Villain Sweet Tooth 5.2
အပိုင်း ၅.၂ - ခန္ဓာကိုယ် ရောင်းစားပြန်ပြီလား"ချောင်ယွမ် တစ်ခုခုဖြစ်လို့ မင်းသူ့ကို မကူညီနိုင်ရင် ဘယ်လိုလုပ်မလဲ?"
ထန်ကျိုး မေးလိုက်သည်။
"ရှောင်ယွမ်က ဘာများဖြစ်နိုင်မှာလဲ?"
လုယဲ့သည် အတွေးနယ်ထဲ စီးမြောသွားဟန်ရသည်။ ထို့နောက် သူဆက်ပြောလိုက်၏။
"ခဏလေး ဖူမျိုးရိုးနာမည်နဲ့ကောင်က ရှောင်ယွမ်ကို အန္တရာယ်ပေးနိုင်တယ်လို့ ပြောနေတာလား? သူသာလုပ်ရဲလို့ကတော့ ငါသူ့ကို အလွတ်မထားဘူး!"
ထန်ကျိုး ဆွံ့အသွားသည်။
သူ၏အိပ်မက်ထဲတွင် လုယဲ့နှင့် ချောင်ယွမ်တို့နှစ်ဦးလုံးသည် ဖူရှန်း၏ အကြံအစည်များကြောင့် ဒုက္ခခံစားရပြီး အရှုပ်အထွေးထဲ ကျရောက်တတ်စမြဲဖြစ်သည်။
သူသည် မိမိမျက်ရိုးကို နှိပ်လိုက်၏။
"လုယဲ့ မင်းသူ့ကို အထင်မသေးနဲ့"
လုယဲ့သည် ဇဝေဇဝါဖြစ်နေဟန်ရသွား၏။
"မင်းဘာဖြစ်နေတာလဲ ထန်ကျိုး? သူက ဘာမို့လို့လဲ? ကျောင်းသားငမွဲ တစ်ယောက်သာသာပဲ ငါတို့နဲ့ ဘာများယှဥ်နိုင်မှာတဲ့လဲ?"
ဖူရှန်းသည် Deep Blue နည်းပညာကို တစ်ဦးတည်းအင်အားဖြင့် ထူထောင်ခဲ့ပြီး ချောင်ချန်အမ်းအား ဒုက္ခပေး၍ သူ့အသက်ဆုံးရှုံးအောင် လုပ်နိုင်ခဲ့ရုံမက စီးပွားရေးလောကတွင် သူဌေးကြီးတစ်ဦးအဖြစ်လည်း လျင်မြန်စွာ ခုန်တက်နိုင်ခဲ့သည်။
သို့သော် ဤအရာမှာ ယခုတွင် ထန်ကျိုး မပြောနိုင်သောအရာဖြစ်၏။
"လုယဲ့ မင်းတကယ်ပဲ ချောင်ယွမ်ကို ကြိုက်တာဆိုရင် အနာဂတ်မှာ အနှောင့်အယှက်ဖြစ်လာနိုင်တဲ့ ခလုတ်ကန်သင်းတွေကိုလည်း သိထားရမယ်"
ထန်ကျိုးသည် အသေးစိတ်ကျကျမရှင်းပြတော့ဘဲ ဤအတိုင်းသာ ပြောလိုက်၏။
ချောင်ယွမ်အပေါ် လုယဲ့၏ခံစားချက်များနှင့် ပတ်သက်၍ သူသည် ယုံမှားသံသယမရှိပါချေ။ သို့သော် လုယဲ့သည် လုမိသားစုထဲတွင် အာဏာမရှိပါက မိမိ၏အိပ်မက်ထဲကလိုပင် လုမိသားစု၏ ဖိအားအောက်တွင် ချောင်ယွမ်နှင့် အတင်းအကြပ် ခွဲခွာခံရနိုင်၏။ ထိုသို့ဆိုလျှင် သူသည် နှစ်ပေါင်းများစွာ စိတ်သောကခံစားရလေမည်။
လုယဲ့သည် ထိတ်လန့်အံ့အားသင့်မှုဖြင့် အာမေဍိတ်ပြုလိုက်သည်။
"ဘာခလုတ်ကန်သင်းလဲ! ထန်ကျိုး ပေါက်ကရတွေမပြောနဲ့ ရှောင်ယွမ်နဲ့ငါက သူငယ်ချင်းသက်သက်ပဲ! အဲ့အစား မင်းကသာ ဖူရှန်းကနေ ရှောင်ယွမ်ကို အန္တရာယ်ပေးနိုင်တာ သိလျက်နဲ့ သူ့ကို ထောက်ပံ့နေတာမဟုတ်ဘူးလား၊ မင်းမရှိရင် သူအဲဒီငွေကို ဘယ်ကရမှာလဲ?"
"လုယဲ့ ငါက အမြတ်ထွက်နိုင်တဲ့ ပရောဂျက်မှန်သမျှကို ရင်းနှီးမြှုပ်နှံတယ်၊ တရားမဝင်ကိစ္စ၊ ပြစ်မှုငြိစွန်းနေတဲ့ကိစ္စ မဟုတ်သရွေ့ ငါ ဂရုမစိုက်ဘူး"
သူသည် ဖူရှန်းကို မဖိနှိပ်နိုင်ခြင်းမဟုတ်ပေ။ ထန်ကျိုးသည် သူ့အား ဖိနှိပ်ရသည်ထက် သူနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်ရသည်ကို ပိုနှစ်သက်သောကြောင့်ဖြစ်သည်။ သူသည် ရင်းနှီးမြှုပ်နှံသူ စီးပွားရေးသမားတစ်ဦးမဟုတ်လော။ ကမ္ဘာကြီးကို ကယ်တင်မည့် သူရဲကောင်းမဟုတ်ပါပေ။
အနာဂတ် ပြိုင်ဘက်၏ ကြီးထွားလာနိုင်သော စွမ်းဆောင်ရည်ကို ဖိနှိပ်မည့်အစား ထိုလူ၏ အောင်မြင်မှုကို ဝေမျှပိုင်ဆိုင်သည်က ပိုကောင်းပေသည်။
စကားဆက်မပြောနိုင်တော့သဖြင့် လုယဲ့ ဖုန်းချလိုက်သည်။
ညနေခင်း ၆ နာရီတွင် ထန်ကျိုးသည် ဂျူရှန်းဥယျာဉ်ထဲသို့ အချိန်ကိုက် ရောက်ချလာ၏။ သူသည် ကားထဲမှ မထွက်ခင်တွင် ထန်ကျီဟွားဆီမှ ဖုန်းဝင်လာသည်။
"မင်း ဒီနေ့ တုမိသားစုဆီ မသွားပါလား"
ထန်ကျိုးသည် သူ့အား အဖြေတစ်ခုကို တန်းပေးလိုက်၏။
"တုရိုယူနဲ့ ထန်ထျန်းယန်က စုံတွဲတွေ၊ ကျွန်တော်ဝင်မပါချင်ဘူး"
ထန်ကျီဟွား : "..."
"ကျွန်တော့်မှာ တခြားလုပ်စရာတွေရှိသေးလို့ အရင်ဖုန်းချလိုက်မယ်"
တစ်ချိန်တည်းတွင် အကြီးအကဲတုသည် စားပွဲပေါ်၌ ဓာတ်ပုံအချို့ကို ကြည့်နေပြီး လေးနက်စွာ မျက်မှောင်ကြုတ်နေ၏။
"ဒါတွေကို ဘယ်သူပို့လိုက်တာလဲ?"
အိမ်တော်ထိန်းမှ တလေးတစားပြောလိုက်သည်။
"မသိပါဘူးဗျ အပြင်ဘက်ကနေ ခြံဝင်းထဲကို တစ်ယောက်ယောက်က ပစ်သွားတာပါ"
သူသည် ဓာတ်ပုံများကို တိတ်ဆိတ်စွာ ဝေ့ကြည့်ကာ တွေးလိုက်၏။
(သခင်မလေး သဘောကျတဲ့လူက ထန်မိသားစုက တရားမဝင်ကလေးဖြစ်နေတာကိုး၊ ဒီကိစ္စကို ဘယ်လိုလုပ်ရပါ့?)
ဓာတ်ပုံထဲတွင် ကျောင်းယူနီဖောင်းဝတ်ထားသော ကောင်ငယ်လေးတစ်ဦးနှင့် ကောင်မလေးတစ်ဦးသည် အလွန်ရင်းနှီးပူးကပ်စွာ ပွေ့ဖက်ထားကြ၏။
အကြီးအကဲတုသည် အေးစက်စွာဖြင့် ဟမ့်ခနဲအသံပြုလိုက်သည်။
"ငါ့မြေးကို သွားခေါ်"
မိန်းကလေးရိုယူသာ ဤထန်ထျန်းယန်ဟူသော ကလေးကို အမှန်တကယ်နှစ်သက်လျှင် လုံးဝလက်မခံနိုင်စရာတော့ မဟုတ်ပါပေ။ သူတို့နှစ်ဦးလုံးသည် ထန်မိသားစု၏မျိုးဆက်ဖြစ်ကာ ထန်ကျိုးမှာ ပိုခက်ခဲကြမ်းတမ်းသောလမ်းကို ရွေးချယ်တတ်သောလူမျိုးဖြစ်သဖြင့် အဆုံးတွင် ထန်မိသားစု၏ အမွေအား မည်သူက ဆက်ခံမည်ကို သေချာမပြောနိုင်ဆဲပင်။
[ ဂျူရှန်းဥယျာဉ်၏ သီးသန့်ခန်းထဲ၌ ]
ဖူရှန်းနှင့် ကျန်သုံးဦးသည် စောစောရောက်နေပြီး စားပွဲတွင် ဖုန်းဆော့နေကြ၏။
ရုတ်ခြည်းဆိုသလို သီးသန့်အခန်း၏တံခါးသည် တွန်းဖွင့်ခံလိုက်ရပြီး သူတို့အားလုံး တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြသည်။
လူငယ်လေးသည် တံခါးအပြင်ဘက်တွင် မတ်တတ်ရပ်နေပြီး သူ၏သွယ်လျဖြူဖွေးသော လည်တိုင်နှင့် လိုက်ဖက်လှသော ဝါးစိမ်းရောင် ခေါင်းစွပ်အနွေးထည်ကို ဝတ်ဆင်ထား၏။ ၎င်းအပေါ်တွင် သူ၏ချယ်ရီသဖွယ် နီစွေးသော နှုတ်ခမ်းများနှင့် မြင့်မားဖြောင့်စင်းသော နှာတံကို မြင်ရပြီး သူ၏ကြည်လင်တည်ငြိမ်သော မျက်လုံးများကို မျက်တောင်ရှည်များက ဖုံးလွှမ်းထားသည်။ ခေါင်းအစ ခြေအဆုံး မည်သည့်ရှုထောင့်ကကြည့်ပါစေ ပြစ်ချက်မရှိ ချောမောနေတော့သည်။
ဖူရှန်းမှလွဲ၍ ကျန်သုံးဦးသည် ရာဇဝင်တွင် နတ်ဘုရားထန်အား တစ်ခါမှ မမြင်ဖူးချေ။ ယခု သူ့အား မြင်လိုက်ရသောအခါ သတင်းများ၏ တိကျမှုကို အသိအမှတ်မပြုဘဲ မနေနိုင်ကြတော့ပေ။
(လခွမ်း ဒီလိုရုပ်မျိုးနဲ့ဆို ငါတို့ ဘယ်လို အသက်ရှင်နိုင်တော့မှာလဲ!)
ဖူရှန်း၏အကြည့်သည် လူငယ်လေး၏ လည်တိုင်ပေါ်သို့ အသာအယာ သက်ရောက်သွားပြီး ယမန်နေ့ညက သူတို့တွေ့စဥ် ရရှိခဲ့သော အနီရောင်အရာများ မမြင်ရတော့ကြောင်း သိလိုက်ရသည်။
သူသည် မတ်တတ်ရပ်ပြီး အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်၏။
"စီနီယာထန်"
ထန်ကျိုးသည် သီးသန့်ခန်းထဲသို့ ဝင်ပြီးနောက် တံခါးကိုပိတ်ကာ အသာခေါင်းညိတ်ပြလိုက်သည်။ သူသည် ပေါ့ပါးသောမျက်နှာထားဖြင့် သူတို့ကို နှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ"
လျန်းချန်သည် ပထမဦးဆုံး စတင်တုံ့ပြန်သူဖြစ်ပြီး သူ၏သွယ်လျသောလက်ကို ကမ်းလိုက်၏။
"စီနီယာထန် ကျွန်တော်က လျန်းချန်ပါ တွေ့ရတာဝမ်းသာပါတယ်"
ထန်ကျိုးသည် သူ၏လက်အား အသာအယာဆွဲ၍ နှုတ်ဆက်လိုက်၏။
"ကျွန်တော်လည်း တွေ့ရတာဝမ်းသာပါတယ်"
ကျန်နှစ်ဦးလည်း သတိပြန်လည်လာပြီး အားတက်သရောဖြင့် မိမိတို့ကိုယ်ကို မိတ်ဆက်ကာ သူ့အား အပြိုင်အဆိုင် နှုတ်ဆက်လိုက်သည်။
"သခင်လေးထန် ကျွန်တော်က ဖီရှို့ပါ"
ထန်ကျိုးသည် ပြုံးရိပ်သန်းနေသော မျက်လုံးများဖြင့် နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ"
ဖီရှို့ဟူသောအမည်မှာ ငွေကြေးစည်းစိမ်များ အပြင်သို့ စိမ့်ထွက်မည်ကို တားဆီးပြီး လာဘ်လာဘ ဆောင်ကြဉ်းပေးစေသော ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်ဟု လူသိများသဖြင့် နာမည်ကောင်းတစ်ခု ဖြစ်ပေသည်။
"သခင်လေးထန် ကျွန်တော်က လီဖန်ယုပါ ဒါပေမဲ့ ကျွန်တော်ကို ဝတုတ်လို့ ခေါ်ကြတယ် ဟီးဟီး"
ထန်ကျိုး ခေါင်းညိတ်လိုက်၏။
"မင်္ဂလာပါ ဂျူနီယာလီ"
ဤမျှလောက် တုတ်ခိုင်သော ဂျူနီယာလေးတွင် ဤကဲ့သို့ ဣန္ဒြေဆောင်ပြီး ကျက်သရေရှိသည့် နာမည်မျိုး ပိုင်ဆိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
လူတိုင်း မိမိတို့ခုံပေါ်တွင် အသီးသီး ထိုင်လိုက်သည်။ ဖီရှို့နှင့် ဝတုတ်သည် အတန်ငယ် စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး ဤညစာစားပွဲ၏ ရည်ရွယ်ချက်ကို လုံးဝမေ့လျော့နေလေပြီ။
ဟင်းပွဲများသည် စားပွဲပေါ်သို့ တစ်ခုပြီးတစ်ခု ရောက်ချလာ၏။ ဖီရှို့နှင့် ဝတုတ်မှ အရွှန်းထိုင်ဖောက်နေသဖြင့် သီးသန့်ခန်းထဲတွင် စည်ကားပျော်ရွှင်သော ပတ်ဝန်းကျင်တစ်ခုကို အသက်သွင်းစေ၏။
သို့သော် သူတို့သည် အဓိကအကြောင်းအရာကို ပြောရန် တုံ့ဆိုင်းနေကြသည်။
ဟင်းပွဲတစ်ဝက်မျှ စားသောက်ပြီးနောက် ထန်ကျိုးမှ စတင်ပြောလိုက်သည်။
"ရှယ်ယာအကြောင်း ပြောရအောင်"
ချက်ချင်းဆိုသလို ဖီရှို့နှင့် ဝတုတ် ငြိမ်ကျသွားသည်။
လျန်းချန်သည် ဖူရှန်းကို ဝေ့ကြည့်ပြီး မျက်မှန်ကို ပင့်တင်ကာ စိတ်အားထက်သန်စွာဖြင့် စကားပြောလိုက်သည်။
"စီနီယာထန် ကျွန်တော်တို့က စီနီယာရဲ့ သဘောထားကြီးမှုကို ကျေးဇူးတင်ပေမဲ့ ၄၀% ကတော့ ကျွန်တော်တို့အတွက် များလွန်းပါတယ်"
ထန်ကျိုးသည် ခုံပေါ်တွင် မှီချပြီး လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်၏။
"ငါသိထားသလောက်ဆိုရင် ဂိမ်းပရောဂျက်တစ်ခုကို လည်ပတ်ဖို့ဆိုတာ ငွေပမာဏ တော်တော်များများလိုတယ်၊ ရံပုံငွေ သန်း ၁၀၀ ကျော်လောက် မရှိရင် အဆုံးမှာ အရည်အသွေးမြင့် ထုတ်ကုန်တစ်ခုကို ထုတ်လုပ်ဖို့ ခက်ခဲလိမ့်မယ်၊ ဒီလိုမျိုး ပမာဏများတဲ့ ရင်းနှီးမြှုပ်နှံမှုအပြင် ကြီးကြီးမားမားလည်း စွန့်စားထားရတော့ ၄၀% တန်တယ်မဟုတ်ဘူးလား? ပြီးတော့ မင်းတို့တွေက ပထမနှစ်ကျောင်းသားတွေပဲ အကြီးတန်း ဂိမ်းသုတေသနပညာရှင်တွေလည်း မဟုတ်ဘူး"
ဝတုတ်နှင့် ဖီရှို့သည် ခေါင်းငုံ့သွားကြ၏။ နတ်ဘုရားထန်၏ စကားလုံးများသည် အဘယ်ကြောင့် သူတို့အတွက် အဓိပ္ပာယ်ရှိနေရသနည်း? ဤဂိမ်းဖန်တီးခြင်းနှင့် ပတ်သက်၍ ကောင်းကောင်းလုပ်နိုင်ရန် မိမိတို့အရည်အချင်းအပေါ် ယုံကြည်ချက်ရှိသော်လည်း အခြားသူများအမြင်တွင် သူတို့သည် တက်သစ်စများသာဖြစ်သည်။
ဖူရှန်းသည် အာရုံမလွဲသွားဘဲ တည်ငြိမ်စွာ ဖြေလိုက်၏။
"စီနီယာက ဒီနယ်ပယ်ထဲမှာ စွန့်စားခန်းတွေကို ရွှေတွင်းတွေအဖြစ် ပြောင်းလဲနိုင်တဲ့အစွမ်းအစရှိတယ်လို့ နာမည်ကြီးပါတယ်၊ လူအများကြီးက စီနီယာရဲ့ ရင်းနှီးမြှုပ်နှံမှု လှုပ်ရှားချက်တွေကို နီးနီးကပ်ကပ် စောင့်ကြည့်နေကြတာပါ၊ စီနီယာသာ ဒီပရောဂျက်ကို စိတ်ဝင်စားတယ်လို့ သူတို့သိသွားကြရင် အစက ရင်းနှီးမြှုပ်နှံဖို့ ငြင်းဆန်တဲ့လူတွေတောင် နောက်ပိုင်း စိတ်ပြောင်းသွားနိုင်ပါတယ်"
ထိုသို့ဆိုလျှင် ထန်ကျိုးမှ ရင်းနှီးမြှုပ်နှံသည်ဖြစ်စေ မရင်းနှီးသည်ဖြစ်စေ သူတို့အတွက် ပြသာနာကြီးကြီးမားမားမဟုတ်တော့ပေ။
ထန်ကျိုး၏ ကြီးမားလှသော ငွေကြေးပမာဏကို မမီနိုင်သော်ငြား လူဆယ်ယောက်၊ အယောက်နှစ်ဆယ်မှ စုပေါင်းထောက်ပံ့လျှင် ရသည်မဟုတ်လော။ ရင်းနှီးမြှုပ်နှံသူတစ်ဦးတည်းက ချုပ်ကိုင်ထားခြင်းထက် လူအရေအတွက် ပိုများပြီး အာဏာခွဲဝေယူသော ရှယ်ယာကိုင်စနစ်က ပို၍ ထိန်းချုပ်ရ လွယ်ကူလိမ့်မည်။
ထန်ကျိုး ခေတ္တမျှ ရပ်တန့်သွား၏။ သူ၏အိပ်မက်ထဲတွင် သူ့ဘက်မှ ငွေ ၅ သန်းသာ ရင်းနှီးမြှုပ်နှံသည့်တိုင် ဖူရှန်းသည် အဘယ်ကြောင့် ပရောဂျက်ကြီးအား ထောက်ပံ့နိုင်ဆဲဖြစ်နေသည်ကို သဘောပေါက် နားလည်သွားတော့သည်။
ဖူရှန်းအား စက္ကန့်ပိုင်းမျှ ငေးကြည့်ပြီးနောက် ထန်ကျိုးသည် ရုတ်ခြည်းဆိုသလို မတ်တတ်ရပ်ကာ ပြောလိုက်သည်။
"အိမ်သာခဏသွားဦးမယ်"
ဖူရှန်းသည်လည်း အချက်ပြသည်ကို လက်ခံရရှိပြီး အနောက်မှ ထလိုက်သွား၏။
ကျန်သုံးဦးသားကို သီးသန့်ခန်းထဲတွင် မျက်လုံးအပြူးသားဖြင့် ကျန်ရစ်စေခဲ့လေသည်။
ဖီရှို့သည် ခေါင်းကိုကုတ်လိုက်၏။
"သူတို့က ဘာလို့ အိမ်သာအတူသွားကြတာလဲ?"
ဝတုတ်မှ သုံးသပ်လိုက်သည်။
"အထဲမှာ ရန်သွားဖြစ်ကြမှာတော့ မဟုတ်ပါဘူးနော်?"
လျန်းချန်သည် လျှောကျနေသောမျက်မှန်များကို နေရာပြန်ချကာ ရယ်ရယ်မောမောဖြင့် စနောက်ပြောလိုက်သည်။
"မဟုတ်မှလွဲရော နောက်အပေးအယူတစ်ခုလုပ်ကြမလို့လား?"
ကျန်နှစ်ဦးမှ သူ့အနားတိုးပြီး မေးလိုက်သည်။
"ဘာအဓိပ္ပာယ်လဲ?"
လျန်းချန်သည် ချောင်းကိုဟန့်၍ ကျီစယ်သောလေသံဖြင့် ထပ်ပြောလိုက်၏။
"သူ့ခန္ဓာကိုယ်ကို နောက်တစ်ချီ ရောင်းစားမလို့လားမသိဘူးလေ"
ဖီရှို့နှင့် ဝတုတ် : "..."