Chapter 8.2

261 43 1
                                    

Villain Sweet Tooth 8.2

အပိုင်း ၈.၂ - ငါ့ကိုဖက်ထားပေး

ပန်းကန်ပြားငယ်တစ်ခုကို ကိုင်ထားသော ဖူရှန်းသည် သူ့ကိုကြည့်နေရင်း တစ်ဝက်မျှ ဇဝေဇဝါဖြစ်ကာ တစ်ဝက်မျှ ကြောင်အမ်းနေမိ၏။

ထန်ကျိုးသည် ဖူရှန်းအား စနောက်၍ ဝချေပြီ။ သူသည် ကျေနပ်အားရစွာဖြင့် ပြုံးပြီးနောက် မိမိနှုတ်ခမ်းစွန်းအား ညွှန်ပြလိုက်သည်။ ဖူရှန်း၏ နှုတ်ခမ်းပေါ်တွင် ခရင်မ်များ‌ ပေကျံနေသည်ဟု လက်ဟန်ခြေဟန်ဖြင့် ပြနေခြင်းဖြစ်သည်။

ဖူရှန်း နားလည်သွားပြီး တည်ငြိမ်သောဟန်ဖြင့် ပဝါတစ်ထည်ယူကာ သုတ်လိုက်သည်။ သို့သော် အတန်ငယ် နီမြန်းနေသော နားရွက်များက သူ၏ရင်ထဲရှိ ဝရုန်းသုန်းကား အခြေအနေကို အရိပ်အမြွက်ပြနေလေသည်။

တစ်စုံတစ်ဦး၏အရှက်ရမှုကို ခံစားပျော်ရွှင်ပြီးနောက် ထန်ကျိုးသည် မိမိကိုယ်မိမိ ကျေနပ်အားရသော မျက်နှာထားဖြင့် ချိုချိုချဥ်ချဥ် ဖျော်ရည်အား တစ်ငုံမျှ သောက်လိုက်သည်။

ချောင်ယွမ် ကိုယ်တိုင်ကမူ ပျော်တတ်သောစရိုက်ကြောင့် စိတ်လှုပ်ရှားနေလေပြီ။ ထန်ကျိုးမှ သောက်စရာငှဲ့နေသည်ကို မြင်လိုက်သောအခါ သူသည် ထိုအခွင့်အရေးကို အသုံးချ၍ ထန်ကျိုးကို ဖမ်းဆုပ်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"အစ်ကိုကျိုး ကျွန်တော်တို့ မြှားပစ်ပြိုင်ရအောင်!"

ထို့နောက် သူသည် ဖူရှန်းကိုပါ ဆွဲခေါ်ရန် သွားလိုက်သဖြင့် လုယဲ့ မျက်မှောင်ကြုတ်လိုက်သည်။

လူအုပ်ကြီးမှ သံယောင်လိုက်ပြောတော့၏။

"ဟုတ်ပြီ ဟုတ်ပြီ ငါတို့ ဘယ်လို ကစားကြမလဲ?"

"နှစ်ယောက်တစ်ပွဲဆော့ပြီး ကြိုက်တဲ့လူက စိန်ခေါ်ကြေးပေါ့၊ ရှုံးတဲ့လူက သောက်ရမယ်"

"သောက်ရမယ်ဆို ကောင်းတာပေါ့! ရှုံးရင်သောက် ဟားဟားဟားဟား"

လူတိုင်းသည် လက်များကိုပွတ်ပြီး မြှားစက်ကွင်းအရှေ့တွင် စုဝေးလိုက်ကြသည်။ မိမိစွမ်းရည်ကို ကြွားလုံးထုတ်လိုစိတ် ပြင်းပြသော အချို့လူများက ပြိုင်ဘက်ကို ချက်ချင်းရွေးလိုက်ပြီး လက်ရည်ယှဉ်ပွဲများ စတင်ကြတော့သည်။

အချီအနည်းငယ်ခန့် ပြီးဆုံးသောအခါ သူတို့သည် အရက်များစွာကို သောက်ပြီးကြလေပြီ။

လုယဲ့သည် အချီအနည်းငယ်ခန့် နိုင်ထားသောကြောင့် မော်ကြွားသောဟန်ဖြင့် ဖူရှန်းကို ကြည့်လိုက်သည်။

"ဂျူနီယာဖူ ပြိုင်ရအောင်"

ဤသည်မှာ ပြဿနာကို ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း အမြင်စူးရှသူများက သိကြလေသည်။

ဖူရှန်းသည် မငြင်းဆိုဘဲ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

"အရင်ပစ်ပါ စီနီယာ"

လုယဲ့သည် မြှားတစ်ချောင်းကို ပစ်လိုက်သောအခါ ၎င်းသည် ပစ်မှတ်တည့်တည့်ကို ထိသွားလေ၏။ ထို့နောက် သူသည် နောက်ဆုတ်ပြီး ဖူရှန်းအား မျက်လုံးဖြင့် အချက်ပြလိုက်သည်။

ဤကစားပွဲသည် တရားဝင်မြှားပစ်စည်းကမ်းများအတိုင်း မလိုက်ပါချေ။ ရိုးရှင်းလှ၏။ အကွင်းမည်မျှ ပစ်နိုင်သည့်အပေါ် မူတည်ပြီး အမှတ်ပေးသောစနစ်အတိုင်း အနိုင်အရှုံးခွဲရန် သတ်မှတ်ထားသည်။ ဤသည်မှာ အရိုးရှင်းဆုံးနှင့် အလွယ်ကူဆုံးသော ကစားနည်းဖြစ်ပေသည်။

ဖူရှန်းသည် မြှားငယ်တစ်ချောင်းကိုယူပြီး ပြင်ဆင်မှုသိပ်မရှိဘဲ ပစ်ပေါက်လိုက်၏။ ထိုမြှားသည် အနီရောင်ပစ်မှတ်အတွင်း ကျသွားသော်လည်း လုယဲ့နှင့်ယှဥ်လျှင် ဗဟိုချက်နှင့် အနည်းငယ် လွဲနေလေသည်။

ရလဒ်များအရ ဖူရှန်းသည် အမှန်ပင် အတန်ငယ် အမှတ်နိမ့်နေ၏။ သို့သော် ဖူရှန်းသည် ဤအရာကို အလေးအနက်မထားခြင်း သို့မဟုတ် ဤသို့သောပွဲမျိုးတွင် လုယဲ့အား မျက်နှာမပျက်စေလိုခြင်းသာ ဖြစ်ကြောင်း ထန်ကျိုး သေချာသိသည်။

ဖူရှန်းသည် စကားတစ်ခွန်းမျှမဘဲ အရက်တစ်ခွက်ကိုသာ တစ်ကျိုက်တည်းမော့လိုက်၏။

လုယဲ့မှာ တုံးအသောသူ မဟုတ်ပါပေ။ ဖူရှန်းသည် အကောင်းဆုံး ကြိုးစားခဲ့ခြင်း မဟုတ်ကြောင်း သူသတိထားမိလေ၏။ မိမိ၏မာနကို ထိခိုက်သလို ခံစားရသဖြင့် မျက်မှောင်ကိုကြုတ်ကာ စိတ်တိုတိုနှင့် ပြောလိုက်သည်။

"နောက်တစ်ခေါက်"

"ရတယ်လေ"

ဖူရှန်းလည်း နောက်မြှားငယ်တစ်ချောင်းကို လှည့်လိုက်၏။

"ဒီတစ်ခေါက်တော့ ကျွန်တော် အရင်ပစ်မယ်"

သူသည် လွယ်လင့်တကူဖြင့် မြှားတစ်ချောင်းကို ပစ်လိုက်ပြီး ပစ်မှတ်တည့်တည့်သို့ ထိသွား၏။ သူ၏သပ်ရပ်ကျွမ်းကျင်သော ပစ်ချက်ကြောင့် လူအုပ်ကြီးထံမှ လေးစားသောအကြည့်များနှင့် လက်ခုပ်သံများကို ခံယူလိုက်ရသည်။

ချောင်ယွမ်သည် ဝင်းလက်တောက်ပသော မျက်လုံးများဖြင့် အာမေဍိတ်ပြုလိုက်သည်။

"ဖူရှန်း မင်းက မိုက်လိုက်တာ!"

လုယဲ့သည် သဝန်တိုခြင်း၏ အရသာကို ခံစားလိုက်ရသည်။ သူသည် စိတ်ထဲတွင် နေမထိထိုင်မသာဖြစ်သွားသဖြင့် ဤတစ်ခေါက်၌ ကောင်းကောင်းမပစ်နိုင်ခဲ့ဘဲ မြှားလည်း ဗဟိုချက်သို့ မထိခဲ့ချေ။

အနိုင်တစ်ပွဲနှင့် အရှုံးတစ်ပွဲ။ တရားမျှတပေသည်။

တရှူးရှူး တရှဲရှဲဖြင့် အရက်သောက်ပြီးနောက် လုယဲ့သည် ဖူရှန်းအား နောက်တစ်ဖန် စိန်ခေါ်ရန် ပြင်လိုက်၏။ ထိုအချိန်တွင် ဖူရှန်းသည် ထန်ကျိုးအား ကြည့်နေကြောင်း သူ သတိထားမိလိုက်၏။ ဖူရှန်းသည် ထန်ကျိုးအား မေးလိုက်သည်။

"စီနီယာထန်လည်း ဝင်ကစားချင်လား?"

လုယဲ့ - "..."

ထန်ကျိုးသည် ဂိမ်းကို ကိစ္စတုံးပစ်မည့်လူဖြစ်၏။ သူသည် နည်းနည်းမှ မကစားတတ်ပါချေ!

သူသည် ထန်ကျိုးအစား ဝင်ပေးချင်သော်လည်း ကျောင်းသားအငယ်များက ကျယ်လောင်စွာ အော်ဟစ်အားပေးကာ နတ်ဘုရားထန်၏ ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းဆောင်ရည်ကို ကြည့်ချင်နေကြ၏။

ထန်ကျိုးသည် လူတန်းအရှေ့တွင်ရပ်ပြီး သုန်မှုန်စွာ ပြောလိုက်၏။

"ငါတကယ် မဆော့တတ်ဘူး"

ဖူရှန်းသည် သူ၏လက်ထဲသို့ မြှားငယ်တစ်ချောင်းကို ကမ်းပေးလိုက်ပြီး သူ၏နားရွက်အနီးသို့ ကိုင်းညွတ်ကာ နှစ်ကိုယ်စာကြားလောက်သောအသံဖြင့် ပြောလိုက်သည်။

"ကစားပွဲတစ်ခုပဲဟာ နိုင်နိုင်ရှုံးရှုံး အရေးမကြီးပါဘူး"

ထန်ကျိုးသည် သူ့အား စိန်းစိန်းဝါးဝါးကြည့်လိုက်၏။

(မင်းက ငါအရှက်ကွဲမဲ့ပုံကို မြင်ချင်နေရုံပဲ မဟုတ်ဘူးလား!)

ဖူရှန်း၏နှုတ်ခမ်းစွန်းများ အတန်ငယ်ကွေးတက်သွား၏။

"စီနီယာကို ဦးစားပေးပါတယ်"

ထန်ကျိုးမှာ စိန်ခေါ်မှုရလျှင် နောက်မဆုတ်တတ်သော လူစားမျိုးဖြစ်၏။ သူရှုံးလျှင်ပင် တရားမျှမျှတတဖြင့် ရှုံးလိုက်ပေမည်။

သူသည် အကြည့်များကို စူးစိုက်ကာ ပွဲကြည့်ပရိသတ်အား ရှိန်စေသော အံ့သြလောက်စရာ ကိုယ်နေဟန်ထားကို ပြီးပြည့်စုံစွာ တုပပြီး ပစ်လိုက်သည်။ လူတိုင်းသည် မျှော်လင့်ချက်ကြီးစွာဖြင့် အသက်ရှူရန်ပင် မေ့သွားကြ၏။

သူသည် အစောပိုင်းက မိမိကိုယ်ကို နှိမ့်ချနေခြင်းဟုသာ လူတိုင်းက ထင်ကြ၏။ မဟာနတ်ဘုရားထန်သည် အဘယ်သို့ မြှားမပစ်တတ်ဘဲ နေမည်နည်း?

မြှားသည် လေပေါ်တွင် ပျံဝဲသွားပြီး တဝှစ်ဝှစ် အသံမြည်သွားသော်လည်း နံရံပေါ်သို့သာ ဒုတ်ခနဲထိသွားသည်။

အားလုံး - "..."

လုယဲ့သည် အနည်းငယ် နောင်တရသွားသည်။ သူသည် ဖူရှန်းကို ရန်သွားမစခဲ့သင့်ပေ။ ယခု ဖူရှန်းသည် ထန်ကျိုးအား သွားရန်စနေလေပြီ။ သူ ကလဲ့စားချေနေသည်မှာ သိသာ၏။

ထန်ကျိုးမှာ ဤသေးငယ်လှသော ရှုံးနိမ့်မှုကို ထူးထူးခြားခြား စိတ်ဝင်စားဟန်မရှိချေ။ သူသည် တည်ငြိမ်သောမျက်နှာထားဖြင့် ပြောလိုက်၏။

"ငါရှုံးသွားပြီ"

သူသည် ခွက်ကိုမြှောက်ကာ တစ်ငုံသောက်ရန် လုပ်လိုက်သော်လည်း ဖူရှန်းမှ သူ့ကိုတားလိုက်၏။

"ကျွန်တော် မပစ်ရသေးဘူးလေ"

ထန်ကျိုး ပြန်ဖြေလိုက်သည်။

"ငါက ငါ့ဟာငါ သောက်မယ်၊ မင်းက မင်းဟာမင်းပစ်"

လူငယ်လေးသည် ပွင့်လင်းပြီး တည်ငြိမ်သောမျက်နှာထားရှိသဖြင့် ဖူရှန်းသည် တိတ်ဆိတ်စွာ သူ၏လက်ကို လွှတ်ပေးလိုက်သည်။

ထန်ကျိုးသည် မြှားမပစ်တတ်ကြောင်း သူအမှန်ပင် မသိခဲ့ပါချေ။

ထန်ကျိုးသည် မျက်မှောင်ကြုတ်ပြီး အရက်တစ်ခွက်ကို တစ်ကျိုက်တည်းမော့လိုက်၏။ အရက်အရသာကြောင့် သူသည် သီးပြီးသေလုမတတ်ဖြစ်သွားသည်။

သူသည် အရက်သောက်ရသည်ကို အမှန်တကယ် မနှစ်သက်ပါပေ။ ဤကဲ့သို့ အရက်သောက်ရသည့် ပါတီများအား တက်ရောက်ရသည်ကို သဘောမကျရသော အကြောင်းရင်းတစ်ခုလည်းဖြစ်သည်။

လုယဲ့သည် အချိန်ကောင်းရွေးပြီး သူ့အနားတိုးကာ ပြောလိုက်သည်။

"ထန်ကျိုး မင်းဆိုဖာပေါ်မှာ ခဏလောက် သွားနားလိုက်ပါလား? ကစားပွဲပြီးတာနဲ့ လူတစ်ယောက် ခေါ်ပြီး မင်းကို အိမ်ပြန်ပို့ခိုင်းလိုက်မယ်"

ထန်ကျိုးမှာ ရေချိန်နိမ့်ကြောင်း သိထားသဖြင့် အလွန်အကျွံ သောက်မိပြီး သတိလစ်သွားမည်ကို သူ စိုးရိမ်မိ၏။

ထန်ကျိုးသည် လိမ်လိမ်မာမာဖြင့် ဆိုဖာပေါ် ထိုင်စောင့်နေလိုက်သည်။ သူ၏ခေါင်းမှာ ချာချာလည်နေသည်။

သူရပ်လိုက်တိုင်း ကစားပွဲများမှာ မရပ်သွားချေ။ ထိုကစားပွဲများမှ ဆူညံသံများမှာ သူ၏နားထဲတွင် မခံသာလောက်အောင် ကျွက်ကျွက်ညံနေ၏။ သူသည် နေရခက်စွာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး တစ်ဝက်ပိတ်နေသောမျက်လုံးများဖြင့် ဆန်းပြားအရောင်စုံသော ကမ္ဘာကြီးအား ငေးကြည့်လိုက်သည်။

အခြားသူများမှ ပါတီကို ပျော်ရွှင်စွာ ဆင်နွှဲပြီး လူအုပ်ကြီးမှာလည်း မူးလာသောအချိန်တွင် လုယဲ့မှာလည်း အတော်အတန် သောက်ထားသဖြင့် ထန်ကျိုးအား ကြည့်ရှုပေးရန် မတတ်နိုင်တော့ချေ။ ချောင်ယွမ်မှာ ပို၍ပင် ဆိုးသေးသည်။

ဖူရှန်းသည် အရက်ရှိန်ကြောင့် ရဲရဲနီနေသော ထန်ကျိုး၏ပါးပြင်များကို စူးစိုက်ကြည့်လိုက်သည်။ သူသည် အောက်သို့ ကိုင်းညွတ်ကာ နူးညံ့သောအသံဖြင့် ခေါ်လိုက်သည်။

"ထန်ကျိုး အိမ်ပြန်ဖို့ အချိန်တန်ပြီ"

ထန်ကျိုးသည် လုံးဝသတိမေ့နေခြင်း မဟုတ်သဖြင့် တစ်စုံတစ်ယောက်မှ သူ့အားခေါ်လိုက်ကြောင်း ကြားလိုက်သောအခါ ရီဝေဝေဖြင့် မျက်လုံးများကိုဖွင့်ပြီး ဖူရှန်းကို မြင်လိုက်၏။ သူသည် ပြုံးကာ ပြောလိုက်သည်။
"ဪ လက်ထောက်ဖူ"

"..."

သူသည် ဖူရှန်းစကားကို အတော်အတန်ပင် နာခံပေသည်။ ယိုင်တိုင်တိုင်ဖြင့် မတ်တတ်ရပ်ပြီးနောက် ခြေလှမ်းအနည်းငယ်လှမ်းပြီး လာရမည်ကို မလှမ်းဘဲ ရှေ့သို့ ခုန်တက်လိုက်၏။

ဖူရှန်းမှ သူ့အား အမြန်ဖမ်းလိုက်နိုင်သည်။ ထန်ကျိုးသည် ဤအခွင့်အရေးကို အသုံးချ၍ သူ့အပေါ်တွင် လဲပြိုသွားကာ မလှုပ်မယှက်ဖြင့်ရှိနေ၏။ သူ၏မျက်လုံးများမှာလည်း တစ်ဝက်သာပွင့်နေသည်။

သူ၏မျက်ထောင့်စွန်းအနားတွင် နီမြန်းသော အသွေးအရောင်များရှိနေပြီး သူ၏အသံတွင်လည်း နူးညံ့ညင်သာပြီး ‌ဖော်ပြ၍ မစွမ်းသာသော လေသံမျိုးရှိနေ၏။

"မသွားချင်ဘူး အဖက်ခံချင်တယ်"

ဖူရှန်း၏မျက်ဆံများ တုန်ယင်သွားသည်။

ကံကောင်းစွာဖြင့် အခန်းထဲရှိ လူတိုင်းမှာ မူးနေချေပြီ။ မဟုတ်ပါက ထန်ကျိုး၏ ဤပုံစံကို မြင်လိုက်ကြလျှင် သူတို့စိတ်ကူးထဲ၌ရှိသော နတ်ဘုရားထန်၏ မြင့်မြတ်သောပုံရိပ်သည် အပိုင်းပိုင်းအစစ ကွဲကြေသွားမည်မှာ သေချာ၏။

သူသည် မူးနေသော လူတစ်ဦးကို ကျိုးကြောင်းပြပြီး ပြောဆို၍မရသောကြောင့် မတတ်သာသည့်အဆုံး အနောက်သို့လှည့်ကာ ဒူးကိုထောက်ပြီး ပြောလိုက်၏။

"တက်"

ထန်ကျိုးသည် သူ့အား ပေကလက် ပေကလက်ဖြင့် ကြည့်လိုက်၏။

"အင်း"

ထိုသို့ဖြင့် သူသည် ရုတ်ခြည်းဆိုသလို ဖူရှန်းကျောပြင်ပေါ်သို့ ခုန်တက်လိုက်၏။ ဤအရာကြောင့် ဖူရှန်းသည် မြေပြင်ပေါ်သို့ လဲကျလုမတတ်ဖြစ်သွားသည်။

ထန်ကျိုးမှ သူ့လည်တိုင်အား သိုင်းဖက်ထားနေရင်း ဖူရှန်းသည် သူ့အား လက်နှစ်ဖက်လုံးဖြင့် မ,ကာ ဖြည်းဖြည်းချင်း ကလပ်ထဲမှ ထွက်လာလိုက်သည်။

ချိုတာကြိုက်တဲ့ဗီလိန်လေး Where stories live. Discover now