တာလား?"

"ဘယ်ဟုတ်ပါ့မလဲ!"

လုယဲ့မှ သုတ်သီးသုတ်ပျာဖြင့် ရှင်းလိုက်သည်။

"ငါက ဒီတိုင်း အဲ့ကိစ္စကို နည်းနည်းမယုံနိုင်စရာကောင်းတယ်လို့ ထင်မိလို့၊ မင်းက ဒီလိုဟာမျိုးတွေနဲ့ ဘာမှမဆိုင်ဘူးလို့ ထင်ခဲ့တာလေ"

ထန်ကျိုးသည် စိတ်ထဲ၌ မိမိဘာသာတွေးမိ၏။

(ငါ့အရင်ပုံစံက ထန်မိသားစုအမွေခံတစ်ယောက်ရဲ့ မျက်နှာဖုံးတစ်ခုအပြင် မပိုဘူး)

"မနေ့ညက မင်းတို့တွေ ဘာဖြစ်ကြတာလဲ?"

ထန်ကျိုးသည် မိမိကိုယ်ကို ဝတ္ထုတစ်ပုဒ်၏ ဇာတ်ကောင်တစ်ခုဟု အိပ်မက်မက်ခဲ့သော်ငြား အိပ်မက်ကမ္ဘာတွင် မိမိ၏ရှုထောင့်ကိုသာ ပြသသဖြင့် အခြားဇာတ်ကောင်များ၏ အသေးစိတ် အချက်အလက်ကို သူ မသိရချေ။

"ငါ့အကူအညီလိုလား?"

လုယဲ့ ပြန်ဖြေလိုက်သည်။

"ဘာရယ်မဟုတ်ပါဘူး လူမိုက်တချို့နဲ့ တိုးမိလို့၊ ငါသူတို့ကို ကောင်းကောင်းဗျင်းလိုက်တယ်လေ အဲဒါနဲ့ သက်သေထွက်ဆိုဖို့ ရဲစခန်းကို သွားလိုက်ရတာ"

ထန်ကျိုးသည် တိတ်တခိုး သက်ပြင်းချလိုက်မိ၏။ လက်ရှိ လုယဲ့သည် သွေးဆူလွယ်သော လူငယ်လေးတစ်ဦးဖြစ်နေဆဲပင်။ သူ၏အိပ်မက်ကမ္ဘာထဲမှ အေးစက်သုန်မှုန်သော စီအီးအိုလုမဟုတ်သေးပေ။

ထန်ကျိုးသည် အနည်းငယ်စိတ်ပူသွားပြီး သူ့ကို သတိပေးလိုက်၏။

"လုယဲ့ မင်းဘွဲ့ရရင် ဘာလုပ်မှာလဲ?"

"ရှောင်ယွမ်က ကမ္ဘာပတ်ချင်တယ်ပြောတယ် ငါသူနဲ့အတူလိုက်သွားမှာ"

သူ၏စကားလုံးထဲတွင် ဖြူစင်သောအငွေ့အသက် အနည်းငယ်ရှိနေ၏။

ထန်ကျိုးမေးလိုက်သည်။

"မင်းမိသားစုထဲ မင်းတစ်ယောက်ပဲရှိတာကို မိသားစုစီးပွားရေးအတွက် စိတ်မပူတော့ဘူးလား?"

"အဲဒီလုပ်ငန်းတွေကို ငါသိပ်စိတ်မဝင်စားဘူး"

လုယဲ့၏ လေသံမှာ အနည်းငယ် စိတ်မရှည်ဟန်ရသည်။

"ငါသဘောကျတဲ့အရာကိုပဲ ငါလုပ်မှာ"

အလိုလိုက်ခံရပြီး မည်သည့်အရာကိုမှ ကြောက်စရာမလိုသော လုယဲ့အား ထန်ကျိုးသည် တစ်ခါတစ်ရံတွင် အားကျမိ၏။

ချိုတာကြိုက်တဲ့ဗီလိန်လေး Where stories live. Discover now