Chapter 24

203 35 0
                                    

Villain Sweet Tooth 24

အပိုင်း ၂၄ - သူ့ရင်ခွင်က အရမ်း ငြိမ်းချမ်းတယ်

တွေ့ဆုံရန် ချိန်းထားသောနေရာမှာ စားသောက်ဆိုင်တစ်ဆိုင်ဖြစ်၏။

သားအမိနှစ်ဦးသည် ပထမဆုံးအနေဖြင့် တရားဝင်တွေ့ဆုံခြင်း ဖြစ်သောကြောင့် နှစ်ဦးလုံးသည် တစ်ဦးအပေါ်တစ်ဦး မရင်းနှီးသလို ခံစားနေရသည်။ ဟင်းပွဲများ မရောက်သေးခင်အထိ သူတို့သည် စကားတစ်ခွန်းမှ မဟကြချေ။

အချို့ကိစ္စများကို ရင်ထဲတွင် ဖြေရှင်းလိုက်ပြီဖြစ်၍ ကျန်းချိုးယီသည် ထန်ကျိုးကို ရင်ဆိုင်သောအခါ ယခင်ကကဲ့သို့ အေးစက်စူးရှသော အသွင်အပြင်မျိုး မရှိတော့ချေ။

သူမနှင့် နီးကပ်စွာရှိနေသော သားဖြစ်သူကို သူမသေချာ အကဲခတ်လိုက်၏။

ချောမောသောရုပ်ရည်၊ ထူးခြားလှသောဟန်ပန်ရှိသော ထန်ကျိုးသည် အေးစက်သောမျက်နှာထားမှလွဲ၍ သူ၏ဖြစ်တည်မှုတစ်ခုလုံးတွင် ပြစ်ချက်ရှာမတွေ့ချေ။ သူ့အား အချိန်အတော်ကြာ ကြည့်ပြီးနောက် သူမသည် အကြည့်ကို ရုပ်သိမ်းပြီး တူကိုကောက်ကိုင်၍ ပြောလိုက်သည်။

“အရင်ထမင်းစားရအောင် ဟင်းတွေအေးကုန်တော့မယ်”

ထန်ကျိုးသည် နေရခက်နေသော်လည်း မိမိဝမ်းရေးအား သစ္စာမဖောက်ပါချေ။ သူသည် မိမိအကြိုက်ဆုံးဟင်းပွဲများကို ကောက်ယူပြီး ဖြည်းဖြည်းချင်း စားတော့သည်။

သူသည် စာရိတ္တတရားနှင့် ယဥ်ကျေးမှုအား အရိုးထဲ ရေးထိုးထားသကဲ့သို့ ထမင်းစားနေချိန်တွင် အသံတစ်သံမှ မထွက်ချေ။ မျက်လွှာချထားသဖြင့် သူ၏မျက်လုံးအောက်တွင် မျက်တောင်၏ အရိပ်များ ကျနေသည်။ ထို့ကြောင့် သူသည် ခါတိုင်းထက် နူးညံ့ညင်သာသောဟန်ပန် ရှိနေလေသည်။

ကျန်းချိုးယီသည် မိမိဘာသာ ပြုံးမိသွား၏။ သူမသည် စိတ်လွတ်သွားတော့မလို ခံစားရသည်။ သူမသားသည် အေးစက်ပြီး မာနကြီးသောလူဟု အပြင်လူများက အမြဲတစေ ပြောနေခဲ့ကြသော်လည်း လက်တွေ့တွင် အဘယ်ကြောင့် ဤမျှလောက် နူးညံ့ပြီး ချစ်စရာကောင်းနေရသနည်း?

ထန်ကျိုးသည် မေးစရာမေးခွန်းများစွာ ရှိနေသော်လည်း ကျန်းချိုးယီမှ မပြောသဖြင့် သူလည်း စမပြောချင်ပေ။

ဖူရှန်းနှင့် သူ၏ဆက်ဆံရေးမှာ အတုအယောင်ဖြစ်သော်လည်း အခြားသူများက ၎င်းကို မသိထားကြချေ။ ကျန်းချိုးယီသည် ဖူရှန်းအား မပြောသင့်သောစကားများ ပြောမိလိုက်မည်ကို သူစိုးရိမ်မိ၏။ ဖူရှန်းမှာ မည်သည့်အခြေအနေမဆို လိုက်လျောညီထွေ နေတတ်သောသူ ဖြစ်လင့်ကစား ဤကိစ္စရပ်သည် မိမိကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သောကြောင့် ဖူရှန်းသာ မထိုက်တန်ဘဲ အပြစ်တင်ခံခဲ့ရလျှင် သူသည် မလုံမလဲစိတ်ဖြင့် နေရခက်မိပေမည်။

ထို့အပြင် မိမိအတွက် ဤသို့ခွေးသွေးဆန်သော ဇာတ်လမ်းမျိုး ကြုံတွေ့ရသည်မှာ ထူးဆန်းလှသည်။

သားအမိနှစ်ဦးသည် အချင်းချင်းတွေးတောနေရင်းဖြင့် စားသောက်ခြင်း ပြီးဆုံးသွား၏။

ကျန်းချိုးယီသည် ထန်ကျိုးသဘောကျ၍ တူဖြင့်လိုက်ယူထားသော ဟင်းပွဲများကို စိတ်ထဲ၌ မှတ်ထားလိုက်သည်။ သူမသည် လေးနက်သောမျက်နှာထားဖြင့် မေးလိုက်၏။

“သူ့ကို တကယ် သဘောကျတာလား?”

ထန်ကျိုးသည် မျက်တောင်များကိုပင့်ကြည့်လိုက်၏။ ဖန်သားသဖွယ် ကြည်လင်လှသော သူ၏ အညိုနုရောင်မျက်ဆံများထဲတွင် စိတ်မရှည်မှုတစ်မျိုးကို ကွယ်ဝှက်ထားသည်။

“အမေ သူ့ကို ဘာတွေ ပြောလိုက်တာလဲ?”

ကျန်းချိုးယီအမှန်အတိုင်း‌ဖြေလိုက်သည်။

“သား‌ဘေးနားက ထွက်သွားဖို့ ပြောလိုက်တာ”

ထန်ကျိုး - “...”

အမှန်တကယ်ပင် မြင်နေကျ ခွေးသွေးဇာတ်လမ်းပါပင်။

ဖူရှန်း သနားစရာကောင်းလှသည်။

“ဒါပေမယ့် သူသဘောမတူဘူး”

ကျန်းချိုးယီ ဆက်ပြောသည်။

“သူ့ကြည့်ရတာ သားအပေါ် တကယ့်ခံစားချက်တွေ ရှိနေတဲ့ပုံပဲ”

ထန်ကျိုးအကြောင်းပြောပါက ဖူရှန်းဟူသောကောင်လေး၏ မျက်လုံးထဲတွင် အကြည့်များပြောင်းလဲသွားကြောင်း သူမ မြင်နိုင်ပေ၏။ သို့သော် တစ်ဖက်လူမှာ သရုပ်ဆောင်သည့်အရာ၌ ကျွမ်းကျင်ခြင်းလည်း ဖြစ်နိုင်သည်ဟူသောအချက်ကိုလည်း ဖယ်ထုတ်၍မရပေ။

ထန်ကျိုး ထရယ်လုမတတ်ဖြစ်သွား၏။

တကယ့်ခံစားချက်?

ဖူရှန်းမှာ သူ၏ရင်းနှီးမြှုပ်နှံမှုအပေါ်သာ စိတ်ဝင်စားလေ၏။ ဤတကယ့်ခံစားချက်များသည် မည်သည့်နေရာကလာမည်နည်း?

သူသည် ခံစားချက်ကင်းမဲ့သောမျက်နှာဖြင့် ပြောလိုက်သည်။

“အနာဂတ်မှာ ဒီလိုမျိုးတွေ ထပ်မလုပ်ရင်ကောင်းမယ်”

သူ၏ ဤပုံစံကို ရင်ဆိုင်ရသောအခါ ကျန်းချိုးယီသည် အလိုလိုပင် အနည်းငယ်တွန့်ဆုတ်မိသွား၏။ သို့သော် ယနေ့ရည်ရွယ်ချက်ကို တွေးလိုက်သောအခါ သူမသည် သတ္တိကိုမွေးပြီး ပြောလိုက်တော့သည်။

“ဒီတိုင်းမေးစရာတစ်ခုရှိလို့ ထန်မိသားစုကို လိုချင်လား မလိုချင်ဘူးလား?’

ထန်ကျိုး အံ့အားသင့်သွားသည်။

သူ၏ဘဝ အနှစ် ၂၀ ကျော်အတွင်း အနားတွင်သိပ်မရှိခဲ့သော မိခင်ဖြစ်သူသည် ယခုတွင် သူ့အား နူးညံ့လုနီးပါးဖြစ်နေသော မျက်လုံးများနှင့် ကြည့်ကာ သူ၏အဖြေကို တောင်းခံနေလေသည်။

ဤသည်မှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ရမည်ဟု သူထင်မှတ်မိ၏။

သူသည် အိပ်မက်ထဲ၌ ထန်မိသားစုအား ကယ်တင်ရန် ကြိုးစားပြီး ကုန်းကောက်စရာ မရှိတော့သောအချိန်တွင်ပင် ကျန်းချိုးယီထံမှ ရခဲ့သမျှဟူ၍ သူမ၏အေးစက်သော သူစိမ်းဆန်မှုသာရှိသည်။

ထန်ကျိုးသည် မိမိ၏မိသားစုဝင်များထံမှ စွန့်ပစ်ခံရသော ခံစားချက်အား ဒုတိယအကြိမ် မခံစားလိုပါပေ။

သူ၏နှလုံးသားထဲရှိ ကွယ်ဝှက်ထားသော အငြိုးမှာ ခိုင်မာသော ရန်လိုမုန်းတီးမှုအဖြစ် အသွင်ပြောင်းသွားခဲ့၏။ သူသည် လေသံပြတ်ပြတ်ဖြင့် ဖြေလိုက်သည်။

“ဘယ်တုန်းကမှ ကျွန်တော့်ကို ဂရုမစိုက်ခဲ့ဘဲနဲ့ အခုမှ ဘာလို့ လာမေးနေတာလဲ?”

လူငယ်လေး၏မျက်လုံးများသည် အနည်းငယ်နီမြန်းနေပြီး သူ၏မေးခွန်းထုတ်နေသောလေသံမှာ ကြမ်းတမ်းလှသည်။ သို့သော် ကြားရသောလူ၏ရင်ထဲ နာကျင်စေ၏။

ကျန်းချိုးယီ၏နှလုံးသားသည် အပ်များနှင့် ထိုးစိုက်ခံရသကဲ့သို့ ရင်ဘတ်တစ်ခုလုံး နာကျင်မှုလှိုင်းဒဏ်က ပျံ့နှံ့သွားကာ မျက်ရည်ကျလုနီးပါးဖြစ်သွား၏။

သူမသည် ထန်မိသားစုကို ရွံမုန်းသော်လည်း သူမကိုယ်တိုင်က မည်သည့်နေရာတွင် ရပ်တည်ခဲ့သနည်း? ထိုကလေးငယ်လေးအား သွေးအေးလှသော အိမ်ကြီးထဲတွင် ထားရစ်ခဲ့သော သူမမှာ အဘယ်မျှလောက် နှလုံးသားကင်းမဲ့ပါသနည်း?

ထိုအခိုက်အတန့်တွင် ကျန်းချိုးယီသည် အမှန်ပင် နောင်တရမိသည်။

သူမသည် မျက်လုံးများကိုပွတ်ပြီး အက်ရှသောလေသံဖြင့် ပြောလိုက်သည်။

“သားလိုချင်ရင် အမေက သားအတွက် တိုက်ယူပေးမယ်၊ မလိုချင်ဘူးဆိုရင်တော့ အမေလည်း ဂရုမစိုက်တော့ဘူး”

သူမ၏နောက်ဆုံးစကားတွင် နွမ်းနယ်ပင်ပန်းသောလေသံကို ထန်ကျိုး အာရုံခံမိသောကြောင့် အံ့သြသွားသည်။

“အမေ ဘာပြောတာလဲ?”

ကျန်းချိုးယီသည် အပြုံးတစ်ခုဖြင့် စကားလမ်းကြောင်းလွှဲလိုက်သည်။

“သားက ယောက်ျားလေးတွေပဲ ကြိုက်တာလား?”

ထန်ကျိုးသည် လက်ဖက်ရည်ခွက်ကို ငုံ့ကြည့်လိုက်၏။

သူသည် ယောက်ျားလေးများဖြစ်စေ မိန်းကလေးများဖြစ်စေ နှစ်သက်ခဲ့ဖူးခြင်းမရှိပေ။ မိမိကိုယ်တိုင်ပင် အဖြေမသိသော မေးခွန်းအား မည်သို့ဖြေဆိုရမည်နည်း?

သို့သော် သူ၏တိတ်ဆိတ်သွားသောပုံစံကြောင့် ဝန်ခံခြင်းတစ်မျိုးဟု ကျန်းချိုးယီမြင်သွားသည်။ အရာအားလုံးကို နားလည်သွားသောအခါ သူမသည် ဆန့်ကျင်ရခက်ခဲသွားလေ၏။

လူတစ်ဦး၏ဘဝသည် ဆယ်စုနှစ်အနည်းငယ်ခန့်သာ ကြာလေသည်။ သူမသည် အနှစ် ၄၀ စာကို သူများတက်နင်းရာ ဗွက်အိုင်တစ်ခုအနေဖြင့် ရှင်သန်ခဲ့၏။ အခြားသူများအမြင်တွင် သူမဘဝအား ပျော်ရွှင်ပြည့်ဝသော ဘဝတစ်ခုဟု ထင်နိုင်သော်လည်း သူမ နှလုံးသားထဲရှိ ခါးသီးမှုကို မည်သူက နားလည်နိုင်မည်နည်း?

မိမိမချစ်မနှစ်သက်သောသူနှင့် လက်ထပ်ရန် ကံကြမ္မာပါလာပါက ထိုအစား မိမိနှစ်သက်သောသူနှင့် တစ်ဘဝလုံး ဖြတ်သန်းရသည်က ပိုကောင်းပေသည်။

“သားကို တစ်ဘဝလုံး အဖော်ပြုပေးနိုင်တယ်ဆိုရင် မဆိုးပါဘူး”

ကျန်းချိုးယီသည် အနည်းငယ် သက်ပြင်းချလိုက်၏။

“ဒါပေမယ့် နည်းနည်းတော့ မာန်တက်တဲ့ကလေးပဲ”

သူမသည် ထန်ကျိုး ဒုက္ခခံရမည်စိုးသဖြင့် ဤလူငယ်လေးနှင့် ပတ်သက်၍ စကားကိုဖော့မပြောပေ။ သူမသည် လူကြီးဖြစ်သည့်တိုင် ထိုကောင်လေးသည် သူမအပေါ် ယဥ်ကျေးမှုမရှိသဖြင့် ထန်ကျိုးလည်း စိတ်ဆင်းရဲရမည်ကို ကျန်းချိုးယီ စိတ်ပူမိ၏။

ထန်ကျိုး - “...”

(သူက မာန်တက်တယ်?)

အပြင်ပန်းတွင် ယဉ်ကျေးသိမ်မွေ့ဟန်ပေါက်သော်လည်း အတွင်းတွင် အခြားသူများအားလုံးထက် အာဏာရှင်ဆန်သော ဖူရှန်းဆိုလျှင် ထိုသို့ဖြစ်နိုင်ပေသည်။ ထို့အပြင် သူသည် စေ့စပ်သေချာကာ အငြိုးကြီးပြီး အနည်းငယ်မျှ အရှုံးမခံပေ။

(ကျစ် ငါဘာလို့ သူ့အကြောင်းပဲ တွေးမိနေတာလဲ?)

ဖူရှန်း၏ပုံရိပ်အား သူ့အတွေးထဲမှ နှင်ထုတ်ပြီးနောက် ထန်ကျိုး မတ်တတ်ရပ်ကာ ပြောလိုက်သည်။

“စကားပြောစရာမရှိတော့ဘူးဆိုရင် ကျွန်တော်အရင်သွားတော့မယ်”

ကျန်းချိုးယီ ပျာပျာသလဲဖြစ်သွားသည်။

“ထန်မိသားစုကို လိုချင်လား မလိုချင်ဘူးလား မဖြေရသေးဘူးလေ”

ထန်ကျိုး အေးအေးဆေးဆေးဖြင့် ပြန်ဖြေလိုက်သည်။

“အဲဒါ ကျွန်တော့်ကိစ္စပါ ကျွန်တော်ကြည့်လုပ်လိုက်မယ်”

ထိုသို့ပြောပြီးနောက် ကျန်းချိုးယီအား စကားပြောခွင့်ပင် မပေးဘဲ ခြေလှမ်းကျဲကြီးများဖြင့် စားသောက်ဆိုင်မှ ထွက်သွားသည်။

ကားထဲပြန်ရောက်သောအခါ ထန်ကျိုးသည် ကားထိုင်ခုံပေါ်မှီပြီး သက်ပြင်းရှည်ကြီးတစ်ခုအား ချလိုက်၏။ သူသည် ဆေးလိပ်သောက်ချင်စိတ် ပေါ်လာပြန်သည်။

သူ၏လက်သည် ကားအံဆွဲဆီသို့ လှမ်းနေစဥ်တွင် ဖူရှန်း၏စကားများက သူ၏နားထဲတွင် ပဲ့တင်ထပ်လာသဖြင့် သူသည် အလိုလိုပင် လက်ကိုရုပ်သိမ်းလိုက်သည်။

သူနားမလည်ပါချေ။ သူမသည် သူ့အား လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ထားခဲ့သည်ဖြစ်ရာ ယခုမှ အဘယ်ကြောင့် သူ့ဆီပြန်လာရသနည်း? အမွေဆက်ခံသူကိစ္စကြောင့်လော?

သို့သော် ကျန်းချိုးယီမျက်လုံးထဲရှိ နူးညံ့သောအလင်းရောင်နှင့် သူမ၏ညင်သာသောလေသံမှာ အတုအယောင်ဖြစ်ဟန်မရချေ။ ဤသည်မှာ သူ၏စိတ်ကူးထဲတွင် မှတ်မိနေသော မိခင်ဖြစ်သူ၏ ပုံရိပ်နှင့် တခြားစီဖြစ်သော်လည်း... တုနှိုင်းမရသော ညှို့ဓာတ်တစ်မျိုးလည်း ရှိနေ၏။

မေ့ထားသည်မှာ ကြာပြီဖြစ်သော ခါးသီးမှုက ရင်ထဲတွင် လျှံထွက်လာသည်။ ထန်ကျိုးသည် လက်ကိုမြှောက်၍ မိမိမျက်လုံးများကို အုပ်လိုက်၏။ မျက်ထောင့်စွန်းတွင် ထွက်ပေါ်လာစပြုနေသော မျက်ရည်အစအနများကို ဖုံးကွယ်ရန် ကြိုးစားနေခြင်းဖြစ်သည်။

သူသည် ဆက်လက်၍ မိမိကိုယ်ကို ဒေါသတကြီးဝေဖန်လိုက်သည်။ ဤသည်မှာ အပေါ်ယံဆန်သော စိတ်ပူခြင်းတစ်ခုသာဖြစ်သည် မဟုတ်လော? သူအာရုံစိုက်စရာအကြောင်းမရှိပါပေ။

အမှန်ပင် သူအာရုံစိုက်စရာမလိုချေ...

သူသည် ကားထဲတွင် ဆယ်မိနစ်မျှ တိတ်ဆိတ်စွာထိုင်ပြီးနောက် ဣန္ဒြေပြန်ဆယ်ကာ မိမိအိမ်သို့ ကားမောင်းပြန်လိုက်သည်။

အိမ်ထဲသို့ဝင်သောအခါ ဧည့်ခန်းထဲရှိ မီးရောင်မှုန်မှုန်က သူ၏မျက်လုံးများကို ကြိုဆိုလိုက်သည်။ ချက်ချင်းဆိုသလို သူ၏အေးစက်သောနှလုံးသားထဲ အနွေးဓာတ်တစ်ခုက ပြည့်သွား၏။

ဖူရှန်းသည် ဆိုဖာပေါ်တွင်ထိုင်ရင်း အလုပ်ကိစ္စများကို လုပ်ဆောင်နေသည်။ သူသည် လူသံကြားသဖြင့် လှည့်ကြည့်လိုက်သောအခါ သူ၏ပယင်းရောင်မျက်လုံးများသည် ချက်ချင်းဆိုသလို ပြုံးယောင်သန်းပြီး တောက်ပသွား၏။ သူသည် မတ်တတ်ရပ်၍ ထန်ကျိုးဆီလျှောက်လာပြီး ဖိနပ်ဗီရိုထဲမှ အိမ်တွင်းစီးဖိနပ်ပါးများကို ထုတ်လိုက်သည်။ ထို့နောက် ကုန်း၍ ထိုဖိနပ်ပါးများကို ထန်ကျိုးအရှေ့တွင် ချပေးပြီး မေးလိုက်၏။

“ထမင်းစားပြီးပြီလား?”

ထူထဲသောမျက်ခုံးများ၊ နက်မှောင်လေးနက်သော မျက်လုံးများကို ပိုင်ဆိုင်သည့် လူငယ်ချောချောလေးသည် လက်ရှိအချိန်တွင် တစ်စုံတစ်ဦးအပေါ်သာ အာရုံရှိသည်။ သူ၏မျက်ဆံများထဲတွင် ထင်ဟပ်နေသော လူပုံရိပ်လေးမှာ ကြမ်းပြင်ပေါ်ရှိ ဖိနပ်ပါးများကိုသာ ငေးတိငေးကြောင်ဖြင့် ကြည့်ရင်း စကားတစ်ခွန်းမှ မပြောချေ။

သူ၏စိတ်အခြေအနေမှာ မကောင်းကြောင်း အာရုံခံမိသော ဖူရှန်းမှာ နွေးထွေးစွာဖြင့် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ?”

ထန်ကျိုးသည် ဖိနပ်များကိုစီးပြီးနောက် သူ့ကိုမော့ကြည့်လိုက်၏။ သူ၏မျက်လုံးများမှာ အနည်းငယ် နီမြန်းနေပြီး လေသံမှာ တိုးဖွနေသည်။

“ဆေးလိပ်သောက်ချင်တယ်”

ဖူရှန်း မျက်ခုံးတစ်ဖက်ပင့်လိုက်၏။

“... မရဘူး”

ထန်ကျိုးသည် နှာကိုရှုံ့ပြီး အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။

“ငါဒီတိုင်း ဆေးလိပ်ပဲသောက်ချင်တယ်”

သူသည် အစက ဝမ်းနည်းမှု မပြင်းထန်သော်လည်း အိမ်တံခါးထဲသို့ဝင်၍ နွေးထွေးလုံခြုံသောအိမ်နှင့် သူ့ဆီသို့ အပြုံးတစ်ခုဖြင့် လာနေသည့် ဖူရှန်းကို မြင်လိုက်သော ထိုခဏတာ အခိုက်အတန့်တွင် နှလုံးသားထဲရှိ နာကျင်ဝမ်းနည်းမှုအဟုန်သည် တစ်ခါတည်း ပြိုဆင်းကြလာတော့သည်။

သူသည် လူမှန်းသိတတ်စအရွယ်ကတည်းကပင် တစ်ခါမှ မငိုခဲ့ဖူးချေ။ မိမိအိပ်မက်ထဲရှိ အအေးစက်ဆုံးသော အခိုက်အတန့်များတွင်ပင် မငိုခဲ့ပေ။

သို့သော် ယခုတွင် သူ၏နှာခေါင်းများ ရိုးတိုးရွတဖြစ်နေပြီး လည်ချောင်းလည်း ခြောက်ကပ်ကာ စိတ်ကိုထိန်းမရဖြစ်နေ၏။ သို့သော် သူသည် ဆက်လက်၍ ထိုစိတ်ကိုချိုးနှိမ်ထားပြီး ဆေးလိပ်သောက်ခြင်းမှတစ်ဆင့် ဖွင့်ထုတ်ချင်မိသည်။

ထိုအညိုနုရောင်မျက်လုံးများထဲတွင် ရေခိုးငွေ့များ ဝိုင်းနေပြီး လူမမြင်အောင် နောက်ဆုတ်နေကြောင်း တွေ့သောအခါ ဖူရှန်း၏နှလုံးသားသည် ပျော့ပျောင်းသွား၍ ခါးသီးမှုအနည်းငယ်ကို ခံစားလိုက်ရသည်။

သူသည် ထန်ကျိုး၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး ဆိုဖာ‌ပေါ်တွင် လိမ်လိမ်မာမာဖြင့် ထိုင်ခိုင်းလိုက်သည်။

“ဆေးလိပ်သောက်မယ့်အစား အရက်သောက်မယ်ဆိုရင်ရော?”

ထန်ကျိုးသည် မျက်တောင်မခတ်ဘဲ သူ့ကိုမော့ကြည့်လိုက်၏။

“ဒါပေမယ့် ငါဘယ်လိုသောက်ရမလဲဆိုတာ မသိဘူး”

ဖူရှန်းပြုံးကာ ရေခဲသေတ္တာဘက်သို့လှည့်ပြီး ဘီယာနှစ်ဘူးဆွဲထုတ်၍ တစ်ဘူးကို ထန်ကျိုးဆီ ကမ်းပေးလိုက်သည်။

“စမ်းသောက်ကြည့်ပေါ့”

ဝမ်းနည်းနေသော လူငယ်လေးသည် အစက ယူရန် ချီတုံချတုံဖြစ်နေသော်လည်း ဖူရှန်းမှ ဦးဆောင်၍ တစ်ငုံသောက်လိုက်သောအခါ သူလည်း တစ်ငုံမျှ သောက်လိုက်သည်။

အဝင်အေးသော်လည်း သိပ်မကြာခင်တွင် သူ၏မျက်နှာနှင့် တစ်ကိုယ်လုံး နွေးသွားတော့သည်။

သူသည် အမှန်ပင် အရက်သောက်နိုင်စွမ်းမရှိပါချေ။ ဘူးတစ်ဝက်ဖြင့်ပင် အနည်းငယ်မူးဝေလာကာ မျက်လုံးများ ငိုင်တွေသွားသည်။ သူသည် မိမိရှေ့မှောက်ရှိလူကို စူးစိုက်ကြည့်၍ မေးလိုက်၏။

“ဘာလို့ ဖူရှန်း နှစ်ယောက်ဖြစ်နေတာလဲ...?”

ဖူရှန်း မတ်တတ်ရပ်ကာ သူ့လက်ထဲမှ ဘီယာဘူးကို ပြန်ယူချင်ဟန်ဆောင်လိုက်၏။

“မူးနေပြီ ဆက်မသောက်နဲ့တော့”

“ဟင့်အင်း!”

ထန်ကျိုးသည် ပြောရခက်စွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

“ငါသောက်ဦးမှာ!”

သူသည် နောက်ထပ်အနည်းငယ် မော့သောက်လိုက်သည်။

သူ၏နှုတ်ခမ်းစွန်းမှ ဘီယာပမာဏအနည်းငယ် စီးကျနေပြီး ကျက်သရေဆောင်လှသော မေးရိုးအတိုင်းဆင်းလာကာ သူ၏သွယ်လျဖြူဖွေးသော လည်တိုင်မှတဆင့် သူ၏ညှပ်ရိုးထဲတွင် သွားလိုက်ပြန်လိုက်ဖြစ်နေ၏။ သတ္တိရှိလျှင် လာလျက်ရန် စိန်ခေါ်နေသည့်အတိုင်းပင်။

ဖူရှန်း၏မျက်လုံးများ ချက်ချင်းဆိုသလို မှောင်ရိပ်သန်းသွားပြီး တစ်ရှူးတစ်စဆွဲထုတ်၍ သုတ်ပေးလိုက်သည်။ သတိကြီးလှသော လှုပ်ရှားမှုမျိုးဖြင့် သူသည် အဝါနုရောင်အရည်ကို သုတ်လိုက်သောအခါ အောက်ဘက်မှ ဖြူဖွေးနုနယ်သော အသားအရေကို လှစ်ဟ မြင်လိုက်ရသည်။

သူ၏အထိအတွေ့မှာ လွန်စွာနူးညံ့လှသဖြင့် ထန်ကျိုးသည် အနည်းငယ် ယားကျိကျိဖြစ်လာသည်။ သူသည် ကြောင်ငေးနေရင်း ဖူရှန်းလက်အား တွန်းထုတ်ကာ နီမြန်းနေသောမျက်လုံးများဖြင့် မကျေမနပ်ရွတ်လိုက်၏။

“ဘာလို့ ငါ့ကို အနိုင်ကျင့်နေတာလဲ?”

ဖူရှန်းသည် လက်ထဲရှိ နူးညံ့သောတစ်ရှူးအား ကျစ်ကျစ်ဆုပ်လိုက်၏။ သူ၏အကြည့်မှာ စူးရှပြီး ညှို့မှိုင်းနေသည်။

“ကျွန်တော်က အစ်ကို့ကို အနိုင်ကျင့်တယ်?”

ထန်ကျိုးသည် သူ၏လည်တိုင်ကို လက်ဖြင့်အုပ်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် မျက်ရည်များ ဝိုင်းလာသော်လည်း တစ်စက်မှ မကျပေ။

“မင်းငါ့ကို ဒီလိုယားအောင်လုပ်နေတာလေ”

ဖူရှန်းသည် စိတ်ထဲ၌ သက်ပြင်းချလိုက်မိ၏။ ထန်ကျိုးသည် ငိုချင်စိတ်ရှိလျှင်ပင် ရှိသမျှအင်အားဖြင့် ထိုစိတ်အား ချုပ်တည်းထားမည့်လူဖြစ်သည်။ အရက်ကြောင့်မဟုတ်လျှင် သူသည် ဤတစ်ညလည်း ချုပ်တည်းရပေဦးမည်။

“ဒီမှာပေနေတာရှိလို့ ကျွန်တော်သုတ်ပေးမယ်”

ဖူရှန်းသည် စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်သည်။

ထန်ကျိုးသည် သူ့အား စက္ကန့်ပိုင်းမျှ စူးစိုက်ကြည့်ပြီး အေးစက်စွာဖြင့် ဟက်ခနဲအသံပြုကာ ဘေးသို့လှည့်၍ သူ့ကိုမကြည့်တော့ချေ။

“အင်းပါ အင်းပါ ကျွန်တော့်အမှားပါ၊ အစ်ကို့ကို ယားအောင်လုပ်မိတာ တောင်းပန်ပါတယ် အဲ့တော့ စိတ်မဆိုးပါနဲ့တော့”

ဖူရှန်းသည် သူ့အရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး ရွှတ်နောက်နောက်ဖြင့် သူ၏အင်္ကျီစအား ဆွဲလိုက်သည်။

သူတောင်းပန်လိုက်ပြီဖြစ်ကြောင်း ထန်ကျိုးမြင်သောအခါ ခွင့်လွှတ်ပေးလိုက်လေသည်။ သူသည် ဖူရှန်းဘက် ပြန်လှည့်လာသောအခါ သူ၏မျက်ထောင့်စွန်းမှ ရွှန်းစိုနေသောမျက်ရည်တစ်စက် စီးကျလာ၏။

သူသည် မိမိကိုယ်ကို လန့်ဖျပ်၍ ကြက်သေသေသွားပြီး သူ၏လက်ဖျားထိပ်ဖြင့် ညင်သာစွာသုတ်ကာ တီးတိုးရေရွတ်လိုက်သည်။

“ဒါဘယ်လိုဖြစ်နိုင်မှာလဲ?”

ဖူရှန်းမှ သူ့အားနှစ်သိမ့်ရန် ပြင်နေဆဲတွင် လူငယ်လေးသည် ရုတ်ခြည်းဆိုသလို မတ်တတ်ရပ်ပြီး ဒယီးဒယိုင်ဖြင့် အခန်းထဲ တစ်ဟုန်ထိုးဝင်သွားသည်။ ဖူရှန်းလည်း စိတ်မချသဖြင့် သုတ်သီးသုတ်ပျာလိုက်သွားလေသည်။

သူလိုက်ဝင်သွားသောအခါ မြင်လိုက်ရသောမြင်ကွင်းကြောင့် ကြက်သေသေသွား၏။

ဗီရိုတံခါးကို အဟောင်းသားဖွင့်ထားပြီး ထန်ကျိုးမှာ သူ့ကိုကျောခိုင်း၍ ကုတင်စွန်းတွင် ထိုင်နေသည်။ ထန်ကျိုးသည် လက်မောင်းထဲတွင် အမွေးပွဝက်ဝံရုပ်ကြီးတစ်ရုပ်အား ဖက်ထားပြီး မလှုပ်မယှက်ဖြင့် ရှိနေ၏။

ဖူရှန်းသည် တံခါးဝနားတွင် အချိန်တစ်ခုစာမျှ ရပ်ကြည့်ပြီးနောက် သူ၏နားထဲသို့ တိုးဖွသောရှိုက်သံများ ဝင်လာမှသာ အသိပြန်ဝင်လာတော့သည်။ ထိုအခါ လေးလံသောခံစားချက်တစ်ခုက မိမိရင်ကို ဖိလိုက်သဖြင့် နာကျင်လုနီးပါးဖြစ်စေ၏။ ထိုခံစားချက်ဖြင့် သူသည် ထန်ကျိုးဆီ လျှောက်သွားလိုက်သည်။

လူငယ်လေးသည် သူ၏မျက်နှာတစ်ခုလုံးအား ဝက်ဝံရုပ်၏ အမွေးထဲ နှစ်မြှုပ်ထားပြီး သူ၏သွယ်လျသောပခုံးများမှာ အတန်ငယ်တုန်ယင်နေ၏။

ငိုနေသည့်တိုင် အသံတစ်သံမှ မထွက်ရန် မိမိကိုယ်ကို ထိန်းချုပ်ထားသည်။ သူသည် မိမိကိုယ်ကို ထိန်းသိမ်းလွန်းသဖြင့် ဖူရှန်း၏နှလုံးသားကို ကျွံဝင်သွားစေ၏။

သူစိတ်ရှိသလောက် ငိုနိုင်ရန် လွှတ်ထားပေးရမည်ဖြစ်ကြောင်း ဖူရှန်းသိသော်လည်း ထန်ကျိုးသည် ဝက်ဝံရုပ်ကြောင့် အသက်ရှူကျပ်မည်ကို အမှန်ပင် စိုးရိမ်မိသဖြင့် သူ တီးတိုးပြောလိုက်၏။

“ဒီလိုလုပ်နေရင်း ဝက်ဝံရုပ်ကြီး အသက်ရှူကျပ်လိမ့်မယ်”

ဝက်ဝံရုပ်အား ဖက်ထားသော လူငယ်လေးသည် ခေတ္တမျှရပ်တန့်ပြီး သူ၏မျက်နှာတစ်ဝက်ကို ဖြည်းဖြည်းချင်း မော့လိုက်၏။ သူ၏မျက်လုံးများမှာ ငိုကြွေးထားသဖြင့် နီမြန်းနေပြီး သနားကမားမျက်နှာလေးဖြင့် ဖူရှန်းအား ကြည့်နေသည်။

“ဒါဆို ဘာလုပ်ရမလဲ?”

“ကျွန်တော်ကတော့ အသက်ရှူမကျပ်တတ်ဘူး”

မျက်တောင်များတွင် မျက်ရည်များ တွဲလွဲခိုနေသော ထန်ကျိုးသည် ထိုစကားကြောင့် ဇဝေဇဝါဖြစ်သွား၏။

ဖူရှန်းသည် ထိုဝက်ဝံရုပ်အား ဘေးဖယ်ကာ သူ့အား ရင်ခွင်ထဲ ထည့်လိုက်သည်။

“ကျွန်တော်ကတော့ အသက်ရှူကျပ်မှာ မဟုတ်ဘူးလို့”

နွေးထွေးနူးညံ့သောဓာတ်တစ်မျိုးက ထန်ကျိုးကို အပြည့်အဝ ဖုံးလွှမ်းသွားသည်။ ဤယောက်ျား၏ ထွေးပွေ့ထားမှုသည် မိုးဒဏ်လေဒဏ်အစုံကို အံတုနိုင်သကဲ့သို့ သူ၏နှလုံးသားကို ချက်ချင်းဆိုသလို ငြိမ်းချမ်းစေ၏။

ချိုတာကြိုက်တဲ့ဗီလိန်လေး Where stories live. Discover now