Villain Sweet Tooth 15
အပိုင်း ၁၅ - ချောလိုက်တာ
ဖူရှန်းသည် ထန်ကျိုးကို ရှာတွေ့သောအခါ လူငယ်လေးမှာ နံရံကိုမှီ၍ ဆောင့်ကြောင့်ကလေး ထိုင်နေ၏။ ပိုင်ရှင်မဲ့ လမ်းဘေးကြောင်ငယ်တစ်ကောင်ကဲ့သို့ပင်။ သူ၏အညိုနုရောင်မျက်လုံးများမှာ လမ်းနံဘေးရှိ ပရုတ်ပင်များကို ငေးကြောင်ကြည့်နေသည်။ သူ၏မျက်လုံးများထဲမှ စိတ်ရှုပ်ထွေးသော အာရုံများ ဖြာထွက်နေ၏။
ဖူရှန်းသည် ချက်ချင်းဆိုသလို စိတ်ပျော့ပျောင်းသွားသည်။
သူသည် ထန်ကျိုးထံ တည့်တည့်လျှောက်သွားလိုက်၏။ သူ၏မြင့်မားသောအရပ်အမောင်းမှာ နေရောင်ခြည်ကို ကာဆီးထားသည်။ နွေဦးနေရောင်၏ နွေးထွေးမှုကြောင့် သူ၏မျက်နှာထားမှာ အလွန်နူးညံ့ညင်သာနေဟန်ရလေသည်။
"ကားထဲဝင်လေ"
မိမိဒူးများကို လက်ဖြင့်အမှီသဟဲပြုထားသော ထန်ကျိုးသည် မတ်တတ်ရပ်လိုက်၏။ အရှေ့သို့တစ်လှမ်းလှမ်းလိုက်သောအခါ သူ၏ပေါင်ခြံများမှ ထုံကျဉ်သောခံစားချက်တစ်ခု လှိမ့်ဝင်လာပြီး ရှေ့သို့ ယိုင်ထိုးကာ လဲသွားတော့သည်။
ကံကောင်းစွာဖြင့် ဖူရှန်းမျက်လုံးနှင့် လက်များမှာ မြန်လှသဖြင့် အချိန်မီ သူ့ကိုဖမ်းနိုင်ခဲ့လေသည်။
ထန်ကျိုးခြေထောက်များမှာ ထုံနေသဖြင့် မြေပြင်ပေါ်မလဲကျစေရန် ဖူရှန်းကိုသာ မှီထားရသည်။
ဖူရှန်းသည် မတတ်သာဟန်ဖြင့် မိမိလက်မောင်းဖြင့် ထန်ကျိုး၏ခါးကိုပွေ့ဖက်လိုက်၏။
"ဒီနားမှာ ဆောင့်ကြောင့်ထိုင်နေတာ ဘယ်လောက်ကြာပြီလဲ?"
"ငါ မသိဘူး"
ရုတ်ခြည်းဆိုသလို ပေါ်ထွက်လာသော ထုံကျဉ်မှုကြောင့် ထန်ကျိုးမျက်မှောင်ကြုတ်ထားသည်။ ဆက်တောင့်မခံနိုင်တော့သဖြင့် လက်တစ်ဖက်က ဖူရှန်းကို ကိုင်ထားပြီး ကျန်တစ်ဖက်ဖြင့် မိမိ၏ပေါင်ကို ပွတ်ရလေ၏။
ဖြတ်သွားဖြတ်လာများက သူတို့အား ရိပ်ကြည့်ကြည့်သွားသော်လည်း ဖူရှန်းသည် ထိုအကြည့်များအားလုံးကို လျစ်လျူရှုလိုက်သည်။
သူသည် ထန်ကျိုးအား ပရုတ်ပင်အောက် တွဲကူခေါ်ဆောင်သွားတော့သည်။ ထန်ကျိုးသည် ပင်စည်ကို အမှီသဟဲပြုနေချိန်တွင် ဖူရှန်းသည် အောက်သို့ကုန်းပြီး ထန်ကျိုး၏ပေါင်ဆီသို့ လက်လှမ်းလိုက်၏။
"မင်းဘာလုပ်တာလဲ!"
ထန်ကျိုးလန့်ဖျပ်သွားပြီး ခြေထောက်၏ထုံကျဉ်မှုကြောင့် လှုပ်မရချေ။ သူသည် ကြောက်ရွံ့သောမျက်လုံးနှစ်လုံးဖြင့်သာ ဖူရှန်းကို စူးစိုက်ကြည့်လိုက်သည်။
ဖူရှန်းသည် ဘာစကားမှပြောမနေဘဲ အညှာအတာကင်းမဲ့စွာ ဖိညှစ်ချလိုက်၏။
ထန်ကျိုးသည် လေသံစူးစူး ရှူသွင်းလိုက်သည်။ ဤလုပ်ရပ်သည် နာကျင်စရာကောင်းသော်လည်း လူကို လန်းဆန်းပေါ့ပါးစေပေသည်။
ဖူရှန်းသည် ခေတ္တမျှရပ်လိုက်ပြီးနောက် သူ့အား ဆက်လက်၍ နှိပ်နယ်ပေးလိုက်သည်။ ပါးလျသော အပြင်သွားဝတ် ဘောင်းဘီများမှတစ်ဆင့် နွေးထွေးသော လက်ဖဝါးသည် သူ၏အချိုးအစားလှပြီး သွယ်စင်းသောခြေထောက်များကို ကောက်ကြောင်းပေါ်စေ၏။
သစ်ပင်ကိုမှီနေသော ထန်ကျိုး၏ ရှုထောင့်မှဆိုလျှင် ဖူရှန်း၏နောက်စေ့နှင့် ဂျုံအရောင်ထွက်နေသော ဂုတ်ကိုသာ မြင်ရသည်။ သူ၏ခြေထောက်များကို ကိုင်ထားသော လက်တစ်စုံမှာ ရှည်သွယ်ပြီး အားမာန်ပါလှကာ အဝတ်စမှတစ်ဆင့် အားကိုးချင်စရာအနွေးဓာတ်မျိုး ထွက်ပေါ်နေလေ၏။
သူသည် ယခင်က ခြေထောက်ကျင်မှုကို ခံစားဖူးသော်လည်း အခြားသူများဆီမှ ဤကဲ့သို့ ဂရုစိုက်မှုမျိုးကိုမူ မရရှိခဲ့ဖူးချေ။
သူ၏ခြေထောက်များ တဖြည်းဖြည်း ပြန်သက်သာလာသည်နှင့်အမျှ ထန်ကျိုးလည်း တိတ်ဆိတ်နေ၏။ သက်သာလောက်ပြီဟု ဖူရှန်းထင်သောအချိန်တွင် ခေါင်းကိုမော့ပြီး မေးလိုက်သည်။
"လမ်းလျှောက်နိုင်လား?"
သစ်ရွက်များကြားမှ ရွှေနေခြည်သည် အပိုင်းပိုင်းအစစဖြင့် ပြူထွက်လာပြီး ညကောင်းကင်ရှိ တောက်ပနေသော ကြယ်များသဖွယ် ဖြစ်နေသည့် သူ၏ပယင်းရောင်မျက်ဝန်းများထဲ ကျရောက်သွား၏။ ထိုမြင်ကွင်းသည် လှပသော်လည်း ခဏတာသာမျှသာ မြင်လိုက်ရသည်။
ထန်ကျိုးသည် အသိတရားပြန်ဝင်လာပြီး ခပ်တိုးတိုးဖြင့် ဖြေလိုက်၏။
"အင်း ကျေးဇူးပဲ"
နှစ်ဦးသားသည် ကားထဲတွင် ထိုင်လိုက်သည်။
"လက်က ဘာဖြစ်တာလဲ?"
ဖူရှန်းသည် အနည်းငယ် နီမြန်းဖူးရောင်နေသော သူ၏လက်ဆစ်ကို လှည့်ကြည့်လိုက်၏။ ထန်ကျိုးသည် ခါးပတ်ကိုပတ်ပြီး အေးအေးလူလူဖြင့် ပြန်ဖြေသည်။
"အောက်တန်းစားတစ်ယောက်ကို ဗြင်းထားတာ"
သူသည် အသေးစိတ် မပြောပြချင်ပေ။ ဖူရှန်းမှာလည်း ဆက်မမေးဘဲ ကားစက်နှိုးကာ လမ်းမပေါ်ရှိ ကားများကြားထဲ တိုးဝင်လိုက်သည်။
မလှမ်းမကမ်းတွင် ထန်လုပ်ငန်းစုကုမ္ပဏီရှိ၏။ သူခန့်မှန်းသည်မှာ မှန်သည်ဆိုလျှင် ထန်ကျိုးသည် အစောပိုင်းက ကုမ္ပဏီကို သွားခဲ့ခြင်းဖြစ်မည်။ မည်သူက အထိုးခံခဲ့ရသည်ကိုမူ သိပ်လျှို့ဝှက်စရာမရှိသဖြင့် လွယ်ကူစွာ သိရှိနိုင်ပေမည်။
သို့သော် ထန်ကျိုးမှ ဤမျှလောက် ကမူးရှူးထိုးနိုင်သော လူတစ်ဦးပုံစံ မပေါက်ပါချေ။
ထန်ကျိုးမှ ဤကိစ္စအား မဆွေးနွေးချင်ကြောင်း သိသာနေသဖြင့် ဖူရှန်းလည်း အတင်းမမေးတော့ဘဲ ပေါ့ပေါ့ပါးပါးဖြစ်မည့် စကားလမ်းကြောင်းကို လွှဲလိုက်သည်။
"ဒီည ဘာစားချင်လဲ?"
ထန်ကျိုးသည် စားချင်စိတ်သိပ်မရှိခဲ့ပေ။ သို့သော် ဖူရှန်းနှင့်အတူရှိရသည်မှာ သူ့ကို အေးချမ်းစေလေသည်။ ရုတ်ခြည်းဆိုသလို သူ၏ခေါင်းထဲ ပုံရိပ်တစ်ခုဝင်လာပြီး နှုတ်ခမ်းစွန်းများ အနည်းငယ် ကွေးတက်သွား၏။
"ညနေခင်းလည်း ရောက်တော့မယ်"
သူသည် အစမရှိအဆုံးမရှိ ပြောပြီး သက်ပြင်းချလိုက်၏။ ထို့နောက်
"ပင်လုံးကြိုင်ဖက်ထုပ်တွေက ကောင်းသားပဲ"
ဖူရှန်းသည် ခေတ္တမျှ ကြောင်အမ်းသွားပြီး မျက်လုံးထဲတွင် အံ့သြသဘောကျရိပ်များ သန်းသွားသည်။
"ဒါဆို တက္ကသိုလ်ဝင်းထဲ သွားရအောင်"
သူတို့သည် ကျန်းချန်တက္ကသိုလ်သို့ ရောက်စဥ်တွင် လမ်းဘေးစျေးဆိုင်များမှာ ဆိုင်ပင်မခင်းသေးချေ။
ကားထဲတွင်ထိုင်ပြီး စောင့်နေ၍လည်း မဖြစ်သောကြောင့် ဖူရှန်းက အကြံပေးလိုက်သည်။
"အရင်ဆုံး အဆောင်ကို ခဏလောက်ပြန်ကြမလား? ပရောဂျက်ကိစ္စနဲ့ ပတ်သက်ပြီး လျန်းချန်တို့နဲ့ စကားပြောလို့ရတာပေါ့"
ထန်ကျိုး ခေါင်းညိတ်သဘောတူလိုက်သည်။
ကျောင်းဝင်ပေါက်မှ ယောက်ျားလေးဆောင်ထိ ဆယ်မိနစ် လမ်းလျှောက်ရ၏။ ပိတ်ရက်ဖြစ်သောကြောင့် ခါတိုင်းကဲ့သို့ ကျောင်းဝင်းထဲတွင် ကျောင်းသား များများပြားပြား မရှိသော်လည်း အသွားလမ်းတွင် ကျောင်းသားအချို့နှင့် ဆုံခဲ့ရဆဲဖြစ်သည်။
ကျန်းချန်တက္ကသိုလ်၏ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ထန်ကျိုးမှာ မည်သည့်နေရာမဆို လူအာရုံစိုက်ခံရစမြဲပင်။
ဖူရှန်းမှာ သူ့နောက်မလှမ်းမကမ်းတွင် လိုက်လာလေ၏။ နှစ်ဦးသားမှာ တစ်ယောက်ကို စတိုင်တစ်မျိုးစီဖြင့် ချောမောနေကြလေသည်။ သူတို့နှစ်ဦးအား ယှဥ်လိုက်ပါက မည်သူက ပိုအလေးသာသည်ကို ဆုံးဖြတ်ရလွယ်ကူမည်မဟုတ်ပေ။
သို့သော် ဖူရှန်းမှာ ထန်ကျိုးလောက် မပြည့်စုံသော မိသားစုမှ ပေါက်ဖွားလာခဲ့သဖြင့် ထန်ကျိုးထက်စာလျှင် လူအာရုံစိုက်ခံရမှု နည်းလေသည်။
ထန်ကျိုးသည် အတွေးများထဲ နစ်မျောနေပြီး မိမိပတ်ဝန်းကျင်ရှိ လူများ၏အကြည့်ကို ဂရုမစိုက်ချေ။
ဖူရှန်းမှာလည်း မိမိအပေါ် စပ်စုလိုစိတ်ဖြင့် ကြည့်နေကြသောမျက်လုံးများကို အရေးမထားဘဲ ဂရုချက်ထဲတွင် မက်ဆေ့ချ်ပို့ရင်း အလုပ်ရှုပ်နေ၏။
ဖူရှန်း - [ နတ်ဘုရားထန် မကြာခင်ရောက်တော့မယ်၊ အနံ့မကောင်းတဲ့ခြေအိတ်တွေရှိရင် မြန်မြန်သိမ်းထားကြ ]
ဖီရှို့ - [ လခွမ်း အချိန်ဘယ်လောက်ကျန်သေးလဲ?!!! ]
ဖူရှန်း - [ ငါးမိနစ် ]
လီဖန်ယု - [ ဘောပဲ! ]
လျန်းချန် - [ ရုတ်တရက်ကြီး သူဘာလာလုပ်တာလဲ? ]
ပရောဂျက်ကြောင့် သူတို့အားလုံးသည် အိမ်လည်းမပြန်ရသလို ထွက်လည်း မပျော်ပါးနိုင်ခဲ့ပေ။ ဘွဲ့ပင်မရသေးခင် ဆံပင်ကျွတ်အောင် အလုပ်လုပ်နေရလေပြီ။
ဖူရှန်း - [ မစ္စတာထန်က ငါတို့ရဲ့ တိုးတက်မှုကို လာစစ်တာ ]
လျန်းချန် - [ ... ]
ဖူရှန်းသည် နှုတ်ခမ်းစွန်းများကို ကော့ညွှတ်ပြီး မိမိအရှေ့ရှိ အတွေးထဲနစ်မျောနေသော ထန်ကျိုးအား ဝေ့ကြည့်ကာ ခေါင်းကိုငုံ့၍ မက်ဆေ့ချ်တစ်စောင် ပို့လိုက်၏။
ဖူရှန်း - [ မနေ့ညက လမ်းဘေးဆိုင်တွေ ဖွင့်လား? ]
ဤပိတ်ရက်တွင် လမ်းဘေးမုန့်ဆိုင်များ မဖွင့်မည်ကို စိုးရိမ်သဖြင့် သူသည် အထူးတလည် မေးမြန်းလိုက်ခြင်းဖြစ်သည်။
လျန်းချန် - [ အေး ဖွင့်တယ်လေ ဘာလို့လဲ? ]
ဖူရှန်း - [ ဘာမှမဟုတ်ဘူး သူတို့ရဲ့ခြေအိတ်ကိစ္စ ဘယ်လိုတွေဖြစ်သွားပြီလဲ ]
ထိုမက်ဆေ့ချ်ကို ပို့လိုက်သည်နှင့် အနီးအနားရှိ အသံတစ်သံကို ဖူရှန်း ကြားလိုက်ရသည်။
"သတင်းဖတ်ပြီးပြီလား?"
ဖူရှန်း ခြေလှမ်းများကို ရပ်လိုက်သည်။
"ဟင်?"
ထန်ကျိုးသည် ခေါင်းလှည့်ကြည့်လိုက်သောအခါ အချစ်နွံထဲ ကျွံဝင်နေသောလူတစ်ဦးကဲ့သို့ အပြုံးတစ်ခုဖြင့် ခေါင်းငုံ့၍ မက်ဆေ့ချ်ပို့နေသော ဖူရှန်းကို မြင်လိုက်ရသဖြင့် မနေနိုင်မထိုင်နိုင် နှောင့်ယှက်လိုက်ရခြင်းဖြစ်သည်။
ဖူရှန်းသည် ဥက္ကဌဖူဖြစ်လာသောအခါ ချစ်ရသောသူ မရှိကြောင်း သူသိထားသော်လည်း ဥက္ကဌဖူမဖြစ်လာခင် ဖူရှန်းတွင် ရည်းစားရှိခဲ့သလော သူ မသိချေ။
"မိန်းကလေးတစ်ယောက်က ဖုန်းပဲကြည့်ပြီး သွားနေလို့ သူ့ခြေထောက်က မြောင်းဖုံးထဲ ကျွံသွားတယ်တဲ့လေ"
ဖူရှန်း - "... ကျွန်တော့်ခြေထောက်တွေက အဲဒီလောက်မှ မပိန်တာ"
ထန်ကျိုးသည် အလိုလို သူ၏ခြေထောက်များကို ကြည့်မိသွား၏။ ရှည်လျားဖြောင့်စင်းပြီး ချောမွတ်သော ကောက်ကြောင်းများက လျော့ရဲသော ဘောင်းဘီများထဲရှိ ခြေတံများကို သွယ်လျစေသည်။ သူ၏ခြေထောက်များမှာ ပုံသဏ္ဌာန်လှပြီး လွန်စွာ အချိုးအစားကျ၏။
ထန်ကျိုး နောက်လှည့်လိုက်သည်။
"လမ်းလျှောက်နေရင်း ဖုန်းမသုံးနဲ့"
ဖူရှန်းသည် ပြုံးပြီး သူ၏ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
"ဟုတ် မသုံးတော့ဘူး"
သူသည် ထန်ကျိုး၏ ခြေထောက်ထုံကျဉ်မှုအား ကူညီနေစဥ်က လက်ထဲတွင် ခံစားခဲ့ရသော ခံစားချက်ကို စဥ်းစားလိုက်သောအခါ ဖူရှန်း၏ အကြည့်သည် ထန်ကျိုး၏ခြေထောက်ပေါ်သို့ သက်ရောက်သွားမိတော့သည်။ ၎င်းတို့မှာ သူ၏ခြေထောက်များထက် များစွာပိန်သွယ်နေပေသည်။
ဖူရှန်း၏အဆောင်မှာ ၅ လွှာတွင် ရှိပြီး နှစ်ဦးလုံးမှာလည်း ရုပ်ပိုင်းဆိုင်ရာအင်အားနှင့် ပတ်သက်လာလျှင် အားနည်းသူများမဟုတ်ရာ ထို ၅ ထပ်ကို လွယ်ကူစွာ တက်နိုင်ခဲ့၏။
အခြားလူတစ်ဦး၏ အဆောင်ကို သွားရောက်လည်ပတ်ခြင်းမှာ ထန်ကျိုးအတွက် ပထမဆုံးဖြစ်ပြီး ပထမနှစ်ကျောင်းသားအဆောင်ဖြစ်သဖြင့် ဤအရာကို ဆန်းသစ်လှသည်ဟု သူခံစားမိသည်။ အဆောင်တံခါးမှာ အဟောင်းသားဖွင့်ထား၏။
"နတ်ဘုရားထန်!"
Pikachu ဟူဒီဝတ်ထားသော ကောင်လေးက တံခါးဝတွင်ရပ်နေပြီး စိတ်လှုပ်ရှားစွာဖြင့် သူ့အား ကြိုဆိုလိုက်သည်။
"ကြိုဆိုပါတယ် ကြိုဆိုပါတယ်!"
ထန်ကျိုး - "..."
သူသည် ဤမျှလောက် စိတ်အားထက်သန်နေသောလူကို မမြင်ခဲ့ဖူးချေ။
ထန်ကျိုးမျက်နှာပေါ်တွင် အတိုင်းသားမြင်နေရသော ဇဝေဇဝါဖြစ်မှုကြောင့် ဖူရှန်း၏မျက်လုံးများထဲတွင် သဘောကျရိပ်များဖြင့် တဖြည်းဖြည်း ပြည့်နှက်လာသည်။ သူသည် ထန်ကျိုး၏ သွယ်လျသောခါးကို ဖမ်းဆုပ်၍ တီးတိုးပြောလိုက်သည်။
"ဝင်လာခဲ့လေ"
ထန်ကျိုးသည် ယောက်ျားလေးအဆောင်ထဲသို့ ဝင်ကာ ဘေးဘီဝဲယာပတ်ကြည့်လိုက်သောအခါ သူထင်ထားသည်ထက် များစွာသပ်ရပ်သန့်ရှင်းကြောင်း မြင်လိုက်ရ၏။
အနောက်ဘက်ရှိ တံခါးမှာ ပိတ်သွားသဖြင့် လူသူမဲ့သော လူသွားစင်္ကြံ၏ မြင်ကွင်းကို ပိတ်လိုက်ပြီး သူ၏ရှေ့မှောက်ရှိ တက်ကြွကျဉ်းမြောင်းသော နေရာကိုသာ ချန်ရစ်ခဲ့လေသည်။ အပေါ်ဘက်တွင် အိပ်ရာများ အောက်ထပ်တွင် စားပွဲများရှိပြီး ရိုးရှင်းသော ခုံ ၄ ခုံအား မတူညီသော လားရာ ၄ ဘက်သို့ စီစဥ်နေရာချထား၏။ စားပွဲတစ်စုံစီတွင် မှတ်စုစာအုပ်တစ်အုပ်ရှိနေသည်။
ရေချိုးခန်းထဲမှ ဝတုတ်ပေါ်ထွက်လာပြီး စတီးထမင်းဘူးဖြင့် လောလောလတ်လတ် ဆေးကြောထားသော စပျစ်သီးများကို ကိုင်ထား၏။ သူသည် စိတ်ထားကောင်းစွာဖြင့် သူတို့ထံယူလာပြီး ထန်ကျိုးကို ကမ်းပေးရင်း ပြောလိုက်၏။
"နတ်ဘုရားထန် စပျစ်သီးစားပါဦး!"
ထန်ကျိုး - "..."
လီဖန်ယု၏ မျှော်လင့်ချက်ပြည့်ဝသော မျက်လုံးများအောက်တွင် ထန်ကျိုးသည် စပျစ်သီးတစ်လုံးကို ဆွဲနှုတ်၍ ညင်သာစွာ ပြောလိုက်သည်။
"ကျေးဇူး"
ထန်ကျိုးနေရခက်နေကြောင်း ခံစားမိလိုက်သောအခါ ဖူရှန်းသည် လီဖန်ယုဆီမှ စပျစ်သီးများကိုယူ၍ စားပွဲပေါ်တွင် အေးအေးလူလူဖြင့်တင်ကာ သုံးဦးသားကို မေးလိုက်သည်။
"ညစာစားပြီးပြီလား?"
"ဟင့်အင်း"
"ညစျေးဖွင့်မှာကိုစောင့်ပြီး အဲ့မှာ အတူသွားစားကြမလား?"
လျန်းချန်မှ အကြံပေးလိုက်၏။
"အင်း အင်း အင်း ခဏနေ တုတ်ထိုးတွေ ဝယ်စားကြမယ်လေ နတ်ဘုရားထန်လည်း အတူလိုက်ခဲ့ပေါ့!"
ဖီရှို့သည် လျင်မြန်စွာပင် သဘောတူလိုက်သည်။
လီဖန်ယု ခေါင်းညိတ်လိုက်၏။
"အကင်မစားရတာ တော်တော်ကြာနေပြီ ဘီယာပါဝယ်ရအောင်"
ဖူရှန်းတွင် ကန့်ကွက်စရာမရှိသဖြင့် လေးဦးသားသည် ထန်ကျိုးကို ကြည့်လိုက်သည်။
မိမိ၏အဆင့်အတန်းကြောင့် ထန်ကျိုးသည် လမ်းဘေးဆိုင်တွင် အကင်များစားပြီး အရက်ဝယ်မသောက်ဖူးချေ။ သို့သော် ဤလူတစ်စုက ထိုသို့လုပ်ရန် စိတ်အားထက်သန်နေသည်ကို မြင်လိုက်ရသောအခါ သူလည်း စိတ်ယိုင်သွားပြီး အနည်းငယ်စိတ်လှုပ်ရှားမိသွားသည်။
"ရတယ်လေ အတူအကင်သွားစားကြတာပေါ့"
ဖီရှို့သည် လက်နှစ်ဖက်ကို ဖြောင်းခနဲရိုက်လိုက်သည်။
"ခဏနေကျ ဘီယာသွားဝယ်လိုက်မယ်"
ဖူရှန်း ခေါင်းခါလိုက်သည်။
"လျှော့ဝယ်ခဲ့၊ စီနီယာထန်က ဒီနေရာကို ကားမောင်းလာတာ ပြီးတော့ သူက မသောက်တတ်ဘူး"
ထန်ကျိုး၏ အရက်ရေချိန်ကို စဥ်းစားကြည့်လိုက်သောအခါ သူသည် ထန်ကျိုးအား ထပ်မသောက်ခိုင်းရဲတော့ချေ။ မဟုတ်လျှင် ထန်ကျိုး၏ နှစ်ရှည်လများ တည်ဆောက်ခဲ့သော ဂုဏ်သိက္ခာသည် အရက်ကြောင့် ပျက်စီးသွားနိုင်၏။
ထန်ကျိုးသည်လည်း ရှက်ဖွယ်ကောင်းသော သူ၏မူးမူးရူးရူးအခြေအနေကို မှတ်မိသွားပြီး အပြုံးပျပျဖြင့် ခေါင်းညိတ်လိုက်သည်။
"အင်း ငါမသောက်ဘူး"
မည်သူကမှ အတင်းအကြပ် မတိုက်တွန်းချေ။
ညစျေးဖွင့်ရန်အတွက် စောနေသေးသဖြင့် လျန်းချန်မှ အကြံပေးလိုက်သည်။
"ပရောဂျက်အကြောင်း အတူဆွေးနွေးကြမယ်ဆိုရင် ဘယ်လိုလဲ?"
လူတိုင်းသည် ထန်ကျိုးကို လှည့်ကြည့်လိုက်ပြန်၏။
ထန်ကျိုးသည် လေးနက်စွာ စကားပြောလိုက်သည်။
"ခုနက ဖူရှန်းနဲ့ ဆွေးနွေးပြီးသွားပြီ သူ့ကိုပြောခိုင်းလိုက်ပါလား"
အမှန်အတိုင်းပြောရလျှင် ဖူရှန်းသည် Deep Blue နည်းပညာ၏ အနာဂတ်နှင့် အောင်မြင်မှုအတွက် အသိအမှတ်ပြုခံရန် များစွာထိုက်တန်သောလူဖြစ်ပေသည်။ ထန်ကျိုးသည် မိမိကိုယ်ကိုသိပေ၏။ သူသည် ဂိမ်းအကြောင်းနားမလည်သလို ဂိမ်းစျေးကွက်အကြောင်းလည်း မသိပေ။ ထို့ကြောင့် ဤကိစ္စများနှင့် ပတ်သက်လာလျှင် သူသည် ဝင်ပါစရာအကြောင်း လုံးဝမရှိပါချေ။
ဖူရှန်းလည်း မငြင်းဘဲ စကားကို စီကာပတ်ကုံးဖြင့် ပြောတော့သည်။ ဤဂိမ်းပရောဂျက်မှာ သူ၏ခေါင်းထဲတွင် နှစ်ပေါင်းများစွာ ပုံဖော်ထားခြင်း၏ ရလဒ်ဖြစ်သည့်အပြင် ပရောဂျက်၏ နောက်ခံမှာလည်း ရင့်ကျက်နေပြီဖြစ်ရာ သူသည် ထိုအကြောင်းကို ပြောနေစဥ်တွင် လေသံ၌ တုံ့ဆိုင်းသောအရိပ်အယောင်မရှိချေ။
ထန်ကျိုးသိပ်နားမလည်သည့် ဂိမ်းဗိသုကာကဲ့သို့ ပညာရှင်ဆန်သော အချို့အပိုင်းများကို ဖူရှန်းနှင့် အခြားလူများက စိတ်ရှည်သည်းခံစွာ ရှင်းပြကြသည်။ ရှင်းပြချက်များသည် သူ့အပေါ်တွင် ကြီးမားသော ထိရောက်မှု မရှိသော်လည်း သူသည် ၎င်းတို့ကို အလွန်စိတ်ဝင်စားမိနေဆဲဖြစ်၏။
ငယ်စဥ်ကတည်းကမှစ၍ လူကြီးဘဝအထိ သူ၏အဘိုးသည် သူ့အား သေးနုပ်သောအရာများအတွက်နှင့် မိမိရည်မှန်းချက်ပန်းတိုင် မပျောက်ဆုံးရန် ထပ်ခါတလဲလဲပြောခဲ့လေသည်။ ထို့ကြောင့် ထန်ကျိုးသည် အွန်လိုင်းဂိမ်းများမပြောနှင့် အရုပ်များဖြင့်ပင် ဆော့ခွင့်မရှိခဲ့ပါချေ။
ထိတွေ့မှုမရှိလျှင် စိတ်ဝင်စားစရာအကြောင်းလည်း မရှိပေ။ ယခုသူသည် အနီးကပ်ထိတွေ့လိုက်ရသဖြင့် စမ်းကြည့်ချင်စိတ် ပေါက်လာ၏။
"ဂိမ်းက တကယ် ပျော်ဖို့ကောင်းလား?"
သူ မေးလိုက်သည်။
သူစိတ်ဝင်စားကြောင်း မြင်လိုက်ရသောအခါ ဖီရှို့သည် ချက်ချင်းဆိုသလို ပို၍စိတ်အားထက်သန်သွားသည်။
"သခင်ကြီးထန် ဆော့ကြည့်တာနဲ့ ပျော်ဖို့ကောင်းမှန်း သိလိမ့်မယ်၊ ဒီဂိမ်းကောင်းမကောင်းကတော့ လူအပေါ်မှာ မူတည်တာပဲ စမ်းကြည့်ချင်လား?"
သူသည် ပြောပြောဆိုဆိုဖြင့် ကွန်ပျူတာကို ဖွင့်ကာ ဂိမ်းမျက်နှာစာကို ဝင်လိုက်၏။ ထန်ကျိုးသည် "ရှားယွမ်" ဟူသော စကားလုံးနှစ်လုံးကို ဝေ့ကြည့်လိုက်သည်။
ဖီရှို့သည် စိတ်အားထက်သန်စွာဖြင့် သူ့အား ဂိမ်းမိတ်ဆက်ပေးနေပြီး သူ၏ဇာတ်ကောင်ကိုပင် ထိန်းချုပ်ကာ မွန်းစတားများသတ်ခြင်း၊ Level တက်ခြင်းသာမက တာဝန်များပြီးဆုံးအောင်လုပ်ခြင်းကို ပြသနေလေသည်။
လက်တွေ့ကမ္ဘာ၏ ဝင်ရောက်စွက်ဖက်မှု မရှိသော ပုံရိပ်ယောင်ကမ္ဘာဖြစ်သဖြင့် အမှန်ပင် စိတ်ရောကိုယ်ပါ အပန်းဖြေအနားယူနိုင်သော နေရာကောင်းဖြစ်၏။ ထန်ကျိုးသည် ပို၍ပင် စိတ်ဝင်စားလာပြီး ဇာတ်ကောင်အား ထိန်းချုပ်ပြီး မိမိဘာသာ လှုပ်ရှားမှုအချို့ကို လုပ်ဆောင်နိုင်ရန် ကြိုးစားတော့သည်။
လီဖန်ယုလည်း နတ်ဘုရားထန်အား အကျင့်ဖျက်နေသော လူစုထဲဝင်လိုက်ပြီး သုံးဦးသားသည် ပျော်ရွှင်စွာ ဆော့ကစားကြတော့သည်။
ဖူရှန်း၏ခုံကို ထန်ကျိုး ယူထား၏။ ဖူရှန်းမှာ အဝတ်ဗီရိုကို မှီ၍ရပ်နေပြီး သူ၏အကြည့်များက ထန်ကျိုး၏ ဘေးတိုက်မျက်နှာပေါ်သို့ သက်ရောက်နေသည်။ ထန်ကျိုး၏အသားအရေမှာ ဖြူလျပြီး မျက်လုံးများမှာ တောက်ပရွှန်းလဲ့နေ၏။ အလွန်ပင် ကြည့်ကောင်းလှသည်။
ထိုစဥ် လျန်းချန်သည် သူ့ထံလျှောက်လာပြီး ပခုံးကို ပုတ်လိုက်သည်။
"အပြင်မှာ ခဏလောက်စကားပြောချင်လား?"
ဖူရှန်းသည် သူနှင့်အတူ စင်္ကြံပေါ်သို့ လိုက်သွားလိုက်သည်။
"တစ်ခုခုဖြစ်လို့လား?"
လျန်းချန်၏ပုံစံမှာ လေးနက်နေ၏။
"အစ်ကိုရှန်း မေးချင်နေတာကြာပြီ ကျောင်းဖိုရမ်ပေါ်က ဓာတ်ပုံတွေက အစစ်တွေလား?"
"ဘာဓာတ်ပုံတွေလဲ?"
လျန်းချန်သည် လည်ချောင်းကိုဟန့်လိုက်၏။
"စီနီယာထန်နဲ့အတူရှိနေတဲ့ပုံတွေလေ"
ဖူရှန်းသည် ခေတ္တမျှ ကြောင်အမ်းသွား၏။
"မင်းဘာပြောဖို့ ကြိုးစားနေတာလဲ?"
"ကျွန်တော်တို့က ဒီတိုင်းစိတ်ပူလို့ပါ ရှယ်ယာကိစ္စတွေကြောင့် အစ်ကိုနဲ့ စီနီယာထန်က..."
ဖူရှန်း - "... မင်းတို့တွေ အတွေးလွန်နေပြီ"
ပထမဦးစွာအနေဖြင့် သူဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထန်ကျိုးမှာ ငွေကိုအသုံးချ၍ ဤကဲ့သို့လုပ်မည့် လူစားမျိုးမဟုတ်ပါပေ။ အများဆုံးအနေဖြင့် သူ့အား ဟန်ဆောင်ရည်းစားအဖြစ်သာ နေခိုင်းပေမည်။
ဟန်ဆောင်ရည်းစားဟု စဥ်းစားလိုက်သောအခါ ဖူရှန်း၏ရင်ထဲတွင် ရှင်းပြနိုင်စွမ်းမရှိသည့် တစ်ဆို့သောခံစားချက်ကြီး ပေါ်ထွက်လာသည်။ သူသည် ရှုပ်ထွေးပွေလီသော ခံစားချက်များကို ခါထုတ်ပြီး လေးနက်စွာ ပြောလိုက်၏။
"ကိုယ်ပိုင်လက်ထောက်အနေနဲ့ နေရုံပဲ၊ မင်းတို့ခေါင်းထဲက ပေါက်ကရတွေကို ထုတ်လိုက်တော့"
လျန်းချန်သည် သက်မကိုချလိုက်တော့၏။ နှစ်ဦးသားသည် ဓာတ်ပုံထဲတွင် အဘယ်ကြောင့် လက်ကိုင်ထားသည်ကိုပင် သူ မမေးတော့ချေ။ ဖူရှန်းမှ ငြင်းလိုက်ပြီဖြစ်သဖြင့် သူဆက်ပြောစရာအကြောင်း အဘယ်သို့ရှိမည်နည်း။
"အင်း သူတို့ ပေါက်ကရတွေ မတွေးတော့အောင် သေချာပေါက်လုပ်ပေးမယ်"
သူတို့သည် မိမိအတွက် စိတ်ပူကြခြင်းသာဖြစ်ကြောင်း ဖူရှန်းသိသဖြင့် ဤကိစ္စကို ဆက်ပြောမနေတော့ချေ။ အတွင်းထဲမှ စိတ်ဓာတ်ပြင်းပြပြီး မာန်ပါသော တိုက်ခိုက်သံများကို ကြားလိုက်ရသောအခါ သူပြောလိုက်သည်။
"ညစျေးလည်း ဖွင့်တော့မယ် ငါတို့ အတူ ဆင်းကြတာပေါ့"
မဟုတ်လျှင် တစ်စုံတစ်ယောက်သည် အကျင့်ပျက် ပေတော့မည်။