Villain Sweet Tooth 19
အပိုင်း ၁၉ - ရဲတင်းသောဗျူဟာ
အပြင်းဆုံးဆေးကို မတိုက်ကျွေးခင် ထန်ကျိုးသည် ဖူရှန်းအား မိမိအကြည့်ဖြင့် မေးခွန်းထုတ်လိုက်၏။
ဖူရှန်းသည် ချက်ချင်းနားလည်သွားပြီး မျက်ခုံးတစ်ဖက်ပင့်ကာ သူ့အနားသို့ တိုးလာသည်။
"နစ်နာကြေး ပြောင်းမယ်ဆိုရင်ရော?"
နူးညံ့သော အသက်ရှူငွေ့က ထန်ကျိုးလည်တိုင်ကို ရိုက်ခတ်လာသည်။ အယားဒဏ်မခံနိုင်သော ထန်ကျိုးသည် မိမိဂုတ်ကို ကျုံ့မိသွားသည်။ ကျောက်စိမ်းသဖွယ် ဖွေးနေသော နားရွက်ဖျားမှာလည်း အတန်ငယ်နီမြန်းလာတော့၏။
သူရေရွတ်လိုက်၏။
"မင်းပြောကြည့်လိုက်"
ဖူရှန်း၏အကြည့်မှာ မဆိုစလောက် မှောင်မည်းသွားပြီး သူ၏မျက်ဝန်းထဲရှိ ပြုံးရိပ်မှာလည်း ပို၍ပင် ပြင်းထန်လာသည်။
"အဲ့ကိစ္စကို နောက်မှ ဆွေးနွေးကြတာပေါ့"
ထန်ကျိုးခေါင်းညိတ်လိုက်၏။ သူသည် ညှိုးနွမ်းနေသော ချောင်ယွမ်ကို ကြည့်ရင်း လိုရင်းကို တစ်ခါတည်းပြောချလိုက်သည်။
"ရှောင်ယွမ်၊ ဖူရှန်းက မင်းရဲ့ အဖေတူ အမေကွဲ အစ်ကိုပဲ"
"..."
ထိုမှသာ ချောင်ယွမ်သည် လှုပ်ရှားမှုရှိလာသည်။
သူသည် ခံစားချက်ကင်းမဲ့နေသော မျက်နှာဖြင့် ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။ သွေးရောင်နီမြန်းနေသော မျက်လုံးများက ဖူရှန်းမှ မခွာချေ။ ဖူရှန်းအား ပထမဆုံး မြင်ခဲ့ဖူးကသလို ပျော်ရွှင်မှုမျိုး သူ့တွင်မရှိတော့ဘဲ ထိုအစား သံသယစိတ်များ၊ စစ်ဆေးသောဟန်များသာ တိုးပွားလာ၏။
ချောင်ယွမ်၏ ဤအသွင်အပြင်သည် အလွန်ပင် မူမမှန်လှချေ။ ထိုနေရာတွင် ရှိနေသော သုံးဦးအနက် လုယဲ့တစ်ဦးတည်းသာ ဆိုးဆိုးရွားရွား စိတ်ပူပန်လာမိ၏။
ဖူရှန်းမှာ နည်းနည်းမှ ဂရုမစိုက်ချေ။ ထန်ကျိုးမှာလည်း ယခင်က အိပ်မက်ထဲတွင် ချောင်ယွမ်၏ ပို၍စိတ္တဇဆန်သော ပုံစံကို မြင်ခဲ့ဖူး၏။
မိမိအိပ်မက်ထဲရှိ ချောင်ယွမ်သည် ယခုထက်များစွာ ပူဆွေးသောကရောက်နေခဲ့သည်။ အနည်းဆုံးအနေနှင့် ယခုတွင် လုယဲ့သည် သူ့အား လူရှေ့သူရှေ့တွင် အဖော်ပြုပေးနိုင်၏။
မိမိအား အရှိုက်ထိစေသော ဖြစ်ရပ်ကို ကြုံတွေ့ရပြီးလျှင် လူတစ်ဦးသည် မိမိ၏စရိုက်လက္ခဏာနှင့် ပတ်သက်၍ ကြီးမားသောပြောင်းလဲမှုကို ဖြတ်ကျော်ရတတ်ပေသည်။
ချောင်ယွမ်သည် "ချစ်စဖွယ်ကောင်းသော အရူးလေး" အနေဖြင့် ရှိနေခဲ့သည်မှာ နှစ် ၂၀ နီးပါးရှိလေပြီ။ သူသည် မိမိကိုယ်ကို အမှောင်ထုများ၊ အငြင်းပွားမှုများ ကင်းမဲ့သော သန့်ရှင်းဖြူစင်သည့်ကမ္ဘာလေးထဲ နေထိုင်နေသည်ဟု ထင်မှတ်ခဲ့သည်။ သူ၏မိသားစုမှာ အချင်းချင်း ချစ်ခင်ကြပြီး သူ့အား အဖော်ပြုပေးသော သူငယ်ချင်းများ၊ ဆွေမျိုးများလည်း အမြဲလိုလို ရှိနေခဲ့ကြ၏။ မိမိဘဝတွင် မိသားစုလုပ်ငန်းကို အမွေဆက်မခံလိုသော ဆန္ဒမှအပ အခြားပြဿနာကြီးကြီးမားမားမရှိခဲ့ချေ။
သို့သော် နောက်ပိုင်းတွင် မိသားစုသံယောဇဉ်များကို ဖြတ်တောက်၍ မေတ္တာဓာတ်များလည်း ကွဲကြေပြီးနောက် ချောင်ယွမ်သည် မျှော်လင့်ချက်မရှိတော့သည့် ပုံစံမျိုးဖြင့် နိုင်ငံခြားထွက်သွားခဲ့သည်။ လုယဲ့သည် နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့သော်လည်း အဆုံးတွင် ပြန်ရောက်လာသော ချောင်ယွမ်မှာ လူအသစ် စိတ်အသစ်ဖြစ်နေလေပြီ။
တရုတ်ပြည်သို့ ပြန်ရောက်ပြီးနောက် ချောင်ယွမ်သည် စကားနည်းပြီး ထိလွယ်ရှလွယ်ဖြစ်လာကာ လူများကို အလွယ်တကူ မယုံကြည်တတ်တော့ချေ။
လုယဲ့နှင့် သူ၏အဆုံးသတ်ကို ထန်ကျိုး မမြင်လိုက်ရသော်လည်း သူတို့၏နာကျင်မှုကိုမူ အလုံအလောက် မြင်ခဲ့ရလေသည်။ ထိုအရာကို စဉ်းစားလိုက်သောအခါ ထန်ကျိုး၏မျက်နှာထား အနည်းငယ် ပျော့ပျောင်းသွားသည်။
သူသည် ဖူရှန်း၏ဘဝဇာတ်ကြောင်းဖြင့် ပြည့်နှက်နေသော ဖုန်းကို ကမ်းပေးလိုက်၏။
ထန်ကျိုးမှ သက်ဆိုင်ရာလူများအရှေ့တွင် မိမိ၏နောက်ကြောင်းစုံစမ်းရေး ရလဒ်များကို ဖွင့်ပြနေသဖြင့် လုယဲ့သည် ရှက်ကိုးရှက်ကန်းနှင့် မိမိနှာခေါင်းကို ပွတ်လိုက်သည်။ ထန်ကျိုးကိုယ်တိုင်က မမှုသော်လည်း သူကမူ အနည်းငယ် နေရခက်မိပေ၏။
အခြားလူများ၏ အတွေးများကို သိရသည်က ကိစ္စမရှိသော်လည်း ၎င်းတို့အား အပြင်သို့ ဆွဲထုတ်လိုက်ရသည်က အခြားကိစ္စတစ်ခုပင်။ သူ၏သူငယ်ချင်း နတ်ဘုရားထန်သည် ဖူရှန်းအရှေ့တွင် မိမိအတွင်းခံဖြင့်သာ ကျန်လောက်သည်အထိ အရာအားလုံးကို ဖွင့်ပြလိုက်ပြီဖြစ်ကြောင်း သူ မသိခဲ့ချေ။
ဖူရှန်းသည် ဤအရာများကို ဂရုမစိုက်ကြောင်း ထန်ကျိုးသိ၏။ ထို့အပြင် သူနှင့် လုယဲ့သည် ဖူရှန်းအား မစုံစမ်းခင်တွင် ဖူရှန်းမှာ သူတို့အကြောင်းကို စေ့စေ့စပ်စပ် စုံစမ်းပြီးနှင့်လေပြီ။
ချောင်ချန်အန်းအား ချေမှုန်းလိုလျှင် ချောင်ချန်အန်း၏ လူမှုအသိုင်းအဝိုင်းကို အရင်စုံစမ်းရပေမည်။ ချောင်ယွမ်မှာ ချောင်ချန်အန်း၏သားဖြစ်ပြီး လုယဲ့နှင့် ထန်ကျိုးမှာ ချောင်ယွမ်၏ သူငယ်ချင်းများဖြစ်သဖြင့် မည်သူမှ မလွတ်မြောက်နိုင်ပါချေ။
ဤအရာကြောင့်ပင် ထန်ကျိုးသည် ဖူရှန်း၏ခွင့်ပြုချက်ကို တောင်းခံခဲ့ပြီး သူ့အား လျော်ကြေးပေးမည်ဟု ကတိပေးခဲ့ခြင်းဖြစ်၏။ ချောင်ယွမ်သည် စုံစမ်းရေးအချက်အလက်များကို အလွန်တရာမှ နှေးလှသောနှုန်းဖြင့် ဖတ်နေလေသည်။ အဖြူရောင်ဖန်သားပြင်နှင့် အနက်ရောင်စာလုံးများသည် သူ၏မျက်လုံးများကို နက်ရှိုင်းစွာ ထိခိုက်နေတော့သည်။
သူသည် အခိုက်အတန့်တစ်ခုစာမျှ လှည့်စားခံရသော မိမိ၏ မိခင်အတွက် ဝမ်းနည်းရမည်လော ဖူရှန်းအတွက် စိတ်မကောင်းဖြစ်ရမည်လော မသိတော့ပါချေ။ သူ၏ချစ်လှစွာသော ဖခင်သည် ဤမျှလောက် ရွံစရာကောင်းသော အောက်တန်းစားတစ်ဦး ဖြစ်နေလေ၏!
ဖုန်းမျက်နှာပြင်ပေါ်သို့ မျက်ရည်တစ်စက်ကျသွားသည်။ ချောင်ယွမ်သည် ဖုန်းကိုချပြီး မိမိဒူးများကိုဖက်ကာ ဒုက္ခဆင်းရဲများစွာကို ခံစားခဲ့ရသော ကလေးငယ်တစ်ဦးသဖွယ် ငိုကြွေးတော့၏။
လုယဲ့လည်း စိတ်ထိခိုက်မိသော်လည်း သူ့အား မည်သို့နှစ်သိမ့်ရမည်ကို မသိသောကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြင့် ချောင်ယွမ်၏ ပိန်ပါးသောကျောပြင်ကို ပုတ်ပေးတော့သည်။ သူ၏မျက်လုံးများမှာ ချောင်ယွမ်အား သနားစိတ်ဖြင့် ပြည့်နှက်နေ၏။
ထန်ကျိုးသည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ချောင်ယွမ်သည် ငိုချနိုင်သော စိတ်ရှိသေးသဖြင့် ကောင်းလှသည်ဟု သူတွေးမိ၏။ မည်သူ့အား တ၍ ငိုကြွေးရမည်ကိုပင် မသိသော မိမိနှင့် မတူပါပေ။
စိတ်ရှိလက်ရှိ ဖွင့်ထုတ်ပြီးနောက် ချောင်ယွမ်သည် မိမိမှာ အခြားသူတစ်ဦး၏ အိမ်တွင် ရှိနေကြောင်း မှတ်မိသွား၏။ ထို့ကြောင့် သူသည် ရှက်လည်းရှက်ကာ မျက်နှာမပြဝံ့တော့ပေ။ သူသည် မျက်ရည်များကို သုတ်ပြီး နီမြန်းသောမျက်နှာဖြင့် ပြောလိုက်သည်။
"တောင်းပန်ပါတယ် အစ်ကိုကျိုး၊ ပြီးတော့ ဖူ... အစ်ကိုဖူ... ကျွန်တော် တကယ်တောင်းပန်ပါတယ်"
သူသည် အခြားသူများ၏ အလိုလိုက်ခြင်းကို ခံရပြီး ရွှေဇွန်းကိုက်သောဘဝနှင့် ပျော်ရွှင်နေခဲ့ချိန်တွင် ဖူရှန်းမှာ မိမိ၏မိသားစုပြိုကွဲပျက်စီးမှုကို ခံခဲ့ရကာ စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်ခဲ့ရလေသည်။ ထိုအရာအတွက် အဓိကတရားခံမှာ သူ မဟုတ်သော်လည်း ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းမိပေ၏။
ဖူရှန်းမှာ ဂရုမစိုက်ချေ။
"မင်းက ဘာလို့ ငါ့ကိုတောင်းပန်စရာလိုမှာလဲ?"
"ကျ-ကျွန်တော်..."
ချောင်ယွမ် အထစ်ထစ်အငေါ့ငေါ့ဖြင့် အကြောင်းပြချက် ရှာမရနိုင်ဖြစ်သွားသည်။ ထိုစကားလုံးများမှာ အသက်မဲ့လွန်းလှသည်ဟု သူခံစားမိသည်။
ထန်ကျိုးမျက်နှာထားမှာ တည်ငြိမ်နေဆဲဖြစ်၏။