Villain Sweet Tooth 23
အပိုင်း ၂၃ - အချစ်ကားဆန်လွန်းလိုက်တာ
မိမိဘာသာ ကြည်နူးနေသော ဖူရှန်းမှာ အလိမ်ပေါ်သွားပြီဖြစ်ကြောင်း မသိချေ။ ခေါက်ဆွဲပြုတ်နေရင်း အစောပိုင်းက ထန်ကျိုး၏မျက်နှာထားမှာ သူ၏ခေါင်းထဲတွင် ထပ်ခါတလဲလဲ ပေါ်လာနေ၏။
သူသည် မည်သူတစ်ဦးတစ်ယောက်အပေါ်မှ ခံစားချက်မဖြစ်ပေါ်ဘဲ နေလာခဲ့သဖြင့် ရုပ်ရည်ကိုရှေ့တန်းတင်သူမဟုတ်ဟု မိမိကိုယ်ကိုခံယူထားသည်။ ဤမတိုင်ခင်တွင် သူသည် ရည်းစားထားဖို့ကို စိတ်ပင် မကူးခဲ့ချေ။
သို့သော် သူသည် “ထန်ကျိုး” ဟူသော ဝဲဂယက်ထဲတွင် အမှုမဲ့အမှတ်မဲ့ဖြင့် အငိုက်ဖမ်းမိခံနေရချေပြီ။
ထန်ကျိုးမှာ သကြားလုံးကဲ့သို့ပင်။ အတွင်းမှ ချိုမြိန်မှုကို အရသာခံရန်အတွက် မာကျောသော အပြင်ဘက် သကြားခဲအလွှာကို ခွာရ၏။ သူကိုယ်တိုင်က မမြည်းကြည့်ဖူးသော်လည်း ပါးလျသော အပြင်အလွှာမှနေ၍ ချိုမြိန်သောရနံ့ကို တစ်ချက်မျှ ရှူနိုင်နေလေပြီ။
အိုးထဲတွင် ဆူလာပြီဖြစ်သော ရေနွေးကြောင့် သူသည် အတွေးရေယာဉ်ထဲမှ ဖျတ်ခနဲ သတိပြန်လည်လာ၏။ ဖူရှန်းသည် လျင်မြန်စွာဖြင့် သင့်တော်သော အသင့်စားခေါက်ဆွဲပမာဏကို ထည့်လိုက်၏။
ခေါက်ဆွဲပြုတ်ပန်းကန်နှင့်အတူ သူထွက်လာသောအချိန်တွင် ထန်ကျိုးမှာ စားပွဲပေါ်တွင် ထိုင်စောင့်နေလေပြီ။
“ကျေးဇူးပဲ”
“ရပါတယ်”
ထန်ကျိုးပုံစံမှာ အနည်းငယ် ဇဝေဇဝါဖြစ်နေဟန်ရ၏။
သူ၏အိပ်မက်ထဲ၌ ဖူရှန်းမှ သူ၏လက်ထောက်အဖြစ် အလုပ်လုပ်နေစဉ်အတွင်း နှစ်ဦးသားကြားရှိ စကားအသွားအလာမှာ အမြဲအေးစက်ပြီး သူစိမ်းဆန်နေခဲ့သည်။ ပြောဆိုဆက်ဆံမှု သိပ်မရှိခဲ့ပေ။ ယခုတွင် အဘယ်ကြောင့်မှန်းမသိ ကွာခြားနေသလို ခံစားရ၏။
“နောက်ရက်ပိုင်းလောက်နေရင် ငါအိမ်ပြောင်းဖြစ်မလား မသိဘူး”
“ဘွဲ့ယူဖို့ လိုသေးတာမဟုတ်ဘူးလား?”
ဖူရှန်း လွှတ်ခနဲထွက်သွားသည်။
ထန်ကျိုးသည် မျက်လွှာကိုချလိုက်၏။
“အချိန်တန်ပြီလေ၊ အဲ့အချိန်ကျ ငါ့ဘွဲကြိုစာတမ်းကို ထုချေဖို့ ကျောင်းသွားပြီး ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်လိုက်ရုံပဲ”
ဖူရှန်းသည် ထန်ကျိုး၏ မျက်နှာချင်းဆိုင်ဘက်ခြမ်းတွင် ထိုင်နေရင်း မိမိလက်ဖျားထိပ်များကိုဆိတ်ပြီး စိတ်တည်ငြိမ်ချင်ဟန်ဆောင်နေ၏။
“ဘယ်ကိုပြောင်းမှာလဲ?”
“မဆုံးဖြတ်ရသေးဘူး”
ထန်ကျိုးသည် ခေါက်ဆွဲတစ်လုတ်စာမျှ ကိုက်ကာ မသေချာသောလေသံဖြင့် ပြောလိုက်၏။
“ငါ့ဆီက တစ်ခုခုလိုတာရှိရင် ဖုန်းကနေ ဆက်သွယ်လိုက်”
ဖူရှန်း မျက်လုံးများ မှောင်ရိပ်သန်းသွားသည်။
“ဟုတ်ပြီလေ”
ဖူရှန်းသည် ပုံမှန်အားဖြင့် ကောင်းမွန်စွာ အိပ်မောကျသော်လည်း ယနေ့ညတွင် သူသည် လူးကာလွန့်ကာဖြင့် အိပ်မရနိုင်ဖြစ်နေတော့၏။ သူသည် မနက်ဝေလီဝေလင်းအချိန်၌ အိပ်ပျော်လုဆဲဆဲတွင် ထင်ရှားပြတ်သားသော အိပ်မက်တစ်ခုကြောင့် နိုးသွားသည်။
သူ၏လက်သည် အောက်ဘက်သို့ ရွေ့လျားသွားပြီးနောက် အိပ်ရာပေါ်တွင် မတတ်သာဟန်ဖြင့် လဲပြိုသွားကာ သက်ပြင်းချလိုက်သည်။
နောက်တစ်နေ့တွင် ဖူရှန်းသည် အတန်းထဲ၌ အာရုံမရကြောင်း သိသာ၏။ အမြဲတစေ အမြင်အာရုံစူးရှသော လျန်းချန်မှာ ဖူရှန်း စိတ်အခြေအနေ တစ်ခုခုလွဲနေကြောင်း သတိထားမိပြီး မေးလိုက်သည်။
“ညက ကောင်းကောင်း မအိပ်ခဲ့ရဘူးလား?”
ဖူရှန်း ခေါင်းသာညိတ်လိုက်၏။ ဆက်စကားပြောချင်စိတ်မရှိချေ။
ဖီရှို့သည် နံဘေးမှနေ၍ စနောက်တော့သည်။
“တကယ်ပဲ နတ်ဘုရားထန်နဲ့အတူ မကောင်းတာတစ်ခုခု လုပ်ခဲ့တာတော့ မဟုတ်ပါဘူးနော်?”
ဟာသအနေနှင့် ပြောခြင်းဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဖူရှန်းသည် ရယ်ရယ်မောမောနှင့် ပြန်ပက်ပြီး စကားကိုအာရုံမထားဘဲ နေတတ်သည်။ သို့သော် ယမန်နေ့ညက သူ၏အိပ်မက်အကြောင်းတွေးရင်း အိပ်မက်ထဲမှ နုနယ်ပျော့ပျောင်းသော ခြေထောက်များကို ပြန်မြင်ယောင်သွားသောအခါ လိပ်ပြာမလုံသောစိတ်ဖြင့် အသာအယာ ချောင်းဟန့်လိုက်၏။
“ဆရာရောက်ပြီ”
ဖီရှို့သည် လျင်မြန်စွာ မတ်မတ်ရပ်လိုက်၏။ ဖူရှန်း၏ မူမမှန်သောအပြုအမူကို သတိမထားမိချေ။ သို့သော် လျန်းချန်မှာ အတန်ငယ်မျက်မှောင်ကြုတ်၍ ဖူရှန်းအား အဓိပ္ပာယ်ပါသောအကြည့်ဖြင့် အကြိမ်အနည်းငယ်ခန့် ဝေ့ကြည့်လိုက်သည်။
ဖူရှန်းသည် စာသင်ချိန်တစ်လျှောက်လုံး ငေးတိငေးကြောင်ဖြစ်နေပြီး ဆရာမှ သူ့အား မေးခွန်းတစ်ခုဖြေခိုင်းရန် ခေါ်ဆိုသည့်အချိန်၌ပင် အူတူတူဖြစ်နေလေ၏။ နံဘေးမှ လီဖန်ယု၏ သတိပေးချက်ကြောင့်မဟုတ်ခဲ့လျှင် သူသည် အတန်း၏ ရယ်စရာဖြစ်ပေတော့မည်။
သူသည် အသက်အရွယ်ရလာသည်မှာ မကြာသေးသဖြင့် သူ၏အတွေးများမှာ မည်မျှပင် ရင့်ကျက်နက်ရှိုင်းပါစေ နှလုံးသားရေးရာနှင့် ပတ်သက်လာလျှင် သူသည် ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသော ကောင်လေးတစ်ဦးနှင့် မခြားပါပေ။
အတန်းပြီးသဖြင့် လေးဦးသားသည် ကျောင်းခန်းထဲမှ ထွက်လာသောအခါ တစ်စုံတစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရ၏။
သူတို့အား လမ်းပိတ်လိုက်သောလူမှာ သက်လတ်ပိုင်းယောက်ျားတစ်ဦးဖြစ်ပြီး သာမန်အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီရှည်များကို ဝတ်ဆင်ထားသည်။ တက္ကသိုလ်ဆရာများနှင့် သိပ်မခြားနားသဖြင့် ဤမြင်ကွင်းမှာ အခြားသူများ၏အာရုံစိုက်ခြင်း မခံရချေ။
“ခင်ဗျားက မစ္စတာဖူရှန်းလား?”
ထိုလူမှ ယဥ်ကျေးစွာ မေးလိုက်သည်။
ကျန်သုံးဦးသည် ချီတုံချတုံဖြင့် ထိုလူကြီးအား ကြည့်နေသောအခါတွင် ဖူရှန်းမှာ တည်ငြိမ်ပြီး ဣန္ဒြေရနေဆဲဖြစ်သည်။
“မဟုတ်ဘူး”
“...”
လူငယ်လေးမှ ထွက်သွားရန်ပြင်နေကြောင်း မြင်သောအခါ ထိုလူသည် သုတ်သီးသုတ်ပျာဖြင့် ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ပေးပါ”
ဖူရှန်းမှ စကားမပြောနိုင်ခင် ဖီရှို့မှ အရင်ထုတ်ပြောလိုက်သည်။
“ခင်ဗျားက ရဲလား? အဲ့လိုမျိုး လူကို အနောက်လိုက်လာခိုင်းလို့ ရတာပဲလား?”
လီဖန်ယုမှာလည်း အံ့အားသင့်နေ၏။
“ဒါက ဘယ်သူလဲဟ?”
ဖူရှန်းမှာမူ ဤအရာကို အာရုံမစိုက်ပါချေ။ သူသည် ယခင်က ထန်ကျိုး၏ အသိုင်းအဝိုင်းကို စုံစမ်းဖူး၏။ သူသည် ထန်ကျိုးအနီးရှိ လူတိုင်းကို မသိနိုင်လောက်သော်လည်း အနည်းဆုံးအနေဖြင့် လမ်းပေါ်တွင်တွေ့လျှင် မှတ်မိနိုင်ပေသည်။
သူသည် ဤလူကို မှတ်မိ၏။ ဤလူအား မည်သူက စေလွှတ်လိုက်ကြောင်းကိုလည်း သိသည်။
သက်လတ်ပိုင်းလူကြီးသည် စိတ်ပူပန်သွားပြီး ဖြတ်သွားဖြတ်လာလူများကိုပင် ဂရုမစိုက်တော့ဘဲ ပြောလိုက်၏။
“ခင်ဗျားကို ရှာခိုင်းလိုက်တာ မစ္စတာထန်ကျိုးရဲ့ အမေပါ”
ထန်ကျိုးဟူသောအမည်မှာ ကျန်းချန်တက္ကသိုလ်တွင် လူသိများ၏။ လူအချို့သည် ထိုနာမည်ကိုကြားသောအခါ လှည့်ကြည့်လာကြသည်။
ဖူရှန်းသည် အခြားသူများအတွက် မျောက်ပွဲဖြစ်ရန် ဝါသနာမပါပေ။ သူသည် မျက်လုံးများကို မှေးကာ ပြောလိုက်သည်။
“လျန်းချန် မင်းတို့တွေ အရင်သွားစားနှင့်ကြ”
လျန်းချန်သည် စက္ကန့်ပိုင်းမျှ တုံ့ဆိုင်းသွားသော်လည်း အဆုံးတွင် ခေါင်းညိတ်လိုက်၏။
ဖူရှန်းသည် ထိုလူကြီးနှင့်အတူ ထွက်သွားသောအခါ ဖီရှို့မှ မျက်မှောင်ကို တင်းတင်းကြုတ်လိုက်သည်။
“ထန်ကျိုးအမေက ဘာလို့ အစ်ကိုရှန်းကို လာရှာမှာလဲ?”
“မသိဘူးလေ အရင်သွားစားကြတာပေါ့”
လျန်းချန်သည် စိတ်ထဲတွင် ဝေဝါးသောယူဆချက်အချို့ ရှိနေသော်လည်း ထိုယူဆချက်များမှာ လက်တွေ့မဆန်လှဟု တွေးမိသဖြင့် သူသည် အတွေးထဲမှဖယ်လိုက်တော့သည်။
လီဖန်ယု၏ စိတ်ကူးယဉ်မှုမှာ ကြီးမားလှသည်။
“မဟုတ်မှလွဲရော နတ်ဘုရားထန်ကို ရင်းနှီးမြှုပ်နှံမှု ပြန်သိမ်းခိုင်းမလို့များလား?”
“မင်းရူးနေလား? နတ်ဘုရားထန်ကို ရင်းနှီးမြှုပ်နှံမှု ပြန်သိမ်းခိုင်းချင်ရင် နတ်ဘုရားထန်ကို သွားစကားပြောမှာပေါ့၊ အစ်ကိုရှန်းကို လာရှာလို့ ဘာအကျိုးရှိမှာလဲ?”
ဖီရှို့ ပက်ခနဲ ပြန်ပြောလိုက်သည်။
“နတ်ဘုရားထန်ကို ပြောလို့မရလို့ အခု အစ်ကိုရှန်းကို ခြိမ်းခြောက်ပြီး ကိုယ့်ဘာသာ နောက်ဆုတ်ဖို့ ပြောချင်တာများလား?”
လီဖန်ယု သုံးသပ်လိုက်သည်။
“တီဗီဇာတ်လမ်းတွဲတွေမှာ အဲ့လိုဖြစ်နေကျလေ”
ဖီရှို့ မျက်စောင်းထိုးလိုက်သည်။
“အဲဒါက ဆင်းရဲတဲ့မင်းသမီးကို ယောက္ခမက သူ့သားကိုလက်လျှော့ဖို့ပြောတဲ့ ဇာတ်လမ်းကွ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘာဆိုင်လဲ? အိုင်ဒေါဒရမ်မာတွေ ကြည့်တာ လျှော့စမ်းပါ!”
ဇာတ်လမ်းတွဲများသည် လက်တွေ့အပေါ် မူတည်ပြီး ဖြစ်တည်လာသော်လည်း လက်တွေ့မှာ ဇာတ်လမ်းထက်ပင် ပို၍ဆိုးနိုင်လောက်သည်ဟု လျန်းချန်ခံစားမိလိုက်သည်။
အထက်တန်းစားကော်ဖီဆိုင်တစ်ဆိုင်တွင် အသွင်အပြင်အရ နုနယ်လှသော အမျိုးသမီးတစ်ဦးက ပြတင်းပေါက်ဘေးတွင် ထိုင်နေ၏။ နူးညံ့သောအသံဖြင့် စားပွဲထိုးအား မှာကြားပြီးနောက် သူမအကြည့်သည် မျက်နှာချင်းဆိုင်ရှိ လူငယ်လေးပေါ်သို့ သက်ရောက်သွားသည်။
ကော်ဖီဆိုင်ထဲတွင် အခြားမည်သူမျှမရှိချေ။ တစ်ဆိုင်လုံး ဘိုကင်ယူထားလေသည်။
အမျိုးသမီး၏အကြည့်မှာ မစူးရှလှသော်လည်း အသွားတုံးသောဓားတစ်ချောင်းက ဖူရှန်းမျက်နှာပေါ်ရှိ တည်ငြိမ်မှုဟန်ပန်များကို ဖြည်းဖြည်းချင်း လှီးဖြတ်ခွာချနေသလိုပင်။ သူမသည် ဇွန်းတစ်ချောင်းကိုကိုင်၍ ကော်ဖီခွက်ကို ဖြည်းဖြည်းချင်း မွှေကာ ညင်ညင်သာသာနှင့် ပြောလိုက်၏။
“မင်းကကြည့်ကောင်းသားပဲ”
ဖူရှန်း တိတ်ဆိတ်နေဆဲဖြစ်သည်။
“ပြောပုံဆိုပုံကလည်း လက်ခံလို့ရတဲ့ အနေအထားပဲ”
ဖူရှန်းသည် အနည်းငယ် စိတ်မရှည်နိုင် ဖြစ်လာချေပြီ။
“ရှေ့လျှောက်လည်း အနာဂတ်က တောက်ပနေတာကို ဘာလို့ ဒီလိုဟာမျိုးတွေကို မလုပ်သင့်ဘူးဆိုတာ နားမလည်နိုင်တာလဲ?”
ကျန်းချိုးယီသည် သူမ၏အေးအေးမှန်မှန်လေသံဖြင့် ဆက်လက်၍ ဖူရှန်းကို ဖိအားပေးနေသည်။
“ငွေအတွက်လား?”
ဖူရှန်း အနောက်သို့မှီလိုက်သည်။ စကားတစ်ခွန်းကိုမှ ပြန်မတုံ့ပြန်ချေ။
ကျန်းချိုးယီ မျက်မှောင်ကြုတ်လိုက်သည်။
“ဘာလို့ ဘာမှမပြောတာလဲ?”
“မဒမ်ကျန်း ခင်ဗျားပြောချင်တာက ဒါတွေဆိုရင် ကျွန်တော့်မှာ သေချာနားထောင်ပေးဖို့ တာဝန်မရှိဘူးထင်တာပဲ”
ဖူရှန်းသည် သူ့အား အကောင်းမြင်စိတ်မရှိချေ။ ထန်ကျိုးနာမည်ကိုသာ ထုတ်မပြောခဲ့လျှင် သူသည် မလာဘဲ နေခဲ့ပေမည်။
ကျန်းချိုးယီပြောလိုက်၏။
“နင်သူ့ကို တကယ် သဘောကျတာဆိုရင် သူ့ဘေးနားကနေ ဝေးဝေးနေပေးပါ”
ဤအချိန်ကာလအတွင်း သူမသည် ကောလာဟလများစွာကို ကြားထားပြီး ထန်ကျိုးသည် ယောက်ျားလေးများကို နှစ်သက်သဖြင့် အမွေဆက်ခံသူရာထူးကို ထိခိုက်ခဲ့ကြောင်း သိသွားသဖြင့် အလွန်ပင် စိတ်ဓာတ်ကျနေခဲ့သည်။
ထန်ကျိုးနှင့် အတူနေထိုင်နေသော ယောက်ျားလေးမှာ ဖူရှန်းဟု သူမ လွှတ်ထားသောလူထံမှ ကြားရသောအခါ သူမသည် စိတ်မထိန်းနိုင်တော့ဘဲ ဖူရှန်းအား လာရောက်ရင်ဆိုင်ခြင်းဖြစ်သည်။
ဖူရှန်း လှောင်ရယ်သံပြုလိုက်သည်။
“ဒါဆို ခင်ဗျားကရော?”
“ဘာ?”
“ခင်ဗျားက ဘာမို့လို့ ကျွန်တော့်ကို ဒါတွေလာပြောနေတာလဲ?”
မိမိရှေ့မှောက်ရှိ အမျိုးသမီးမှာ မည်သို့တွေးနေသည်ကို ဖူရှန်းအမှန်ပင် နားမလည်ချေ။ ငယ်စဉ်ကတည်းမှ လူကြီးဘဝအထိ ထန်ကျိုးအတွက် တစ်ခါမှ ဂရုမစိုက်ဖူးသောလူက အဘယ်ကြောင့် အခုမှ ဤကဲ့သို့အကွက်မျိုးကို ရွှေ့နေရသနည်း?
ကျန်းချိုးယီ၏မျက်နှာ အေးစက်သွားသည်။
“ငါက သူ့အမေပဲ”
ဖူရှန်း ဟက်ခနဲရယ်လိုက်၏။
“သူဘာစားရတာကို ကြိုက်လဲ?”
“...”
“သူဘာဝတ်ရတာကို ကြိုက်လဲ?”
“...”
“သူ့ဝါသနာတွေက ဘာလဲ?”
“...”
“သူလိုချင်တဲ့ဟာနဲ့ မလိုချင်တဲ့ဟာက ဘာလဲ?”
“...”
ဖူရှန်းသည် မတ်တတ်ရပ်ပြီး စားပွဲပေါ်လက်တင်ကာ တင်စီးသောလေသံဖြင့် ပြောလိုက်၏။
“ဘာတစ်ခုမှမသိဘဲနဲ့ ခင်ဗျားမှာ အဲ့လိုပြောပိုင်ခွင့်ရှိလား?”
“ငါ သူ့ကို မွေးပေးခဲ့တာ!”
ကျန်းချိုးယီအသံမှာ စူးရှနေသည်။
ဖူရှန်းသည် လက်ခံခြင်းလည်းမရှိသလို ငြင်းဆိုခြင်းလည်းမရှိပေ။ သူသည် ဤကဲ့သို့ စိတ်ဖောက်နေပြီး ယုံမှားသံသယလွန်ကဲနေသူတစ်ဦးနှင့် ဆက်လက်အငြင်းပွား၍ အကျိုးမရှိကြောင်း သိသွားဟန်ရသည်။
ကျန်းချိုးယီသည် ရုတ်ခြည်းဆိုသလို မတ်တတ်ရပ်ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်၏။
“နင့်ကြောင့် သူ့ရဲ့ အမွေဆက်ခံသူရာထူးက အန္တရာယ်ရှိနေပြီ...”
“မဒမ်ကျန်း”
ခံစားချက်ကင်းမဲ့နေသော မျက်နှာဖြင့် ဖူရှန်းသည် သူမအား ငုံ့ကြည့်လိုက်၏။
“အဲဒါခင်ဗျားနဲ့ ဘာဆိုင်လဲ?”
ကျန်းချိုးယီသည် သူ့အား မမှိတ်မသုန်ဖြင့် စူးစိုက်ကြည့်လိုက်သည်။
သူမအတွက် အဘယ်သို့ အရေးမကြီးဘဲ နေမည်နည်း! သူမ၏ကလေးသာ ဤတစ်ယောက်ကြောင့် ထန်မိသားစုအား အမွေဆက်မခံနိုင်လျှင် ဤနှစ်ပေါင်းများစွာတစ်လျှောက် သူမသည် အရာအားလုံးကို အံကြိတ်သည်းခံခဲ့ခြင်းမှာ အဘယ်အကျိုးရှိတော့မည်နည်း? အတိတ်မှ သူမ၏ စွန့်လွှတ်အနစ်နာခံမှုများမှာ သဲထဲရေသွန်ဖြစ်ချေမည်။
ဖူရှန်းသည် သူမ၏မျက်နှာထားကို နားလည်သဘောပေါက်သဖြင့် ထရယ်မိတော့သည်။
“ခင်ဗျားစိတ်ထဲမှာ ထန်မိသားစုအတွက် အမွေဆက်ခံသူတစ်ယောက် မွေးပေးခဲ့တာက ခင်ဗျားရဲ့ တစ်ခုတည်းသောတန်ဖိုးလား?”
ဖူရှန်းလေသံမှာ တိုးညှင်းနေပြီး ညှို့ငင်ဖွယ်ကောင်းသော ဖိအားတစ်ခုကို သယ်ဆောင်ထား၏။
“ခင်ဗျားကိုယ် ခင်ဗျားအထင်သေးနေတာပဲ”
တစ်ခဏချင်းတွင် မိမိသွေးများ အေးခဲသွားသလို ကျန်းချိုးယီခံစားလိုက်ရသည်။ သူမသည် မန္တန်ကျိန်စာတစ်ခုအောက် ရောက်သွားသလို ထိုနေရာတွင် တောင့်တင်းကြောင်ငေးပြီး စကားတစ်ခွန်းမျှမပြောနိုင်ဘဲ ဖူရှန်းထွက်သွားသည်ကို ကြည့်နေရတော့သည်။
သူမသည် အမှန်ပင် မွေးကတည်းက မိမိတန်ဖိုးကို အဖြတ်ခံထားရသောသူဖြစ်၏။ သူမသည် အိမ်ထောင်ပြုခြင်းမှတစ်ဆင့် မိသားစုချင်း မဟာမိတ်ဖွဲ့ရမည်ဖြစ်ပြီး အမွေဆက်ခံသူတစ်ဦးကို မွေးပေးရလေမည်။ ထိုနောက်ပိုင်းတွင် ဘာမှမရှိတော့သလို ဖြစ်နေသည်။
သူမမှာ ထန်ကျန်းကဲ့သို့ မြာပွေ၍လည်း မရပါပေ။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာကြီးသည် အမျိုးသားများထက် အမျိုးသမီးများအတွက် သတ်မှတ်ချက် ပိုများသောကြောင့်ဖြစ်သည်။ ထန်ကျန်းကဲ့သို့ ထန်ကျိုး၏အမွေဆက်ခံသူရာထူးကို ဂရုမစိုက်၍လည်း မနေနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထန်ကျိုးသည် ထန်မိသားစုကို အမွေဆက်ခံနိုင်မှသာ သူမ၏တန်ဖိုးကို အပြည့်အဝဖြည့်ဆည်းနိုင်ပေမည်။
သူမတွင် တန်ဖိုးမရှိတော့လျှင် မည်သည့်အရာအတွက်နှင့် ဆက်အသက်ရှင်ရမည်နည်း?
သူမသည် ထန်ကျိုးကို မနှစ်သက်ခြင်းမဟုတ်ပေ?
အနှီးပတ်ပြီး အိပ်နေသော ကလေးငယ်အား သူမသည် အဘယ်သို့ ထားခဲ့ရက်မည်နည်း? သို့သော် အကြီးအကဲထန်သည် သူမအား ထန်ကျိုးကို ပြုစုပျိုးထောင်ခွင့်မပေးခဲ့ချေ။ အမျိုးသမီး၏လက်ထဲတွင် ကြီးလာပါက ထန်ကျိုး မအောင်မြင်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
သူမသည် ထန်ကျိုးကိုမြင်တိုင်း သူနှင့် နီးကပ်ချင်မိ၏။ သို့တိုင် သူ၏မျက်နှာပေါ်ရှိ အေးစက်ပြီး သူစိမ်းဆန်လှသော မျက်နှာထားကို မြင်သောအခါ သူမ နောက်ဆုတ်ရစမြဲဖြစ်သည်။ သူမ၏ကလေးအား ထန်မိသားစုမှ မကောင်းသည့်အတတ်များ သင်ပေးလိုက်သလို သူမ ခံစားခဲ့ရ၏။
သားဖြစ်သူမှာ မိမိနံဘေးတွင်နေရန် ကံကြမ္မာမပါလာခဲ့လျှင် သူမလည်း ဆက်နေရန် အကြောင်းရင်းရှိဦးမည်လော?
သူမခင်ပွန်း၏ ဖောက်ပြန်မှု၊ ယောက္ခထီးဖြစ်သူ၏ အေးစက်မှု၊ သားဖြစ်သူ၏ မေတ္တာကင်းမဲ့မှု - ထိုအရာများအားလုံးသည် အားနည်းသောအမျိုးသမီးတစ်ဦးကို နင်းချေကာ ပြိုလဲစေနိုင်ပေသည်။
ထို့ကြောင့် ကျန်းချိုးယီသည် အရှုံးကိုလက်ခံရန် ရွေးချယ်လိုက်၏။
နှစ်ပေါင်းများစွာ ကြာသောအခါ သူမနှင့် ထန်မျိုးနွယ်သည် သူစိမ်းများကဲ့သို့ ဖြစ်နေတော့သည်။ အထီးကျန်ဆန်လာသော သူမသည် မိန်းကလေးတစ်ဦးကို မွေးစားပြီး ကျန်းရွှဲ့ဟု အမည်ပေးခဲ့၏။
သူမသည် ဘဝထဲတွင် အခြားတန်ဖိုးများကို ရှာတွေ့ခဲ့သည်။ သူမသည် ပရဟိတအတွက် ငွေအမြောက်အမြား လှူဒါန်းခဲ့ပြီး မိဘမဲ့ဂေဟာမှ ကလေးများကို နွေးထွေးစွာ ပြုံးပြနိုင်သူတစ်ဦးဖြစ်သည်။
သို့သော် ည၏တိတ်ဆိတ်မှုအောက်တွင် သူမနှလုံးသားရှိ ဂလိုင်ပေါက်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
အကြီးအကဲထန်မှ ထန်ထျန်းယန်အား အမွေဆက်ခံသူအဖြစ် မြေတောင်မြှောက်ပေးမည်ဟု သတင်းကြားမှသာ သူမသည် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ နှစ်ပေါင်းမည်မျှပင် ကြာသွားစေကာမူ သူမသည် လက်မလွှတ်နိုင်ဆဲဖြစ်သည်။
ထန်ကျိုးသာ ထန်မိသားစုအား အမွေဆက်ခံခွင့်မရှိလျှင် သူမသည် ဤရွံစရာအိမ်ထောင်ထဲတွင် အဘယ်ကြောင့် နှစ်ပေါင်းများစွာ ကြိတ်မှိတ်နေခဲ့မည်နည်း?
သူမ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးသည် အဓိပ္ပာယ်မဲ့ချေတော့မည်။
သို့သော် အစောပိုင်းက လူငယ်လေးသည် တုံ့ဆိုင်းမှုမရှိဘဲ သူမ၏ အတုအယောင် ဣန္ဒြေရှင်မျက်နှာဖုံးကို ခွာချပြီး သူမ၏ပုပ်အက်နေသော ဒဏ်ရာများကို ဖော်ထုတ်ခဲ့သည်။ ရက်ရက်စက်စက် နာကျင်ရသော်လည်း သူမအတွက် မျှော်လင့်ချက်ရောင်ခြည်ကိုလည်း ဆောင်ကြဉ်းပေးခဲ့၏။
(ခင်ဗျားကိုယ်ခင်ဗျား အထင်သေးနေတာပဲ)
ဤစကားလုံးများသည် သူမ၏ခမ်းနားသော အပေါ်ယံဟန်ဆောင်မှုကို အတင်းအကြပ် ခွာထုတ်ပြီး နှစ် ၂၀ စာ စိတ်နှလုံးသားခံတပ်ကို ထိုးခွင်းကာ သူမကို အသိတရားဝင်စေခဲ့သည်။
သူမသည် အလွန်အားနည်းကာ အရည်အချင်းမဲ့လွန်းနေခဲ့၏! သူမဘဝ၏ ပထမ ဆယ်စုနှစ် ၂ စုမှာ ရုပ်သေးရုပ်နှယ်ဖြစ်ခဲ့ပြီး နောက်အနှစ် ၂၀ မှာ ရွှံ့ဗွက်အိုင်တစ်ခုသဖွယ် နေထိုင်ခဲ့သည်။
အခြားသူများမပြောနှင့် သူမသည် သူမကိုယ်သူမပင် အထင်သေးခဲ့လေသည်!
ထန်ကျန်းနှင့် အခြားမိန်းမတစ်ယောက် အောင်မြင်မည်ကို တားဆီးရန်အတွက်နှင့် သူမသည် မဒမ်ထန်ရာထူးတွင် နှစ် ၂၀ ကြာ စိတ်ဆင်းရဲခံပြီး ကြိတ်မှိတ်ရှင်သန်ခဲ့လေသည်။ အဆုံးတွင် ဤရလဒ်ကိုမြင်သောအခါ သူမ အဘယ်သို့ လက်ခံနိုင်မည်နည်း!
ထို့ကြောင့် သူမသည် ဖူရှန်းအား ညှစ်ရလွယ်သည့် တည်သီးတစ်လုံးကဲ့သို့ လွယ်ကူသောပစ်မှတ်ဟု ထင်သဖြင့် ဖူရှန်းအား လာရှာခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုသို့ဆိုလျှင် သူမနှင့် သူမအား ကြိုးကိုင်ခဲ့သူများကြားတွင် ကွာခြားချက်ရှိသလော?
ကျန်းချိုးယီသည် ဣန္ဒြေကိုပြန်ဆယ်ပြီး ဆက်တိုက်ကျဆင်းနေသော မျက်ရည်များကိုသုတ်ကာ မျက်နှာထားမှာလည်း ဖြည်းဖြည်းချင်း ပြတ်သားသောဟန် ပေါ်လာ၏။
ကျန်းချိုးယီထံမှ ဖုန်းဝင်လာသောအခါ ထန်ကျိုးသည် ဖူရှန်းအပါအဝင် အခြားသူများနှင့် အစည်းအဝေးပြီးပြီးချင်းဖြစ်သည်။ သူသည် အေးစက်သောလေသံဖြင့် ဖုန်းကိုင်လိုက်သည်။
“ဘာကိစ္စရှိလို့လဲ?”
သူသည် ကျန်းချိုးယီ၏အသံကို မကြားရသည်မှာ အတော်ပင်ကြာလေပြီ။ ထို့ကြောင့် သူမ၏စကားပြောသောအသံကို ကြားသောအခါ အခိုက်အတန့်တစ်ခုစာမျှ စိတ်ကူးယဉ်အိပ်မက်သဖွယ် ခံစားရလုနီးပါးဖြစ်၏။
“ဒီနေ့ ဖူရှန်းနဲ့တွေ့ခဲ့တယ်”
ထန်ကျိုး လန့်ဖျပ်သွားပြီး ချက်ချင်းဆိုသလို မျက်မှောင်ကိုကြုတ်လိုက်သည်။ ကွယ်ဝှက်ထားသော ရန်အငွေ့အသက်ကြောင့် လေသံမှာလည်း အေးစက်နေ၏။
“ဘာလို့ သူနဲ့တွေ့ခဲ့တာလဲ?”
ကျန်းချိုးယီသည် လိုရင်းကိုသာ ပြောလိုက်သည်။
“သိချင်ရင် ငါ့ကိုလာတွေ့”
ထန်ကျိုးမှ ပါးစပ်မဖွင့်နိုင်ခင် သူမ ဖုန်းချလိုက်သည်။
လျန်းချန်တို့နှင့်အတူ နည်းပညာပိုင်းကိစ္စများကို ဆွေးနွေးနေသော ဖူရှန်းကို သူဝေ့ကြည့်ပြီး အတွေးတစ်ခုက ခေါင်းထဲပေါ်လာသည်။
ဧကန္တ သူမသည် ကောလာဟလများကို ကြားပြီး ဖူရှန်းအား သူနှင့် ဝေးဝေးနေခိုင်းခြင်းလော?!
ထိုသို့ဆိုလျှင် အလွန် အချစ်ကားဆန်လှပေမည်!