Chapter 31

153 33 0
                                    

အပိုင်း ၃၁ - တောက်လောင်နေသောနှလုံးသား

တဖြည်းဖြည်းနှင့် နတ်ဘုရားထန်အား ထန်မိသားစုက စွန့်ဖယ်ထားကြောင်း၊ သူသည် ဟွာယွဲ့အား ထောက်ပံ့ပြီး ထန်မိသားစုအား စိန်ခေါ်ရန် စီစဥ်နေကြောင်း ကောလာဟလများက အသိုင်းအဝိုင်းထဲတွင် ကြီးထွားလာသည်။

ဟွာယွဲ့မှာ ဒေဝါလီခံလုနီးပါး ဖြစ်နေကြောင်း မည်သူကမသိဘဲနေမည်နည်း?

ဤကောလာဟလများကို ကြားသောလူတိုင်းသည် ၎င်းတို့အား သတင်းတုများဖြစ်လျှင်ဖြစ် မဖြစ်လျှင် နတ်ဘုရားထန်မှာ နာမည်ဂုဏ်သတင်းကြီးသလောက် မထူးချွန်သောသူဟုသာ ထင်ကြသည်။

နောက်ပိုင်းတွင် နတ်ဘုရားထန်သည် ဂိမ်းပရောဂျက်တစ်ခုကို ရင်းနှီးမြှုပ်နှံထားသည်ဟု သတင်းများလည်း ထွက်လာ၏။ ပရောဂျက်ခေါင်းဆောင်မှာ ပထမနှစ်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး အဓိကအဖွဲ့ဝင်များမှာလည်း လူငယ်ကျောင်းသားများဖြစ်ကြ၏။ နယ်ပယ်ထဲရှိ ကျွမ်းကျင်ပညာရှင်များသည် ၎င်း၏အလားအလာကို လုံးဝမခန့်မှန်းနိုင်သည့်အပြင် ဤပရောဂျက်အား ရင်းနှီးမြှုပ်နှံရသည့် နတ်ဘုရားထန်၏ စိတ်ကူးများကိုလည်း နားမလည်နိုင်ချေ။

သူသည် မိမိငွေကို တွေ့ကရာလိုက်ဖြုန်းနေသည်ဟုသာ ပြောနိုင်တော့သည်။

ထန်ကျိုး၏ဆုံးဖြတ်ချက်နှစ်ခုလုံး မှန်ကန်သည်ဟု မည်သူကမှ မထင်ကြချေ။ ဤဟာသကြီး မည်ကဲ့သို့ အဆုံးသတ်မည်ကို အားလုံးက စောင့်ဆိုင်းနေကြ၏။

အပြင်ဘက်မှ ကောလာဟလများအားလုံးသည် ထန်ကျိုးအား တစ်စက်မှ မထိခိုက်ချေ။ သူသည် မိမိအာရုံများအားလုံးကို ဟွာယွဲ့အပေါ်သာ စိုက်ထားသည်။

ဟွာယွဲ့နှင့် ထန်မိသားစုသည် တစ်နယ်ပယ်တည်းတွင်ရှိနေသော ပြိုင်ဘက်များဟု ပြောနိုင်သည်။ သူတို့သည် တစ်ဦးအပေါ် တစ်ဦး အလျှော့ပေးလိုစိတ်မရှိကြချေ။

ဤတစ်ခေါက်တွင် ဟွာယွဲ့ပြိုလဲသွားသောကြောင့် အကြီးမားဆုံး အကျိုးခံစားရသူမှာ ထန်မိသားစုဖြစ်သည်။

ထန်ကျိုးသည် ဤကိစ္စအား အိပ်မက်ထဲတွင် မြင်ခဲ့ဖူးကြောင်း မှတ်မိပေသည်။ ဟွာယွဲ့ ဒေဝါလီခံနေရစဥ်တွင် သူသည် ကုမ္ပဏီထဲတွင် အလုပ်လုပ်နေလေပြီ။ ဟွာယွဲ့ ကျဆင်းမှုကို သုံးသပ်ပြီးနောက် သူသည် အခြားသူများကဲ့သို့ ဝမ်းမသာခဲ့ချေ။ ထိုအစား သူသည် ရင်ထဲတွင်သာ ထိတ်ခနဲဖြစ်သွားခဲ့၏။

ဟွာယွဲ့သာ ပြိုလဲလျှင် ထန်မိသားစုလည်း ပြိုလဲမည်မဟုတ်လော?

ထန်မိသားစုသည် ဤအခွင့်အရေးကိုယူ၍ အမြင့်သို့ပျံသန်းနိုင်ခဲ့ပြီး အချိန်အတော်ကြာ ကောင်းစားခဲ့သော်ငြား ထန်ကျိုးသည် စိတ်ထဲတွင် နေမထိထိုင်မသာဖြစ်မိနေဆဲပင်။

အသက်အရွယ်ကြီးလာသဖြင့် ခေတ်နှင့်တစ်ပြေးတည်း အမီမလိုက်နိုင်သော အကြီးအကဲထန်မှာ အာဏာလွှဲပြောင်းရန် ခေါင်းမာမာနှင့် ငြင်းဆန်ခဲ့သည်။ သူသည် ထန်ကျိုး၏အတွေးများနှင့် မကြာခဏဆိုသလို အတိုက်အခံဖြစ်ခဲ့ပြီး နှစ်ဦးသားသည် အစည်းအဝေးအတွင်းတွင်ပင် အငြင်းပွားကြသည်များ ရှိခဲ့၏။

ရလဒ်အနေဖြင့် ထန်ကျိုး၏အစီအစဥ်များကို အချိန်မီမချမှတ်လိုက်နိုင်ပေ။ ထန်ကျန်း၏စကားတစ်ခွန်းနှစ်ခွန်းဖြင့် စိတ်ယိမ်းယိုင်သွားတတ်သော အကြီးအကဲထန်မှာလည်း ထန်ကျိုးမှာ အထိန်းအကွပ်မဲ့လှသည်ဟု တွေးလာပြီး သူ့အား အရင်ကလောက် မယုံကြည်တော့ချေ။

အာဏာမျှတစွာ ခွဲဝေရန် အကြီးအကဲထန်သည် ထန်ကျန်းနှင့် ထန်ထျန်းယန်အား ကုမ္ပဏီအရေးကိစ္စများတွင် ဝင်စွက်ဖက်ခွင့်အာဏာကို ပိုမိုပေးအပ်လိုက်သည်။

ထန်ကျိုးသည် မည်မျှပင် အရည်အချင်းရှိစေကာမူ သူ၏စီမံကိန်းများကို မချမှတ်နိုင်ခဲ့ချေ။

ထန်ကျန်းမှ ပြဿနာအကြီးအကျယ်ရှာခဲ့သောအချိန်၌ ထန်မိသားစုကို ကာကွယ်ရန် ထန်ကျိုးသည် ကြီးမားစွာ ကြိုးစားအားထုတ်ပြလိုက်မှသာ သူသည် ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရလေသည်။

ထိုအိပ်မက်သည် နောက်လှည့်ကြည့်ရန်အတွက် ခံပြင်းစရာကောင်းလှသောအရာဖြစ်၏။ ထန်ကျိုးသည် ဟွာယွဲ့အား ဝယ်ယူလိုက်ရသော အဓိကအကြောင်းရင်းမှာ မိမိကိုယ်ကိုသက်သေပြပြီး အတိတ်မှနောင်တများကို ကျေစေရန်ဖြစ်၏။

သူသည် ထန်မိသားစုကို စုံကန်လိုခြင်းမဟုတ်ပါပေ။ ဟွာယွဲ့မရှိလျှင်ပင် စျေးကွက်ထဲမှ အကျိုးအမြတ်များအတွက် ပြိုင်ဆိုင်နေကြသော ကုမ္ပဏီများစွာရှိနေသေးသည်။ ထန်မိသားစုသည် တစ်သက်လုံး တစ်ကိုယ်တည်းမရှင်သန်နိုင်ပါပေ။ မိမိတို့မည်မျှဝေးဝေးရောက်နိုင်မည်မှာ မိမိတို့အပေါ်သာ မူတည်နေ၏။

သို့သော် ထန်ကျိုးအား သိကျွမ်းသောလူအချို့မှအပ အခြားသူများသည် ထန်ကျိုး၏ရွေးချယ်မှုကို နားမလည်ကြချေ။

သူ၏ဘွဲ့နှင်းသဘင်အခမ်းအနားနေ့တွင် ထန်ကျိုးသည် ဘွဲ့ဝတ်စုံအပြည့်ဖြင့် ကျောင်းပွဲရုံအနောက်တွင် ရှိနေ၏။ သူသည် ဘွဲ့ရကျောင်းသားများ၏ ကိုယ်စားပြုအနေဖြင့် မိန့်ခွန်းပြောရန် ပြင်နေခဲ့သည်။

ထိုစဥ် မိမိအဘိုးဖြစ်သူ အကြီးအကဲထန်ထံမှ ဖုန်းဝင်လာ၏။

“အားကျိုး မင်းဘာလို့ ဟွာယွဲ့ကို ဝယ်လိုက်တာလဲ?”

ထန်ကျိုးသည် လေးနက်စွာ ဖြေလိုက်၏။

“အဘိုး ကျွန်တော် ကြိုးစားကြည့်ချင်တယ်”

အကြီးအကဲထန်သည် ဇဝေဇဝါဖြစ်သွား၏။

“မင်းကြိုးစားကြည့်ချင်ရင် ငါတို့ကုမ္ပဏီမှာလည်း နေရာရှိပါတယ်၊ ဘာလို့ ဟွာယွဲ့ဆီကိုမှ သွားရတာလဲ?”

“အဘိုးလည်း ငယ်ရာကကြီးလာတာမို့ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်”

ထန်ကျိုးသည် အချိန်ကိုကြည့်လိုက်သောအခါ နီးကပ်နေပြီဖြစ်ကြောင်း သိလိုက်သဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်တော်လုပ်စရာရှိသေးလို့ အရင်ဖုန်းချလိုက်မယ်နော်”

ဖုန်းချခံရသော အကြီးအကဲထန်မှာ ခံစားချက်မကောင်းတော့ချေ။

သူသည် ဖုန်းကိုချပြီး မတတ်သာဟန်ဖြင့် သက်ပြင်းချကာ အိမ်တော်ထိန်းဦးလေးဖန်ကို မေးလိုက်သည်။

“ငါတကယ်ပဲ အမှားတစ်ခုခုလုပ်မိသွားလား?”

ဖန်ဘိုသည် အပြုံးတစ်ခုဖြင့် သူ့အားနှစ်သိမ့်လိုက်သည်။

“သခင်လေးက အပြင်ထွက်ပြီး ကိုယ့်နာမည်တစ်လုံးအတွက် ကြိုးစားချင်တာ ကောင်းတဲ့အရာပေါ့ဗျာ၊ ဘယ်လိုပဲဖြစ်ဖြစ် သူက ထန်မိသားစုဝင်တစ်ယောက်ပဲလေ၊ ဟွာယွဲ့က အခု ထန်မျိုးနွယ်နာမည်ကို ယူလိုက်ရပြီ၊ ကျန်မျိုးနွယ်မဟုတ်တော့ဘူး အကြီးအကဲသိပ်စိတ်မပူပါနဲ့”

ထန်ကျီဟွားသည် ၎င်းကိုကြားသောအခါ ကြက်သေသေသွား၏။ သူပြောသည်မှာ မှန်ပေသည်။

မည်သို့ပင်ဖြစ်စေ ထန်ကျိုးမှာ ထန်မိသားစုဝင်တစ်ဦးဖြစ်၏။ သူသည် ဟွာယွဲ့အား သိမ်းပိုက်သည်မှာ မကောင်းသောအရာမဟုတ်ချေ။ သို့သော် စွန့်စားမှုမှာ ကြီးလွန်းလှသည်။ ဟွာယွဲ့အား မကယ်တင်နိုင်လျှင် ထန်ကျိုး၏ ဂုဏ်သတင်းထိခိုက်ပေမည်။

ထိုအရာကို စဥ်းစားလိုက်သောအခါ ထန်ကျီဟွားသည် မတတ်သာဟန်ဖြင့် ပြောလိုက်သည်။

“လူငယ်တွေက စိတ်လိုက်မာန်ပါရှိတုန်းပါလား၊ အဲ့အချိန်လောက်ဆို ဟွာယွဲ့... အပြင်ဘက်က လမ်းက လျှောက်ရတာ မလွယ်တဲ့အကြောင်း သူသိလာလိမ့်မယ်”

သူသည် ပင်ပန်းဆင်းရဲများကို ခံစားတောင့်ခံပြီးလျှင် ယခုကဲ့သို့ ခေါင်းမာတော့မည်မဟုတ်ချေ။

အကြီးအကဲထန်သည် သဘောပေါက်သွားပြီဖြစ်ကြောင်း ဦးလေးဖန်မြင်သောအခါ အချိန်ကိုက်ပြောလိုက်၏။

“ဒီနေ့ သခင်လေးရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားပါ သူက အခုထိ ကျောင်းသားကိုယ်စားပြုဖြစ်နေတုန်းပဲ”

ထန်ကျီဟွား အံ့အားသင့်သွား၏။ သူသည် အမှန်ပင် ဤကိစ္စကို မသိခဲ့ချေ။

“လူလွှတ်ပြီး ဘွဲ့ယူအထိမ်းအမှတ်အနေနဲ့ လက်ဆောင်တစ်ခု ပို့ခိုင်းလိုက်၊ ဒီကလေးကတော့ ဒီလိုပွဲကြီးကိုတောင် ကိုယ့်မိသားစုကို မပြောဘူး”

ထန်ကျီဟွားသည် မကျေမနပ်ဖြင့် မြည်တွန်တောက်တီးလိုက်သည်။

ဦးလေးဖန်သည် အပြုံးတစ်ခုဖြင့် ခေါင်းညိတ်လိုက်၏။

ထန်ကျိုးသည် မိန့်ခွန်းပြောပြီးနောက် စင်နောက်သို့ပြန်ကာ အေးအေးလူလူဖြင့် မိမိဖုန်းကိုကောက်ကိုင်လိုက်သည်။ ထိုအခါ လူအချို့က သူ့အား မက်ဆေ့ချ်များပို့ထားကြောင်း မြင်လိုက်ရ၏။

ဖီရှို့ - [ ကျောင်းပြီးသွားတဲ့ နတ်ဘုရားထန်ကို ဂုဏ်ပြုပါတယ်!!! ]

လီဖန်ယု - [ နတ်ဘုရားထန်ကျောင်းပြီးသွားပြီဟေ့! ဂုဏ်ယူပါတယ်! ]

လျန်းချန် - [ ဂုဏ်ပြုပါတယ် ]

လုယဲ့ - [ မိန့်ခွန်းကို လက်တန်းပြောလိုက်တာပဲ မိုက်လိုက်တာ ]

ချောင်ယွမ် - [ အစ်ကိုကျိုး မိန့်ခွန်းပြောတာ အရမ်းကောင်းတယ်! ]

အိုက်မို - [ ဒီနေ့အာစရိ ဘွဲ့ယူတာဆို! (ပန်းကြဲ) ဒါနဲ့ ရုပ်ရှင်ကို စရိုက်တော့မှာနော် အဲ့အချိန်ကျ နတ်ဘုရားထန် လာကြည့်မှာလား? ]

လူများစွာက သူ့အား “နတ်ဘုရားထန်” ဟုခေါ်ကြောင်း ကြားထားသဖြင့် အိုက်မိုမှာလည်း ဤရာထူးကို ကြုံသလိုသိသွားပြီး သူ့အား ထိုသို့စခေါ်တော့သည်။

လူတိုင်းကိုစာပြန်ပြီးနောက် သူသည် အင်တာနက်စာမျက်နှာအား အကြိမ်ပေါင်းများစွာ refresh လုပ်သော်လည်း ဖူရှန်း၏ မက်ဆေ့ချ်ကို မမြင်ရချေ။

သူသည် ယနေ့တွင် အလုပ်များသောကြောင့် မိမိကို မေ့သွားသလော?

ဤရက်ပိုင်းအတွင်း ဖူရှန်းသည် အမှန်ပင် အလုပ်များ၏။ မကြာခဏဆိုသလို မနက်ဝေလီဝေလင်းတွင် ထွက်သွားပြီး ညသန်းခေါင်မှ ပြန်လာတတ်သည်။ ဂိမ်းဆော့ရန်ပင် အချိန်မရှိ‌ချေ။

သမားတော်လေးသည် အမြဲတစေ အထီးကျန်ဆန်စွာ ရှိနေသဖြင့် သူသည် နတ်ဘုရား F ၏ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီဟု ဖိုရမ်ပေါ်တွင် လူအချို့က ဆွေးနွေးပြောနေကြလေပြီ။

ဖူရှန်းသည် ပရောဂျက်ကိစ္စဖြင့် အလုပ်ရှုပ်နေသည်ဟု ထန်ကျိုးထင်လိုက်သဖြင့် ဖီရှို့နှင့် အခြားသူများကို မေးလိုက်သော်လည်း ကုမ္ပဏီထဲတွင် မည်သူကမှ ထိုမျှလောက်နောက်ကျသည်ထိ ညဆိုင်းမဆင်းပေ။ သူတို့ပင်လျှင် ဖူရှန်းဘယ်ရောက်သွားကြောင်း မသိဘဲဖြစ်နေကြ၏။

လျှို့ဝှက်ဆန်းကြယ်လှသည်။

ထန်ကျိုးသည် မိမိ၏စိတ်မကောင်းဖြစ်မှုကို ချိုးနှိမ်ကာ ကျောင်းပွဲရုံအရှေ့သို့ လှည့်ပြန်ပြီး သူ၏မေဂျာတူ ကျောင်းသားများထဲမှ သူ၏ထိုင်ခုံကိုရှာကာ လုယဲ့နံဘေးတွင် ထိုင်လိုက်သည်။

“မင်းရှောင်ယွမ်ကို ဗီဒီယိုပို့လိုက်တာလား?”

လုယဲ့ ကြောင်အမ်းသွား၏။

“ဘာဗီဒီယိုလဲ?”

ထန်ကျိုးသည် ချောင်ယွမ်ဆီမှ မက်ဆေ့ချ်အား သူ့ကိုပြလိုက်သည်။

“ဒါဆို ငါဘာပြောလဲဆိုတာ သူဘယ်လိုသိလဲ?”

“ဖွီး-“

လုယဲ့သည် ပုခုံးများသိမ့်သိမ့်တုန်အောင် ရယ်လိုက်၏။

“နတ်ဘုရားထန် မင်းကိုယ်မင်း ဘယ်လိုတွေ ထင်နေလဲ? မင်းစင်ပေါ်မှာ မိန့်ခွန်းပြောနေတုန်း လူတိုင်းက ဖုန်းတွေ မြှောက်ပြီး ရိုက်နေကြတာ မင်းမမြင်ဘူးလား?”

ထန်ကျိုး - “...”

အများဆုံးအနေဖြင့် သူ့အား ဓာတ်ပုံသာရိုက်ကြလိမ့်မည်ဟု သူထင်ထားခဲ့ပေသည်။

သူ၏ရှေ့မှောက်ရှိ ကောင်လေးသည် အနောက်သို့လှည့်ပြီး စိတ်ထားကောင်းစွာဖြင့် သူ့အား အသိပေးလိုက်သည်။

“နတ်ဘုရားထန် ကျောင်းဖိုရမ်ထဲမှာ အားလုံးက မင်းအကြောင်း ပြောနေကြပြီ”

လုယဲ့သည် ကျောင်းဖိုရမ်ကို ဖွင့်ကြည့်လိုက်၏။

[ နတ်ဘုရားထန် ဘွဲ့ရသွားပြီ သူသွားတော့မှာဆိုတော့ ငါအရမ်းဝမ်းနည်းတာပဲ အားးး ]

[ သူက ငါ့အိုင်ဒေါပဲ၊ ၄ နှစ်လုံးလုံး ငါ သူ့ပရိသတ်ဖြစ်ခဲ့ပြီးတော့ ဒီနေ့မှာ ငါနဲ့ ဘွဲ့အတူတူယူတယ်၊ ခုနက စင်ပေါ်ကမိန့်ခွန်းကြီးက သေမလိုပဲ! ]

[ သူက သေချာပေါက် ချောပေမယ့် ငါကတော့ ကျောင်းကမိန်းကလေးတွေအသည်းစွဲ လုယဲ့ရဲ့ စတိုင်ကို ပိုကြိုက်တယ် ]

[ ဟူး နောက်ကျရင် ငါ့ဖုန်းကိုလျက်စရာ ဓာတ်ပုံအသစ်တွေမရှိတော့ဘူးပေါ့ ]

[ စိတ်ဓာတ်မကျပါနဲ့ တစ်နေ့ကျရင် နတ်ဘုရားထန်ကို စီးပွားရေးမဂ္ဂဇင်းမှာပဲဖြစ်ဖြစ် စီးပွားရေးချန်နယ်တစ်ခုမှာပဲဖြစ်ဖြစ် တွေ့နိုင်မှာပါ ]

[ ဒီမှာလာပြီး သူ့ကိုဖားမနေနဲ့၊ အခုတလော နတ်ဘုရားထန်ရဲ့ ရင်းနှီးမြှုပ်နှံမှုပရောဂျက်တွေက ဝေဖန်ခံနေရတာ မသိဘူးလား? ထန်မိသားစုကနေ ထွက်တာနဲ့ သူလည်း နတ်သက်ကြွေမယ်ထင်ပါရဲ့ ]

[ ဟင် ဘယ်လိုတောင် မနာလိုနေတာလဲ သူ့ပိုက်ဆံလေ သူကြိုက်တာလုပ်မှာပေါ့ ]

ဆွေးနွေးသောစကားများမှာ လမ်းကြောင်းလွဲနေပြီဖြစ်ကြောင်း မြင်သောအခါ လုယဲ့သည် ဖုန်းကိုဖယ်ပြီး ထန်ကျိုးကို နှစ်သိမ့်လိုက်၏။

“အပြစ်ပြောတဲ့သူတွေကတော့ ရှိမှာပဲ သူတို့ကို အာရုံစိုက်မနေနဲ့”

ထန်ကျိုး - “... အင်း”

သူဂရုမစိုက်ပါချေ။

ဘွဲ့နှင်းသဘင် အခမ်းအနားပြီးသောအခါ ညနေခင်းတွင် ဆရာကန်တော့ပွဲရှိသေး၏။ ထန်ကျိုးသည် ခေတ္တမျှစဥ်းစားပြီးနောက် ဖူရှန်းကို မက်ဆေ့ချ်တစ်စောင်ပို့ရန် ဆုံးဖြတ်လိုက်သည်။

ထန်ကျိုး - [ ငါဒီညဆရာကန်တော့ပွဲသွားမှာမို့ အိမ်ပြန်နောက်ကျလိမ့်မယ် ]

ထိုသို့ပို့ပြီးနောက် သူသည် မကြာမကြာဆိုသလို ဖုန်းကိုထုတ်ကြည့်ပြီးရင်း ကြည့်နေတော့၏။

လုယဲ့ သိချင်စိတ်ပြင်းပြသွားသည်။

“ဘယ်သူ့ဆီက မက်ဆေ့ချ်စောင့်နေတာလဲ?”

ထန်ကျိုးသည် ဟိုလိုလို သည်လိုလို ဖြေလိုက်၏။

“ဘယ်သူမှမဟုတ်ပါဘူး”

လုယဲ့သည် သူနှင့်သိကျွမ်းလာသည်မှာ နှစ်ချီနေပြီဖြစ်သော်လည်း ဤမျှလောက် ဂနာမငြိမ်သော ထန်ကျိုးကို မမြင်ဖူးပါချေ။ သူသည် ရွှတ်နောက်နောက်ဖြင့် ပြောလိုက်သည်။

“မင်းရည်းစားရနေတာတော့ မဟုတ်ပါဘူးနော်?”

သူ၏အသံမှာ မကျယ်သော်လည်း တိုးလည်းမတိုးလှသဖြင့် ရှေ့နောက်ကျောင်းသားများအားလုံး လှည့်ကြည့်ကြတော့သည်။

ထန်ကျိုး - “... ငါ့ကိုတစ်ယောက်ယောက်က အစီရင်ခံစာပို့ဖို့ လုပ်ထားပေမယ့် အခုထိ မပို့သေးလို့”

သူသည် စကားရှောင်လိုက်ခြင်းဖြစ်ကြောင်း လုယဲ့သိ၏။ ထို့ကြောင့် ဤအကြောင်းကို ဆက်မပြောတော့ချေ။ သူသည် ထန်ကျိုးနားသို့ကပ်၍ နားရွက်နား တီးတိုးပြောလိုက်၏။

“ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ရဲ့ ဖွင့်ပွဲကို မင်းတက်ချင်လား?”

ထန်ကျိုး ခေါင်းညိတ်လိုက်သည်။

“ခုနလေးတင် အိုက်မိုမေးတာကို လက်ခံလိုက်ပြီးပြီ”

သူသည် ရုပ်ရှင်နှင့် အနုပညာလောကအတွင်း သူ၏ပထမဆုံးခြေလှမ်းကို အမှန်ပင် သိချင်မိသည်။

“မင်းဒီည ဆရာကန်တော့ပွဲမှာ အရက်သောက်မှာလား ဒါမှမဟုတ် ဘာလုပ်မှာလဲ?”

သူသည် အရက်မသောက်နိုင်ကြောင်း လုယဲ့သိသဖြင့် အနည်းငယ် စိတ်ပူမိလေသည်။

ထန်ကျိုး ပေါ့ပေါ့ပါးပါးသာ ပြောလိုက်၏။

“ငါမူးလည်းကိစ္စမရှိဘူး”

ဆရာကန်တော့ပွဲအား ကျောင်းအနီးရှိ ဟိုတယ်တစ်ခုတွင် ကျင်းပလေသည်။ ညနေခင်း ၆ နာရီလောက်တွင် ပွဲအခမ်းအနားကို တရားဝင်စတင်တော့သည်။

ပထမအချီတွင် ကျောင်းသားများသည် ဆရာများကို ဂုဏ်ပြုချီးမြှောက်ကြပြီး အချင်းချင်းဂုဏ်ပြုစကားပြောကြ၏။

ထန်ကျိုးသည် ဆရာများနှင့် အတူသောက်ပြီးသောအခါ နေလို့မကောင်းဘဲ ရှိနေလေပြီ။

သူသည် ဒယီးဒယိုင်ဖြင့် မိမိထိုင်ခုံဆီပြန်ပြီး ဖြူဖွေးသောမျက်နှာမှာလည်း နီရဲနေ၏။ သူသည် ပန်းရောင်အနှစ်ရည်ထဲသို့ နှစ်မြှုပ်ခံရသော ကြွေထည်အလား ကျောက်စိမ်းသဖွယ် ဖွေးသောမျက်နှာမှာ နီမြန်းနေသည်။ ထိုမြင်ကွင်းမှာ လှလွန်းသဖြင့် မယုံရက်စရာရှိသည်။

အချို့မိန်းကလေးများသည် စိတ်မထိန်းနိုင်ကြသဖြင့် သတ္တိကိုမွေးကာ သူ့ဆီသို့ ခွက်များကိုမြှောက်ရင်းလာပြီး ပြောလိုက်ကြ၏။

“နတ်ဘုရားထန် တစ်ခွက်လောက်သောက်ပါဦး”

ထန်ကျိုးခေါင်းမှာ အနည်းငယ်မူးဝေနေသော်လည်း အသိစိတ်ရှိသေးသည်။ သူသည် ခပ်ပျပျ ပြုံးလိုက်၏။

“အင်း”

မိန်းကလေးများသည် အံ့အားသင့်ဟန်ဖြင့် အချင်းချင်းကြည့်လိုက်ကြ၏။

(အမလေး နတ်ဘုရားထန်က တကယ်ကြီးပြုံးလိုက်တယ်! သူပြုံးလိုက်တယ်လို့! တအားချောတာပဲ!)

စိတ်ထက်သန်တက်ကြွစွာ ဝိုင်ကိုသောက်ပြီးနောက် မိန်းကလေးတစ်ဦးမှ အရဲစွန့်ပြီး ပြောလိုက်သည်။

“နတ်ဘုရားထန် ငါတို့ဓာတ်ပုံအတူရိုက်လို့ရလား?”

ထန်ကျိုးသည် ပါးစပ်ဖွင့်ရန် ဟန်ပြင်ဆဲတွင် သူ၏အိတ်ကပ်ထဲရှိ ဖုန်းမှာ အသံမြည်လာသည်။ သူသည် လျင်မြန်စွာထုတ်ကြည့်လိုက်သောအခါ အရက်ရှိန်ဖြင့် ပြည့်နှက်နေသော သူ၏မျက်လုံးများ ဝင်းလက်သွား၏။

ဖူရှန်း - [ အင်း သိပြီ ]

ဒါ... ပဲလား?

ထန်ကျိုးသည် အနည်းငယ် ဝမ်းနည်းမိသွား၏။ သူသည် အနီးတွင်ရှိနေသော မိန်းကလေးနှစ်ဦးကိုပင် လုံးဝမေ့သွားပြီး ဖုန်းကိုကိုင်ရင်း ထိုအေးစက်သော စကားလုံးများကို ငေးကြည့်နေလေသည်။

မိန်းကလေးများ - “...”

လုယဲ့သည် အချိန်ကိုက်ရောက်လာပြီး အခြေအနေကို ဖျန်ဖြေလိုက်သည်။

“ထန်ကျိုးကတော့ အရမ်းမူးနေပြီ ဟားဟား”

မိန်းကလေးများသည် နှမြောတသနှင့် ပြန်ရုံမှအပ ရွေးချယ်စရာမရှိတော့ချေ။ သူ့ထံသို့လာ၍ ဂုဏ်ပြုစကားပြောချင်သော အခြားလူများလည်း ထန်ကျိုးမှာ ရီဝေဝေဖြင့် စားပွဲပေါ်တွင် အပုံလိုက်လဲနေပြီဖြစ်ကြောင်း မြင်လိုက်သောအခါ လက်လျှော့လိုက်ရ၏။

ဆရာကန်တော့ပွဲအား ည ၉ နာရီအထိ ကျင်းပပြီး ထိုအချိန်တွင် ကောင်လေးများအားလုံး မူးကွဲပြဲနေချေပြီ။ မိမိ၏အရက်သောက်နိုင်စွမ်းကြောင့် လူသိများသော လုယဲ့ပင်လျှင် ထိုအချိန်တွင် လမ်းမလျှောက်နိုင်တော့ချေ။

ကံကောင်းစွာဖြင့် သူသည် ပွဲသို့မလာခင် ချောင်ယွမ်နှင့် ကြိုတင်ချိန်းချက်ထားသဖြင့် ချောင်ယွမ်သည် ပွဲအပြီးတွင် ရောက်လာခဲ့လေသည်။

ဟိုတယ်ဧည့်ခန်းအပေါက်ဝသည် အရက်နံ့များ ထောင်းနေ၏။

ချောင်ယွမ်သည် တစ်ချက်ကြည့်ရုံဖြင့် စားပွဲပေါ်တွင် ဂုဏ်ယူစွာဖြင့် မတ်မတ်ထိုင်နေသော လုယဲ့ကို မြင်လိုက်ရ၏။ သူသည် ဤလူအုပ်ထဲတွင် အရက်အသောက်နိုင်ဆုံးလူဖြစ်သည်ဟု ပြသလိုခြင်းဖြစ်သည်။

ချောင်ယွမ်သည် သူ့ဆီလျှောက်သွားပြီး သူ့ပခုံးအား ပုတ်လိုက်၏။

“အစ်ကိုယဲ့ အစ်ကိုကျိုးရော?”

လုယဲ့သည် လက်ကိုဆန့်တန်းပြီး ညွှန်ပြလိုက်သည်။

လူငယ်လေးတစ်ဦးသည် စားပွဲပေါ်တွင် မှောက်နေရင်း အသိစိတ်လွတ်နေဟန်ရသော်လည်း မိမိလက်ထဲရှိ ဖုန်းကိုမူ ကျစ်ကျစ်ကိုင်ထားဆဲဖြစ်သည်။

ချောင်ယွမ်သည် သူ့ဆီလျှောက်သွားပြီး ညင်သာစွာ ခေါ်လိုက်၏။

“အစ်ကိုကျိုး အစ်ကိုကျိုး ထတော့”

ရီဝေဝေဖြစ်နေဆဲတွင် ထန်ကျိုးသည် တစ်စုံတစ်ဦးမှ သူ့ကိုခေါ်ကြောင်း ကြားလိုက်သဖြင့် မျက်လုံးကို ရုန်းကန်ဖွင့်လိုက်သည်။ သူသည် ကြောင်ငေးနေသောဟန်ဖြင့် ချောင်ယွမ်ကို ကြည့်ပြီး မည်သူဖြစ်ကြောင်း မှတ်မိရန် အချိန်အတော်ကြာ ကြိုးစားပြီးသောအခါ ပြောလိုက်၏။

“ရှောင်ယွမ် မင်းရောက်ပြီကိုး”

ချောင်ယွမ် - “အစ်ကိုကျိုးနဲ့ အစ်ကိုယဲ့ကို အိမ်ပြန်ပို့ဖို့ လာတာ”

လုယဲ့သည် သူတို့ထံလျှောက်လာပြီး ချောင်ယွမ်ပခုံးပေါ်မှီ၍ အပြုံးတစ်ခုနှင့် ပြောလိုက်၏။

“ဟုတ်တာပေါ့ ငါ့ကိုပြန်ခေါ်သွားပေး”

သူသည် အရပ်အမောင်းလည်းမြင့်ပြီး ခန္ဓာကိုယ်လည်း သန်မာကျစ်လျစ်သဖြင့် ရုတ်ခြည်းဆိုသလို ဖိချလိုက်သောအခါ ချောင်ယွမ်ဆို့နင့်လုမတတ်ဖြစ်သွား၏။

“အစ်ကိုယဲ့ စားပွဲကို အရင်ကိုင်ထားလို့မရဘူးလား?”

လုယဲ့ ငြင်းဆန်လိုက်သည်။ သူသည် ခေါင်းကိုငုံ့၍ ချောင်ယွမ်၏ ဆံနွယ်များကို ရှူပြီး အရက်မူးနေသည်ကို အခွင့်ကောင်းယူကာ ပြောလိုက်၏။

“ရှောင်ယွမ် မင်းအနံ့ကမွှေးလိုက်တာ ငါတို့အိမ်ပြန်ရအောင်”

ချောင်ယွမ် - “...”

သူသည် အရက်သမားနှစ်ဦးမပြောနှင့် တစ်ဦးကိုပင် အနိုင်နိုင်ဖြစ်နေ၏။ သူသည် လုယဲ့အား ကျိုးကြောင်းပြပြောရန် ကြိုးစားလိုက်သည်။

“အစ်ကိုယဲ့ ဒီမှာ အစ်ကိုကျိုးလည်း ရှိနေတာကို”

လုယဲ့သည် မျက်လုံးကိုမှေးပြီး ထန်ကျိုးကို ကြည့်လိုက်၏။

“အာ ဟုတ်သားပဲ မင်းဘာသာ တခြားလူခေါ်လိုက်”

“မလိုဘူး”

သူ့အနောက်မှနေ၍ ရင်းနှီးသောအသံတစ်သံက ထွက်လာသည်။ ထိုအသံမှာ အေးစက်တည်ငြိမ်လှသည်။

ချောင်ယွမ်လှည့်ကြည့်လိုက်သောအခါ အံ့အားသင့်သွား၏။

“အစ်ကိုဖူ!”

ဖူရှန်းသည် ခေါင်းတစ်ချက်အသာအယာညိတ်ပြီး ထန်ကျိုးဆီသို့ လျှောက်သွားကာ ခါးကိုကုန်း၍ နွေးထွေးစွာ ခေါ်လိုက်သည်။

“ထန်ကျိုး”

ထန်ကျိုးသည် မျက်လုံးကိုတစ်ဝက်မျှ ဖွင့်လိုက်သည်။ သူသည် မိမိရှေ့မှောက်ရှိလူ၏ ပုံရိပ်ကို ပုံဖော်ရန် ကြိုးစားနေလေသည်။

အသွင်အပြင်မှာ အမှန်တကယ် ချောမောခန့်ညားလှသလို မိမိမြင်ဖူးသလိုလည်း ရှိ၏။

“မင်းဘယ်သူလဲ?”

ဖူရှန်းသည် သူ၏လက်ကောက်ဝတ်ကို ကိုင်လိုက်သည်။

“အိမ်ပြန်ရအောင်”

ထန်ကျိုးမှာမူ သူ၏လက်ကိုခါထုတ်ပြီး ရေရွတ်လိုက်၏။

“မပြန်ဘူး ငါစောင့်နေတဲ့လူရှိတယ်”

“ဘယ်သူ့ကိုစောင့်နေတာလဲ?”

“ငါ့မက်ဆေ့ချ်ကို စာမပြန်တဲ့ လူတစ်ယောက်”

ဖူရှန်းသည် ခပ်ဖွဖွသက်ပြင်းချလိုက်ပြီး မိမိကိုကျောခိုင်းထားသော သူ၏အရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။

“ထလို့”

“မထဘူး”

ဖူရှန်းသည် ညင်သာသောလေသံနှင့် သူ့အား နှစ်သိမ့်ဖျောင်းဖျလိုက်၏။

“ပြန်ရောက်ရင် လက်ဆောင်ပေးမယ်လေ”

“မလိုချင်ဘူး”

သူသည် မလိုချင်ဟု ပြောနေသော်လည်း သူ၏ခန္ဓာကိုယ်မှာ လိမ်မရသဖြင့် ဖူရှန်း၏ကျောပြင်ပေါ်တွင် ရောက်နေပြီဖြစ်ကာ မိမိလက်များမှာ ဖူရှန်းလည်တိုင်ကို ဖက်ထားနေလေပြီ။

ချောင်ယွမ်၏ ကြက်သေသေနေသော မျက်နှာအောက်တွင် ဖူရှန်းသည် ဟိုတယ်မှထွက်သွား၏။

နွေညမှာ ပူလောင်လှသော်လည်း ထန်ကျိုး၏ရင်ဘတ်နှင့် ထိတွေ့ထားသော သူ၏ကျောပြင်တစ်ပိုင်းမှာ ပူသထက်ပူလာပြီး မိမိ၏အသွေးအသား အရိုးအရင်းအထိ လောင်ကျွမ်းကာ တစ်ကိုယ်လုံး လောင်မြိုက်လုမတတ် ခံစားနေရသည်။

သူ၏နှလုံးသားပင်လျှင် တောက်လောင်နေသော မီးလျှံကဲ့သို့ လောင်မြိုက်နေတော့၏။

သူသည် စကားကို လွယ်လွယ်မပြောရဲတော့ချေ။

ချိုတာကြိုက်တဲ့ဗီလိန်လေး Where stories live. Discover now